သို့
Eleven
Media
ရန်ကုန်တိုင်းအစိုးရ
ဘာလဲ၊ ဘယ်လဲ ဆိုတဲ့ ခေါင်းစဉ်နဲ့ opinion ကိုရေးထားတာတွေ့ပါတယ်။ ဒါနဲ့ ပတ်သတ်ပြီး ကိုယ်အသေအချာ
ဖတ်ကြည့်ပါတယ်။ ပြီးတော့ ပြောစရာလေး နည်းနည်း ရှိလာလို့ပါ။
ပထမဆုံးအနေနဲ့
ပြောချင်တာက အစိုးရသစ်လက်ထက်မှာ ထူးထူးခြားခြား မြင့်တက်လာတဲ့ စားသောက်ကုန်ဈေးနှုန်းကိစ္စဆိုတာပါ။
ကုန်ဈေးနှုန်းတက်တာ၊ ကျတာဟာ အစိုးရ အပြောင်းအလဲနဲ့ သက်ဆိုင်တယ်လို့ ဘယ်လိုသဘောနဲ့ သတ်မှတ်လဲဆိုတာ
ကိုယ် စဉ်းစားလို့မရဘူး။ စားသောက်ကုန်ဈေးနှုန်းဆိုတာ အစိုးရအသစ်ပြောင်းလို့ လိုက်တက်ရတယ်၊
အစိုးရဟောင်းဆင်းလို့ လိုက်ကျရတယ်ဆိုတာမျိုး ရှိရင် သမိုင်းအဆက်ဆက်လေ့လာထားတဲ့
logic ကျကျ အချက်အလက်တွေနဲ့ တင်ပြပေးစေချင်ပါတယ်။ ဘယ်နိုင်ငံမှုာတော့ဖြင့် ဒီအစိုးရတက်လို့
ကုန်ဈေးနှုန်းတွေတက်လာတယ်၊ ဘယ်အချိန်အတိုင်းအတာကနေ ဘယ်အချိန်အထိ စသည်ဖြင့်ပေါ့။ အဲ့ဒါနဲ့
တဆက်တည်း အခြေခံလူတန်းစားတွေရဲ့ ဝင်ငွေကိစ္စ။ ကိုယ်က စီးပွားရေးသမားလည်း မဟုတ်၊ နိုင်ငံရေးသမားလည်း
မဟုတ်တော့ ဒီအကြောင်းတွေ သိပ်နားမလည်ပေမယ့် သေချာတာ တစ်ခုကတော့ အခြေခံလူတန်းစားတွေရဲ့
ဝင်ငွေတိုးဖို့ ကိစ္စတွေကို အခုအစိုးရအသစ်က လုပ်ဆောင်ဖို့ ရှိတယ်ဆိုတာ လူတိုင်းသိတယ်။
(၃) လအတွင်းမှ ဟတ်ချလောင်းဆိုပြီး ရော့ ဝင်ငွေတွေတိုးစမ်းဆိုပြီး အမိန့်ပေးလို့ရရင်
ခင်ဗျားတို့ ဌာနက သန့်ရှင်းရေးတွေနဲ့ လုံခြုံရေးတွေကို အရင်မြှင့်ပေးပါလို့ အထက်လူကြီးတွေကို
တင်ပြပေးပါ။ အသား၊ ငါးဈေးတွေတက်လာတယ်ဆိုတာကို လက်ခံပါတယ်။ ဒါပေမယ့် အစိုးရအသစ်က ဒါတွေကို
ဒီဈေးနဲ့ ရောင်းဖို့ ထုတ်ပြန်ထားတာမဟုတ်ပါဘူး။ အစိုးရသစ် မတက်ခင်ကလည်း တခါတလေ ဈေးတက်လို့
ကြက်ဥကို ၁၅၀ ပေးပြီး ဝယ်ခဲ့ရတဲ့ အချိန်တွေလည်း ရှိခဲ့ပါတယ်။ ဒါကိုကောမမြင်ဘူးလားလို့
မေးချင်တယ်။ အစိုးရအသစ်က ဒီကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းမှာပါ။ အချိန်တော့ ခဏလောက်ပေးရမှာပေါ့။
တကယ်တော့ တမဟုတ်ချင်း အကုန်လုံး ပြီးပြည့်စုံတော့ ဘယ်လုပ်နိုင်လိမ့်မလဲ။ အစိုးရက လူတွေလေ၊
