Wednesday, October 9, 2013

အိမ်မက်တစ်ခု၏ နောက်ကွယ် (ဝတ္ထုတို)

 "အိမ်မက်တစ်ခု၏ နောက်ကွယ်"

အခန်း (၁)
“နရီ့ သူငယ်ချင်းမွေးနေ့ သွားလိုက်ဦးမယ်နော်… မေမေ”
“အေး… ဘယ်အချိန်ပြန်လာမှာလဲ။ လာကြိုရမှာလား။ နောက်မကျနဲ့နော်၊ နောက်ကျမယ်ဆိုရင် ဖုန်းဆက်သိလား။”
“ဟုတ်ကဲ့ပါ…မေမေ”
နရီက တစ်ဦးတည်းသော သမီး။ သူမမှာ အခင်ဆုံးသူငယ်ချင်းတွေ ရှိပေမယ့် သုံး၊လေးယောက်သာ ဖြစ်သည်။ မွေးနေ့ပွဲတွေ ဘာတွေ ဖိတ်လျှင်လည်း များသောအားဖြင့် သူမက မသွားတတ်။ အခင်ဆုံး သူငယ်ချင်းတွေရဲ့ ပွဲတွေလောက်သာ သူမက သွားသည်။ ဒီနေ့က သူမ၏ အခင်ဆုံး သူငယ်ချင်း သာယာ၏ မွေးနေ့ဖြစ်သည်။ ညစာစားပွဲဖြစ်နေသောကြောင့် မိဘတွေ စိတ်ပူနေမည်ကိုလည်း သူမက စိုးရိမ်သည်။ သူငယ်ချင်း၏ ခြံဝင်းထဲတွင် လုပ်သောပွဲဖြစ်နေသောကြောင့် သူမကို အိမ်က စိတ်ချလိုက်သည်။ အငှားကားငှားစီးပြီး ထွက်လာခဲ့သော နရီ ဒီနေ့ ထူးထူးခြားခြား လှနေသည်။ တစ်ခါမှဝတ်ဖူးလေ့မရှိသော အစိမ်းရောင် ဂါဝန်တိုတိုကို ဝတ်ဆင်ထားပြီး ဒေါက်မြင့်ဖိနပ် အမဲရောင်လေးနှင့် လှပြီးလန်းဆန်း တက်ကြွနေသည်။ ခဏကြာတော့ သူငယ်ချင်းအိမ်ရှေ့သို့ အငှားကားက ထိုးရပ်လိုက်သည်။ ၂၅၀၀ ကျသည်ဖြစ်သော်လည်း ၅၀၀၀တန်သာပါသောကြောင့် ၂၅၀၀ ပြန်အမ်းဖို့အခက်တွေ့နေသော ကားသမားခင်ဗျာ ဘယ်နားသွားပြီး အကြွေဖြတ်ရမှန်းမသိဖြစ်နေလေသည်။
“ရတယ်၊ ဦးလေး ၃၀၀၀ ယူလိုက်ပါ။ အကြွေမရှိလည်း ကိစ္စမရှိပါဘူး” ဟု ပြောသော်လည်း ကားသမားက
“ဘယ်ကသာ… မယူပါရစေနဲ့။ တန်ရာတန်ကြေးပေးပြီး စီးလာတာကိုပဲ။ ဦးလေးက ၂၅၀၀ ပဲ ယူမှာပါ။ ဒီမှာခဏစောင့်နေမလား၊ ဦးလေး ၅၀၀တန် နှစ်ရွက်အမြန်သွားလဲလိုက်မယ်”
“ဦးလေး ခဏလေး၊ သမီး သူငယ်ချင်းဆီဖုန်းဆက်မေးလိုက်ဦးမယ်။ သူ့ဆီမှာ ရှိချင်ရှိမှာ” ဟုပြောလျက် ဖုန်းခေါ်ဖို့ ဖုန်းဖွင့်လိုက်ချိန်မှာတော့…
“ဟုတ်ကဲ့။ ဦးလေး ဒီမှာ ၂၅၀၀ ပါ။ လိုက်ပို့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်” ဆိုပြီး ကားသမား၏ လက်ထဲသို့ ၁၀၀၀တန်နှစ်ရွက်နှင့် ၅၀၀ တန်တစ်ရွက်ကို ထည့်ပေးလိုက်သည့် လူတစ်ယောက်။ အရပ်ကသိပ်မရှည်ပေမယ့် ၆ပေနီးပါးရှိလိမ့်မည်။ ခန္ဓာကိုယ်ဖွံ့ဖြိုးကြံ့ခိုင်သည်။ အသားအရည်က ယောက်ျားပီသသည့် အညိုရောင်၊ သူ၏ဆံပင်အရှည်ကို အနောက်မှာလျှောင်ထုံးသဖွယ် ထုံးထားသည်။ အကျီင်္အဖြူလက်ရှည်နှင့်ဂျင်းဘောင်းဘီရှည်တို့ကို ဝတ်ဆင်ထားပြီး လက်ထဲမှာတော့ ကင်မရာတစ်လုံးနှင့် ဆေးလိပ်တစ်လိပ်ပါသည်။ နရီ၏တခဏတာ အကြည့်များသည် သူ့ကို ခြေဆုံးခေါင်းဆုံး အကဲခတ်လိုက်နိုင်သည်။ နောက်မှ သတိဝင်သွားပြီး…
“ဒီက ဘာလို့ ကျွန်မ ကားခကို ပေးလိုက်ရတာလဲ။ ရှင်နဲ့ကျွန်မက သိလို့လား။”
“ဘာဖြစ်လို့လဲ… အကူအညီပေးတာကို မလိုချင်လို့လား။ ဒီအနီးအနားမှာလည်း ဘာဆိုင်မှ ရှိတာမဟုတ်ဘူး။ ဟိုးဘက်အထိထွက်မှ ဘီယာဆိုင်တစ်ဆိုင်ပဲ ရှိတာ။”
“ရှင် ကျွန်မနဲ့ ဝေးဝေးမှာနေပါလား… ကျွန်မဆေးလိပ်နှံ့မခံနိုင်လို့။” အကူအညီပေးသော သူကို နရီက မချိုမချဉ် တုန့်ပြန်လိုက်ပြီးနောက် “ရှင့်ကိုတော့ ၃၀၀၀ ပြန်ပေးမယ်။ ယူထားလိုက်ပါ။” ဟုဆိုကာ လက်ဆန့်ပြီး ၅၀၀၀တန်တစ်ရွက်ကို သူ့ဆီသို့ ထိုးပေးလိုက်သည်။
“ဘာလို့ပိုက်ဆံပြန်ပေးတာလဲ…စေတနာနဲ့ကူညီတာကို လက်မခံချင်တဲ့သဘောလား။”
“မဟုတ်ပါဘူး။ ရှင်နဲ့ကျွန်မနဲ့က သိမှမသိတာ။ ကျွန်မက မသိတဲ့သူဆီက အကူအညီမယူတတ်ဘူး။”
“ဒါနဲ့… ကိုယ်က ဒီခြံကိုလာတာ။ မင်းလည်းဒီကိုလာတာပဲမဟုတ်လား…”
“ကျွန်မလည်း ဒီခြံကိုလာမှန်း ရှင် ဘယ်လိုလုပ်သိနေတာလဲ။ ဒါနဲ့ ရှင်က သာယာနဲ့သိတယ်လား။”
“သြော်…ဒီလိုပါ။ ကိုယ်က သူ့သူငယ်ချင်းလေ နရီရဲ့။”
“ဟင်… ရှင် ကျွန်မနာမည်ကို ဘယ်လိုလုပ် သိနေတာလဲ။ သာယာနဲ့ ရှင်နဲ့ကကော… ဘယ်လိုသိတာလဲ”
“ကိုယ်တို့နှစ်ယောက်က နိုင်ငံခြားမှာ ဆုံဖြစ်ခဲ့ကြတာပါ။ ဒါနဲ့ အဲဒီ့ကိစ္စတွေကို သာယာနဲ့တွေ့မှာ ဆက်ပြောရအောင်လေ။ အခုတော့ ခြံထဲဝင်ရအောင်။ အပြင်မှာအေးတယ်။” ဟုသူက သတိပေးရင်း နရီ့ကို ခြေဆုံးခေါင်းဆုံးကြည့်လိုက်ပြီး ခြံဝင်းထဲသို့ လမ်းလျှောက်ဝင်သွားတော့သည်။