နတ်မှမဟုတ်တာ။
ရန်ကုန်မြို့
ကားကျပ်တာလား၊ ကားတွေကို ဒလဟော သွင်းခွင့်ပေးခဲ့တာ ဒီအစိုးရလား၊ အစိုးရအဟောင်းလား။
ကားမောင်းဖို့ လမ်းတွေ လုံလုံလောက်လောက်မရှိဘဲ ကြိုက်သလို ကားသွင်းခွင့်တွေပေးထားခဲ့တာတွေကို
အခု စနစ်တကျ ပြန်ဖြစ်အောင် လုပ်နေတာပဲ။ မိုးတွင်းရေကြီးတာလား။ ကိုယ့်ဘာသာကိုယ်လည်း
ပြန်မေးကြည့်ဦး။ လမ်းသွားရင် အမှိုက်ကို ကြုံသလို ပစ်ဖူးလား၊ မြောင်းထဲ ရေသန့်ဗူးခွံ
ပစ်ခဲ့ဖူးလား၊ အမှိုက်တောင်းရှာပြီးမှ အမှိုက်ပစ်ခဲ့တာလားလို့။ နောက်ပြီး ကိုယ့် ပတ်ဝန်းကျင်
သန့်ရှင်းရေးကော တနိုင်တပိုင် လုပ်ဖူးလား။ ကိုယ့်အိမ်ရှေ့ကအမှိုက်တောင် ကိုယ် ကောက်သိမ်းဖို့
မလုပ်ဘဲ မိုးတွင်းရေကြီးတယ်၊ ဘာဖြစ်တယ်၊ ညာဖြစ်တယ်။ ကိုယ်လုပ်နိုင်တဲ့ အရာတစ်ချို့ကိုတော့ဖြင့်
ထမလုပ်ဘဲ၊ အသံကောင်းဟစ်ပြနေတယ်။ ပြီးတော့မှ အစိုးရအသစ်က ဘာမှမလုပ်ဖူးလားဆိုပြီး ဂျာနယ်ထဲ
ထည့်ရေးမနေနဲ့။ ကိုယ်မလုပ်နိုင်တဲ့ အရာတွေကို ကိုယ့်သက်ဆိုင်ရာ မြို့နယ်က ရွေးချယ်တင်မြှောက်ထားတဲ့
လွှတ်တော်အမတ်တွေဆီ စာရေး၊ လမ်းမှူး၊ ရပ်ကွက်လူကြီးတွေကိုပါ သိအောင်ပြော။ ပြီးရင် စုပေါင်းအားနဲ့
ရှင်းစရာရှိတာရှင်း။ ဘယ်လောက်အဆင်ပြေလိုက်မလဲ။ နှစ်ပေါင်း (၆၀) နီးပါး ပြဿနာပေါင်းများစွာ၊
အရှုပ်ထုတ်ပေါင်းများစွာနဲ့ ထားခဲ့တာကို ခံနေရတဲ့ အစိုးရအသစ်ကို သူလည်း ဘာမှကူလုပ်မပေးဘဲ
ဘေးထိုင်ဘုပြောနေတာကိုတော့ သည်းမခံနိုင်ဘူး။ ကိုယ်ကလည်း ဘာမှလုပ်မပေး၊ သူများကိုလည်း
ထမကူဘဲ ဘေးကနေ သူများ အလုပ်လုပ်နေတာကို ထိုင်ပွားနေတဲ့ လူတွေကို အရွံဆုံးပဲ။
ရန်ကုန်တိုင်းဝန်ကြီးချုပ်
ဘာပြောခဲ့လဲ ဆိုတာနဲ့ ပတ်သတ်ပြီး ရေးထားတာတွေလည်း ဖတ်ရပါတယ်။ ဝန်ကြီးချုပ်က သူပြောခဲ့တဲ့အတိုင်း
ဖြေရှင်းဖို့နည်းလမ်းတွေ တိုင်ပင်ဆွေးနွေမှုတွေ ပြုလုပ်နေတယ်။ နောက်ပြီး အမှိုက်ရှင်းလင်းရေးတွေလည်း
လုပ်ဆောင်နေတာ တွေ့ရတယ်။ ပြောပြီး သူ ငုတ်တုတ်ထိုင်နေတာမှ မဟုတ်တာ။ စာထဲမှာ ရေးထားတဲ့
စာသားတွေကို ပြန်ကောက်ပြီး ပြောရရင်… “ကားကျပ်တဲ့ ပြဿနာ၊ မိုးရာသီ ရေကြီးရေလျှံတဲ့ ပြဿနာ၊