“ဟော်…ဟိုမှာလာကြပါပြီတော်။ ဒီမှာ ငါတို့က စောင့်နေကြတာ။ လာတော့လည်း နှစ်ယောက်စလုံးက အတူတူရောက်လာကြပါလား။”
“အတူလာတာမဟုတ်ပါဘူးဟာ… ခြံဝမှာတွေ့တာပါ။” နရီက ရှက်ကိုးရှက်ကန်းနှင့် ပြန်လည်ချေပလိုက်သည်။ အခုထိ နရီက သူ့နာမည်ကိုလည်း မသိရသေး။ သူ့ကို အကဲခတ်ကြည့်တော့လည်း အေးအေးဆေးဆေးနှင့် တည်တည်ငြိမ်ငြိမ် ရှိမည့်ပုံ။
“ကဲ…ကဲ လူစုံပြီဆိုတော့ ငါကပဲ တစ်ယောက်ပြီးတစ်ယောက် မသိသေးတဲ့ သူတွေကို မိတ်ဆက်ပေးရမှာပေါ့။ တစ်ချို့ကတော့လည်း သိပြီးနေလောက်ပါပြီလေ” ဟုသာယာက စကားစရင်း နရီနှင့်သူ့ကို မေးကော့ပြကာ သူမ၏ညာဘက်ဘေးမှစပြီး တစ်ယောက်ပြီး တစ်ယောက်ကို အားလုံးနှင့် မိတ်ဆက်ပေးလေတော့သည်။
ထို့နောက်တွင်တော့ သူတို့အားလုံး ခင်မင်ရင်းနှီးသွားကြပေမယ့် နရီတစ်ယောက်ကတော့ သူ့နာမည်ကို စိတ်ထဲစွဲအောင် မနည်းမှတ်နေရသည်။ နရီက နာမည်တွေနဲ့ ပတ်သတ်ရင် မှတ်တာအားနည်းမှန်း သူမကိုယ်သူမ သိသောကြောင့် ကြိုးစားနေခြင်းဖြစ်သည်။ နောက်ပြီး သူမက ဘယ်ယောက်ျားလေးကိုမှ ကျေးဇူးတင်စကား မပြောဖူး။ ဒီတစ်ခါမှာတော့ သူမက
“ခုဏက ကိစ္စအတွက် ကျေးဇူးတင်ပါတယ်။”
“ကိုယ့်ကိုပြောတာလား။ မလိုပါဘူး နရီ… ကိုယ်လည်း တစ်ခါတစ်လေ ဒီလိုမျိုးတွေ ကြုံရပါတယ်။ အဲ့ဒါကြောင့် ကူညီဖြစ်တာပါ။”
သူပြောတဲ့ စကားသံတွေထဲမှာ တစ်ခုခုပါနေတယ် ဆိုတာကို နရီသတိထားမိလိုက်သည်။ ခဏနေတော့ သူတို့အားလုံး စားကြသောက်ကြနှင့် အချိန်တွေ ဘယ်လိုကုန်မှန်းမသိ ကုန်သွားကြသည်။ နရီက အမြဲတမ်းလိုလို အားလုံးထက် စောစောပြန်လေ့ရှိသည်။ သို့သော် ဒီညတော့ သူမ သိချင်သည့် အကြောင်းအရာလေးတွေ ရှိနေသောကြောင့် သာယာ့အနားသို့ ကပ်သွားပြီး…
“ဟဲ့… အဲဒီ့ ဘာ… ကိုဘယ်သူစိုး ဆိုတဲ့ သူနဲ့ နင် ဘယ်လိုသိတာလဲ။ နောက်ပြီး နင်က ဘာလို့ ငါ့နာမည်ကို သူ့ကို ပြောပြထားရတာလဲ။ ငါ့ကို ရှင်းစမ်းပါဦးဟာ။ ဒါနဲ့ အဲဒီ့လူက ဘာလုပ်တာလဲ၊ ကင်မရာတစ်လုံးကို လက်ကကို မချဘူး။”
“သြော်… နင်က သိချင်လို့လား… ပြောပြရမှာပေါ့ဟာ။ သူက ဓာတ်ပုံရိုက်တာ ဝါသနာအိုးဟ။ နာမည်ကတော့ မင်းသူစိုး ငါတို့ကတော့ သူ့ကို မင်းသူလို့ ခေါ်တယ်။ ငါတို့ထက် ၄ နှစ်လောက်တော့ ကြီးတယ်။ သူနဲ့ငါက စလုံးမှာတုန်းက ဆုံဖြစ်ခဲ့ကြတာလေ။ သူငယ်ချင်းတစ်ယောက် မိတ်ဆက်ပေးလို့”
“အဲ့ဒါက ဟုတ်ပါပြီ။ ဒါနဲ့ သူ့က ငါ့နာမည်ကို ဘယ်လိုလုပ်သိနေရတာလဲ။”
“ဒါလား… ငါပြောပြထားလို့ပေါ့။ ဟဲဟဲ။ ဒီလိုပါ… ငါ့ ဖေ့စ်ဘွတ်အကောင့်ထဲမှာ နင့်ကိုတွေ့တယ်ဆိုပါတော့။ အဲ့ဒါကနေ သူက နင့်အကြောင်း ငါ့ကိုမေးတာ။ ရှင်းပြီလား။”
“နင်ကလည်း သူမေးတာနဲ့ ပြောလိုက်ရောလား။ နင်တော့ သေတော့မှာပဲ။ အားကိုးလို့ကိုမရဘူး။”
“ကဲ… အဲဒီ့ကိစ္စတွေ ထားလိုက်ပါတော့။ နင်အိမ်ပြန်နောက်ကျနေဦးမယ်။ အိမ်ကလာကြိုမှာလား။ ကိုယ့်ဘာသာကိုယ်ပြန်မှာလား။ အခု (၈)နာရီရှိနေပြီနော်။”
“စောပါသေးတယ်။ ကိုယ့်ဘာသာကိုယ် ကားငှားပြန်လို့ရတယ်။ ဒါဆိုရင်လည်း ငါတို့ နောက်မှ အေးဆေးတွေ့ကြမယ်လေ။ ငါပြန်တော့မယ်နော်။”
“အေးပါ… ဟုတ်ပါပြီ။ ကြွပါရှင်၊ ကြွပါ။” “နရီ ပြန်တော့မလို့လား… ကိုယ်လိုက်ပို့ပေးမယ်လေ။” ဆိုပြီး ဘယ်တုန်းကတည်းက အနားရောက်နေမှန်းမသိတဲ့ မင်းသူက နရီ့ကို ပြောလိုက်သည်။ နရီက ခေါင်းခါပြရင်း “နေပါစေ၊ နရီကားငှားပြီး ပြန်လိုက်ပါ့မယ်။ ရပါတယ်” ဟုတုန့်ပြန်လိုက်တော့…
“သြော်… တော်ကြာနေ ပိုက်ဆံအမ်းစရာမရှိ ဖြစ်နေဦးမှာ စိုးရိမ်လို့ပါ။ ကိုယ်လိုက်ပို့ပေးမယ်။ လာပါ” ဟု အတင်းခေါ်နေတော့သည်။ နရီ့သူငယ်ချင်းများကလည်း လိုက်သွားလိုက်ပါဟု တိုက်တွန်းသော အကြည့်များဖြင့် တွန်းပို့နေကြသည်။
“ဒါဆိုရင် ရှင် ကျွန်မကို ကတိတစ်ခုတော့ ပေးရမယ်။ ကားပေါ်မှာ ဆေးလိပ်မသောက်ရဘူး။ ဘာဖြစ်လို့လဲဆို ကျွန်မ ဆေးလိပ်နှံ့မခံနိုင်လို့။ အဲ့လိုမှမဟုတ်ရင်တော့ ကျွန်မ မလိုက်နိုင်ဘူး။”