အလုပ်လက်မဲ့ ပြဿနာနဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ လာတဲ့အခါ တွေ့ကြုံရတဲ့ အခက်အခဲတွေ” တခုချင်းပြောရရင် ကားကျပ်တဲ့
ပြဿနာကို သူဖြေရှင်းဖို့ အတွက် BRT ကားတွေနဲ့ ပတ်သတ်ပြီး သူလေ့လာတယ်။ လမ်းတွေတိုးချဲ့ဖို့နဲ့
တံတားတွေဆောက်ဖို့အတွက် သူ အခြား လူတွေနဲ့ ပူးပေါင်းပြီး အစီအစဉ်တွေဆွဲနေတယ်။ မိုးတွင်း
ရေကြီးရေလျှံမှုနဲ့ ပတ်သတ်ပြီး မြောင်းထဲက အမှိုက်တွေ ဆည်ယူတာတွေလုပ်ဆောင်နေတာ တွေ့ရတယ်။
နှစ်ပေါင်းများစွာနီးပါး အလုပ်မလုပ်တဲ့ စည်ပင်နဲ့၊ နှစ်ပေါင်းများစွာ ရှင်သန်နေတဲ့
အကျင့်ဆိုးတွေနဲ့ အမှိုက်ကို ဖြစ်သလို ပစ်တဲ့ ပြည်သူတွေကြောင့် ဒီ (၃) လအတွင်း ဒီကိစ္စကို
ဖြေရှင်းနိုင်မယ် ထင်နေရင်တော့ ခင်ဗျား နည်းနည်း လွဲနေပြီ။ အလုပ်လက်မဲ့ ပြဿနာကလား။
ရန်ကုန်တိုင်းဝန်ကြီးချုပ် တစ်ယောက်တည်းနဲ့ မဆိုင်ဘူး သိလား။ အလုပ်လက်မဲ့ ဖြစ်ရခြင်းအကြောင်းတရားတွေက
အများကြီး။ တစ်အချက် ပညာရေးအခြေမခိုင်ခဲ့လို့၊ ပညာကိုတတ်မြောက်အောင် မသင်ပေးလိုက်နိုင်တဲ့
ပညာရေးစနစ်ကြောင့်၊ နှစ်အချက် တက္ကသိုလ်ပြီးသွားတဲ့အခါ ကိုယ်တတ်မြောက်ထားတဲ့ ပညာနဲ့
အလုပ် အံဝင်ခွင်ကျမှုမရှိတာ၊ ဒီလိုဖြစ်နေတာ နှစ်ပေါင်းများစွာ ကြာမြင့်နေပါပြီ။ ဒါကို
ပြုပြင်ပြောင်းလဲဖို့လည်း လုပ်နေတာတွေ တွေ့နေရပါတယ်။ ကလေး၊ လူငယ်တွေအတွက် ပညာရေးအဆင့်မြှင့်ဖို့
ကိစ္စတွေ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းတွေ ပို့ချနေတာတွေလည်း လုပ်နေတာ မြင်နေရတာပဲ။
ဒါပေမယ့် ဒီအချိန် (၃) လ အတွင်းမှာ ဟင်၊ ဟာ ဆိုပြီး အံ့သြသွားရလောက်အောင် အလုပ်လက်မဲ့
လူဦးရေတွေ လျော့ကျသွားအောင် လုပ်နိုင်ဖို့ဆိုတာ ဖြစ်နိုင်ပါ့မလားလို့ အရင်စဉ်းစားပြီးမှ
ဒီလိုဝေဖန်မှုတွေ လုပ်ပါ။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကိစ္စတွေနဲ့ ပတ်သတ်ပြီး ကိုယ့်
ပြည်သူတွေ မထိခိုက်ရလေအောင် ဥပဒေတွေ ပြဌာန်းဖို့ ပြုလုပ်နေတယ်ဆိုတာတွေ ကြားမိပါတယ်။
အခု အစိုးရအသစ်ဟာ လူ့အခွင့်အရေးကို တန်ဖိုးထားတယ်ဆိုတာ လူတိုင်းသိပါတယ်။ ဒါကြောင့်
ကိုယ့်နိုင်ငံသား ပြည်သူတွေ မနစ်နာစေရအောင် စနစ်တကျ လုပ်ဆောင်ဖို့ရှိတယ်ဆိုတာ သိစေချင်တယ်။
လျှပ်စစ်မီးတွေ ပျက်နေတာ ကိုယ်လည်း မကြိုက်ပါဘူး။ ဒါပေမယ့် ကိုယ်ကြားရတဲ့ သတင်းတွေအရ
မီးလိုင်းတွေ အသစ်ပြန်သွယ်နေတယ်၊ နောက်ပြီး မီးကြိုးတွေရဲ့ ကြံ့ခိုင်မှုတွေကို စစ်ဆေးမှုတွေလုပ်နေတယ်လို့
သိရတယ်။ ကိုယ်လည်း လက်လှမ်းမှီသလောက်တော့ သတင်းတွေ ဖတ်ဖြစ်လို့ သိရတာပါ။ တစ်ချို့ကိစ္စတွေဟာ
တိုင်းဒေသကြီး ဝန်ကြီးချုပ် တစ်ယောက်တည်းရဲ့ အပေါ်မှာပဲ မူတည်နေတာ မဟုတ်ပါဘူး။ အစိုးရအဖွဲ့တစ်ခုလုံးရဲ့
အပေါ်မှာ မူတည်နေတယ်ဆိုတာလေး သိရင် သိပ်ကောင်းမှာပဲ။
ဝန်ကြီးချုပ်ရဲ့
ပထမအလွဲ ဆိုတဲ့ ခေါင်းစဉ်နဲ့ စည်ပင်က ဝန်ထမ်းတွေ အဖြုတ်ခံရတဲ့ အကြောင်းတော့ ကိုယ် သိပ်မသိလို့
မရေးတော့ဘူး။ ဒါပေမယ့် ဒုတိယ အလွဲလို့ ခေါင်းစဉ်တပ်ထားတဲ့ အထပ်မြင့်အဆောက်အအုံတွေ ကိစ္စကိုတော့
နည်းနည်းလောက် ပြောချင်ပါတယ်။ အထပ်မြင့်ဆောက်လို့မရတဲ့ နေရာတွေနဲ့ မြေဧရိယာတွေကြောင့်
အထပ်မြင့်ဆောက်ခြင်းကို တားမြစ်တဲ့အနေနဲ့ ပြန်လည် စိစစ်ဖို့ လုပ်ငန်းတွေကို ရပ်ဆိုင်းခိုင်းတာ
မှန်ပါတယ်။ တကယ်တော့ ဒီအဆောက်အအုံတွေဟာ အသေအချာ စိစစ်ပြီးမှ ဆောက်လုပ်ဖို့ ပါမစ်ရထားတာတွေ
မဟုတ်လောက်ဘူး။ နောက်ပြီး ကိုယ့်ဘာသာကိုယ် နိုင်ငံပိုင်မြေမကလို့ ပုဂ္ဂလိကပိုင်မြေပေါ်မှာ
ဆောက်တယ်ဆိုပြီး ကိုယ်ကြိုက်သလောက်အမြင့်ထိ တက်မယ်ဆိုပြီး လုပ်ချင်တိုင်းလုပ်လို့ရမယ်လို့
မထင်မိပါဘူး။ ဒီကိစ္စမှာ တိုင်းဒေသကြီးအစိုးရက အကန့်အသတ်နဲ့ စည်းစနစ်တကျနဲ့ လိုက်ထိန်းကျောင်းပေးရမှာပါ။
တစ်ချို့ကိစ္စတွေက အပေါ်ယံလောက်ပဲ သိရတဲ့အတွက် စကားအကုန်ပြောလို့မရပါဘူး။ အခွန်တွေဆောင်ပြီးမှ
နာမည်ပေါက်ရတယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် အဲ့အခွန်တွေကို ဆောင်ခဲ့တာ အစိုးရဟောင်းကိုဆိုပြီးလည်း
အစိုးရအသစ်က အခွန်ငွေ ထပ်မကောက်ပါဘူး။ ဒါပေမယ့် အသေအချာ ပေးဆောင်ခဲ့တာ၊ စည်းမျဉ်းစည်းကမ်းတွေနဲ့
ကိုက်ညီမှုရှိမရှိကို စစ်ဆေးရမှာတော့ အစိုးရမှာ တာဝန်ရှိပါတယ်။ ဒီအဆောက်အအုံတွေကို ရပ်ဆိုင်းလိုက်ရလို့
အခြေခံလက်လုပ်လက်စားတွေ အလုပ်လက်မဲ့ ဖြစ်သွားတယ်ဆိုတာတော့ စိတ်မကောင်းပါဘူး။ ဒါပေမယ့်
ကြိုပွိုင့်ဝယ်ထားတဲ့ လူတွေအတွက်ကတော့ မတတ်နိုင်ဘူး။ ဒါဟာ အစိုးရအသစ်ရဲ့ လမ်းစဉ်ပဲ။
ဒီလိုတွေ ဂယက်ရိုက်သွားလို့ အခြေအနေမဟန်ရင် ကိုယ်မကြိုက်တဲ့အချက်တွေအကြောင်း၊ အဆင်မပြေမှုတွေအကြောင်း
တင်ပြလို့ရပါတယ်။ အခု အစိုးရအသစ်က အရင်အစိုးရလို ပြည်သူရဲ့ စကားသံကို နားမထောင်ဘဲ ကိုယ်လုပ်ချင်တာလုပ်မယ်ဆိုတဲ့
အစိုးရမဟုတ်ဘူးဆိုတာတော့ သိထားပေးပါ။
ဝန်ကြီးချုပ်ရဲ့
တတိယအလွဲ ဆိုပြီး ကျူးကျော်ကိစ္စတွေ ရေးထားတာ ဖတ်ရပါတယ်။ ကိုယ်မေးချင်တာလေး တစ်ခုရှိတယ်။
ဘာလို့ ကျူးကျော်ရတာလဲ။ ရှင်းရှင်းလေးပါ။ နယ်တွေမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ ရှားလာပြီးတဲ့နောက်၊
ဝင်ငွေတွေ မကောင်း၊ စီးပွားရေးအခြေအနေတွေ ကျပ်တည်းလာလို့ မြို့ပေါ်တက်ပြီး အလုပ်လာလုပ်ကြရင်း
ရတဲ့ နေရာ တဲထိုးနေကြတာ။ အဲ့လိုနေလာတာ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းကပါ။ အစိုးရသစ်
လက်ထက်မှ မဟုတ်ဘူး။ ဒီကျူးကျော်တွေကို ကိုင်တွယ်ဖို့ဆိုတာ ပညာသားပါရတယ်။ အချိန်ယူရတယ်။
စာရင်းတွေကောက်ဖို့ အလုပ်သမားတွေလိုတယ်။ ဒီလူတွေကို နေရာပြန်ပေးဖို့ဆိုတာလည်း မြေနေရာတွေ
အများကြီးလိုမှန်း လူတိုင်းသိတယ်။ ဒီလိုလူတွေများလာလို့ ဒုစရိုက်မှုတွေ များလာတယ်ဆိုတဲ့
စာသားကို လက်ခံပေးလို့ရပေမယ့် အစိုးရသစ်လက်ထက်မှာ ဒုစရိုက်မှုတွေက ရန်ကုန်မှာ များလာတယ်ဆိုတဲ့
အရေးအသားကိုတော့ လက်မခံပေးနိုင်ဘူး။ ဒီကျူးကျော်ကိစ္စကို ရေရှည်လုပ်ဆောင်ဖို့လိုတယ်ဆိုတာ
ပညာတတ်တိုင်းသိတယ်။ ဒါဟာ ခဏလေးနဲ့ ဖြေရှင်းလို့ရမယ်ထင်နေရင်တော့ ခင်ဗျားမှားသွားလိမ့်မယ်။
ဝန်ကြီးချုပ်ရဲ့
ပဉ္စမမြောက် အလွဲ ယာဉ်ကြောပိတ်ဆို့မှုနဲ့ BRT ကိစ္စ အကြောင်း
ရေးထားတယ်။ ဟုတ်ကဲ့ အစကနေ အဆုံးထိ ဖတ်လိုက်ပါတယ်။ အစကတော့ ဆက်မရေးတော့ဘူးလို့ နေလိုက်ပေမယ့်…
အခုတော့ ရေးချင်စိတ်ပေါက်သွားပြီး ရေးပါမယ်။ ဝန်ကြီးချုပ်မှာ လုပ်စရာတွေ အများကြီးပါ။
နောက်ပြီး အရာရာကို တစ်ယောက်တည်း ဆုံးဖြတ်ရင် ဒါဟာ ဒီမိုကရေစီ ထုံးစံနဲ့ သွေဖယ်သွားပါလိမ့်မယ်။
ဒါကြောင့် သူဟာ အခြားသော သူများနှင့်လည်း တိုင်ပင်စရာရှိတာတွေ တိုင်ပင်ရမယ်၊ ဆွေးနွေးရမယ်။
ဒါကို အချိန် ပေးရမယ်။ ယာဉ်ကြောပိတ်ဆို့မှုက ၂၀၁၁ ခုနှစ်နောက်ပိုင်းမှာ ပိုဆိုးလာခဲ့တယ်။
အရင်အစိုးရ ဘာလုပ်ပေးခဲ့လဲ။ ၅ နှစ် အုပ်ချုပ်သွားတယ်။ ဖြစ်လာတာက မညီမညာနဲ့ ဖြစ်သလို
ဆောက်ထားတဲ့ ဂုံးတံတားတွေနဲ့ ငွေတွေပိုက်ပြီး ဆင်းသွားတယ်။ အရင်က ရန်ကုန်တိုင်း ဝန်ကြီးချုပ်
ဘယ်နှစ်ခါများ မြို့ကို ပတ်ကြည့်ဖူးတယ် ကြားလဲ။ ကိုယ်ပဲ စိတ်မဝင်စားလို့ မကြားမိတာလား။
၅ နှစ်အတွင်း ရန်ကုန်တိုင်း ဘာပြောင်းလဲသွားလဲ။ ဘာမှထူးခြားမလာဘူး။ အခု BRT ကို တွင်တွင်ကျယ်ကျယ်
စပြီး အသုံးပြုလာပြီ။ ဒီ BRT စနစ်ကို ထပ်ပြီး မြှင့်တင်ဖို့၊ ဒီထက်ကောင်းအောင် လုပ်ဆောင်ဖို့
အဖွဲ့အစည်းဖွဲ့ပြီး အသေအချာ ရေးဆွဲနေပြီ။ တခဏအတွင်း BRT လမ်းကြီးတွေ ကောင်းကင်က ကျမလာဘူး။
မျက်စိတမှိတ်အတွင်း ခင်ဗျားရေးထားသလို…
“ပထမအချက် အနေနဲ့ BRT ဘတ်စ်ကားတွေ အတွက် သီးသန့်လမ်းကြောင်း
(dedicated lane) ရှိရမှာ ဖြစ်ပြီး လမ်းတစ်လျှောက် အခြားကားတွေ ၀င်ရောက်ခွင့် မရှိရပါဘူး။
ဒုတိယ အချက်က ပြေးဆွဲမယ့် ဘတ်စ်ကားတွေ တည်ဆောက်ပုံနဲ့ သွင်ပြင်လက္ခဏာ တူညီပါတယ်။ တတိယ
အချက်က ICT နည်းပညာသုံးပြီး ကားလာမယ့်အချိန်၊ ရောက်ရှိမယ့် မှတ်တိုင် စတဲ့ ကားမှတ်တိုင်တွေမှာ
LED ဘုတ်တွေနဲ့ ဖော်ပြသလို ကားတိုင်းမှာလည်း ဖော်ပြရမှာ ဖြစ်ပါတယ်။ စတုတ္ထအချက် အနေနဲ့
station တွေ သီးသန့်ဆောက်လုပ်ရမှာ ဖြစ်ပြီး electronic ticketing system လည်း ရှိရမှာဖြစ်ပြီး
ပဉ္စမအချက် အနေနဲ့ကတော့ BRT လိုင်းကို အခြားသယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေနဲ့ ချိတ်ဆက်ရမှာ
ဖြစ်ပါတယ်။ ဒီအတွက် bus terminal တွေပါ ပါရှိရမှာ ဖြစ်ပါတယ်။”
တဖြည်းဖြည်းချင်း
တခုပြီးမှ တခုလုပ်ရမှာပါ။ အခု ရေတွင်းတူး၊ အခု ရေကြည်သောက်ချင်လို့ မရပါဘူး။ ဒါကို
ရန်ကုန်တိုင်းက ပြည်သူတွေအားလုံး သိကြပါတယ်။ မသိတဲ့ လူတွေရှိရင်လည်း စာများများဖတ်ပြီး
လေ့လာပါလို့ တိုက်တွန်းချင်ပါတယ်။ ကိုယ့်အတွေးအမြင်တွေကိုပဲ ဦးစားပေးရေးပြီး သူများပြောတာ
နားမထောင်၊ သူများရေးတာ မဖတ်ရင် ဘယ်မှာအသုံးကျပါတော့မလဲ။ အခုလောလောဆယ်မှာ BRT က ဝန်ထမ်းစရိတ်ပဲ
ရပြီး အရှုံးခံဆွဲနေရတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် အခုမှ အစပဲ ရှိသေးတဲ့ တာထွက်ခရီးမှာ
တခါတည်း ပန်းဝင်ချင်နေရင်တော့ အရင်အစိုးရနဲ့ ဆက်ပြီး နှစ်ပါးသွားပါလို့။ တခါတည်း ပန်းတိုင်တင်မဟုတ်၊
ဆုရမယ့် နေရာကိုတန်းရောက်အောင်ကို လမ်းကြောင်းဆွဲထားပြီးသားမို့ပါ။ (ကာတွန်းတွေတောင်
ဆွဲထားသေး)
ကိုယ်က
စီးပွားရေးသမားမဟုတ်တော့ ရန်ကုန်မြို့ရဲ့ စီးပွားရေး ပြိုလဲရင် မြန်မာတနိုင်ငံလုံး
ပြိုလဲ၊ မလဲတော့ မသိတာ အမှန်ပါ။ ဟုတ်ကဲ့ ခင်ဗျား ရေးခဲ့သမျှထဲမှာ ရန်ကုန်မြို့ကို အုပ်ချုပ်တာ
ရန်ကုန်တိုင်းဒေသကြီး အစိုးရဆိုတာလည်း မှန်ပါတယ်။ ပြည်သူက ရွေးချယ်တင်မြှောက်ခဲ့တယ်
ဆိုတာလည်း ဟုတ်ပါတယ်။ ပြောင်းလဲချိန်တန်ပြီ ဆိုတဲ့ ဆောင်ပုဒ်နဲ့ အညီ ပြည်သူတွေက ပြောင်းလဲချင်လို့
မဲထည့်ခဲ့ကြတယ်ဆိုတာလည်း မှန်ပါတယ်။
ဒါပေမယ့်ဗျာ…
(၃) လ (၄) လလောက်နဲ့ ပြည်သူတွေရဲ့ ဘဝတွေက ပြောင်းလဲမှုတွေ မခံစားရဘူးလို့တော့ မပြောပါနဲ့။
ပြောင်းလဲသွားတဲ့ ကိစ္စတစ်ချို့ကို ပြည်သူတွေ ခံစားခဲ့ရတယ်ဆိုတာ သတင်းတွေမှာ ပါပါတယ်။
ဘာတွေလည်း ဆိုတာကိုတော့ ကိုယ့်ဘာသာကိုယ်သာ ရှာဖွေ ဖတ်ကြည့်ကြည့်ပါတော့…
နေ့စဉ်
သွားလာနေတဲ့ ယာဉ်လမ်းကြော ကျပ်တာတွေကို ယာဉ်ထိန်းရဲတွေ ဖြေရှင်းနေတာ ကိုယ်တွေ့ပါ။ လျှပ်စစ်မီးအတွက်
တစ်ချို့နေရာတွေမှာ သစ်ပင်တွေခုတ်တာ၊ ဓာတ်ကြိုးလဲနေတာတွေကိုလည်း ကိုယ်တွေ့ပါ။ ကုန်ဈေးနှုန်း
တက်တာကိုတော့ ခင်ဗျားနဲ့ ပြိုင်ပြီး ပြောနေဖို့ စိတ်ကိုမကူးတော့တာပါ။ ရေမြောင်းထဲကနေ
ပြည်သူတွေ ပစ်ထားတဲ့ အမှိုက်တွေကို အနှစ်နှစ် အလလ ဒီအတိုင်း ပစ်ထားတာတွေကို အခုလိုက်ပြီး
ရှင်းလင်းရေးတွေ လုပ်နေတာကိုလည်း ကိုယ်တွေ့မြင်နေရပါတယ်။ ဒါတွေလုပ်နေတာကိုတောင် စီမံခန့်ခွဲမှုအလွဲတွေလို့
ပြောနေတာတော့ သိပ်ဘဝင်ကျစရာမကောင်းဘူးရယ်။ ပြီးတော့ စီမံခန့်ခွဲမှုတစ်ခုခုလုပ်တိုင်း
ရန်ကုန်တိုင်းဝန်ကြီးချုပ်ကပဲ ဆုံးဖြတ်ချက်ချတာမဟုတ်ဘူး။ အခြား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထဲက
လူတွေနဲ့လည်း ပြန်ပြီး အခြေအနေတစ်ခုအပေါ်မှာ သုံးသပ်တာတွေ၊ ဆွေးနွေးတာတွေ လုပ်ရတယ်ဆိုတာလေးလည်း
သိစေချင်တယ်ဗျာ။ တကယ်က မြန်မာနိုင်ငံရဲ့ စီးပွားရေး ပြိုလဲတာတို့ ဘာတို့ တခုခု ဖြစ်ရင်
ရန်ကုန်တိုင်း ဝန်ကြီးချုပ် တစ်ယောက်တည်းနဲ့တော့ ဆိုင်တာ မဟုတ်ဘူးဗျ။ အဓိက တာဝန်ရှိတဲ့
သူက ဝန်ကြီးချုပ်လို့ ရေးထားတော့ မသိရင် အရာရာဟာ ဝန်ကြီးချုပ်အပေါ်မှာ မူတည်နေသလိုလို။
တော်ပါဗျာ… တစ်ဦးတစ်ယောက်ကြောင့် နိုင်ငံ့စီးပွားရေး ပျက်ရိုးဆို ဟိုးအရင်ကတည်းက ပျက်တာကြာပေါ့။
တကယ်က အားလုံးမှာ တာဝန်ရှိတယ်။ ပြည်သူမှာလည်း ပြည်သူ့တာဝန်ရှိသလို အစိုးရမှာလည်း အစိုးရတာဝန်ရှိတယ်။
ဒါကို တစ်ယောက်နဲ့ တစ်ယောက် အတူတူ ကြိုးစားလုပ်ဆောင်ရင်း ဖေးမကူညီမှ ရမယ်။ ဘေးကနေ ဘာမှထမလုပ်ဘဲ
သူများလုပ်သမျှ အပြစ်တင်နေရင်တော့ အကျိုးရလာဒ်ကောင်းတွေ ထွက်လာမှာမဟုတ်ဘူး။ ဝေဖန်ပါ…
ဝေဖန်တာကို လက်ခံပါတယ်။ ထောက်ပြစရာရှိရင် ထောက်ပြပါ။ ပြုပြင်ပြောင်းလဲလို့ရတာပေါ့။
အပြစ်တော့မတင်ပါနဲ့။ နှစ် (၆၀) လောက် စနစ်တကျ ဖျက်ဆီးခံထားရတဲ့ နိုင်ငံတစ်ခုကို အစကနေ
ပြန်ပြီး နလံထူနိုင်အောင် အားလုံးအတူတူ ဝိုင်းပြီးလုပ်နေကြတာမို့ပါ။ အပြစ်တင်မစောပါနဲ့ဦး။
အခုမှ (၃) လသား အစိုးရပါ။
နိဂုံးချုပ်အနေနဲ့
အမေရိကန်သမ္မတဟောင်း ဖြစ်တဲ့ John F Kennedy ပြောခဲ့တဲ့ စကားတစ်ခွန်းနဲ့ပဲ ဒီစာကို အဆုံးသတ်လိုက်ပါတော့မယ်။
‘Ask not what your country can do for you, ask what you can do
for your country.”
ကိုယ့်နိုင်ငံက
ကိုယ့်ကို ဘာလုပ်ပေးနိုင်လဲ... အဲ့မေးခွန်းကို မေးနေရမယ့်အချိန် မဟုတ်ဘူး။ ကိုယ်က ကိုယ့်နိုင်ငံအတွက်
ဘာလုပ်ပေးနိုင်လဲ… ဒီမေးခွန်းရဲ့ အဖြေကို ဖြေရမယ့် အချိန်ဖြစ်နေပြီ။
No comments:
Post a Comment