မင်းသူက “အိုကေ…ဒီလောက်ကတော့ ရပါတယ် နရီရယ်။ ကိုယ်လုပ်ပေးနိုင်ပါတယ်။” ဟု တက်ကြွစွာပြန်လည် ပြောဆိုရင်း ခြံဝင်းထဲသို့ ပြေးထွက်သွားပြီး ကားကို အဆင်သင့်ပြင်ထားတော့သည်။ ကားပေါ်မှာတော့ နှစ်ယောက်သား စကားတစ်ခွန်းမျှ မပြောဘဲ တိတ်ဆိတ်နေခဲ့ကြသည်။ တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်က နရီ၏ ဖုန်းသံ… My Home Paradise သီချင်းမြည်သံနဲ့အတူ Home ဆိုပြီး ပေါ်လာသည်။ “မေမေ…သမီး အိမ်ပြန်လာနေပြီ။ အခုလမ်းမှာလေ။ ခဏနေရောက်တော့မယ်နော်။” အိမ်ပြန်လာနေပြီကို သိသွားသောကြောင့် ဖုန်းကို ပြန်ချသွားသော အမေ့ကို နရီအားနာနေသည်။ နရီက အမေ၊ အဖေကို အလွန်ချစ်သော မိန်းကလေးဖြစ်သည်။ အမေနဲ့အဖေ၏ စကားဆိုလျှင် မြေဝယ်မကျ နာခံသည်။
“နရီက တစ်ဦးတည်းသော သမီးနော်။ ဟုတ်လား…” “တကယ်တော့ မဟုတ်ပါဘူး။ တစ်ယောက်တည်း မွေးထားတာမဟုတ်ဘူး။ နရီ့အရှေ့မှာ အစ်ကို နှစ်ယောက် ရှိသေးတယ်။ ဒါပေမယ့် ကံမကောင်းဘူး… ငယ်ငယ်လေးနဲ့ ဆုံးသွားကြတယ်။”
“သြော်… ဒီလိုလား။ ကိုယ်မေးမိတာ sorry ပါနော်။ ကိုယ်က နရီ့အကြောင်းသိချင်လို့ပါ။ ဒါနဲ့လေ… ကိုယ့်ကို တစ်မျိုးတော့မထင်ပါနဲ့။ နရီ့ဖုန်းနံပါတ်လေး ပေးလို့ရမလားမသိဘူး။ ကိုယ် နရီနဲ့ အဆက်အသွယ် လုပ်ချင်တဲ့အခါ အဆင်ပြေအောင်လို့ပါ။”
“သူငယ်ချင်းတွေဖြစ်နေပြီပဲ။ ရပါတယ်။ နရီ့ဖုန်းနံပါတ်ကို ရှင့်ဖုန်းထဲ ထည့်ထားပေးခဲ့မယ်။ ရှင့်ဖုန်းပေးပါ။”
“နရီ့ဆီ ကိုယ်ဖုန်းဆက်လို့ရတယ်မလား။ ကိုယ့်ကို ပွင့်ပွင့်လင်းလင်းပဲ ပြောပါ။ နရီအဆင်ပြေမယ်ဆိုမှ ကိုယ်ဖုန်းဆက်မှာပါ။” ကားပေါ်က ဆင်းခါနီးမေးလိုက်သော အမေးကြောင့် နရီ ခြေလှမ်းတွေ ရပ်သွားသည်။ ဘာမှပြန်ပြောမနေတော့ဘဲ ခေါင်းတစ်ချက် ညှိတ်ပြလိုက်ပြီးနောက် ကားတံခါးကို ပိတ်လိုက်တော့သည်။
အခန်း (၂)
နရီ့ဆီကို ဖုန်းတွေဝင်မလာခင် အရင်ဆုံး စာတွေရောက်လာသည်။ သူက ဖုန်းဆက်ရမှာ နည်းနည်း ရှိန်နေသေးသည်ဟု ပြောလေသည်။ နရီ့ကို အပြင်မှာနှစ်ယောက်တည်းတွေ့ချင်သည်ဟု စာတွေလာသည်။ တစ်ရက်တော့ နရီ့ဆီကို စာလာလို့ နရီက စာပြန်ပို့ပေမယ့် (၇)နာရီလောက်ကြာသည်အထိ ဘာပြန်စာမှ ပေါ်မလာခဲ့။ နရီနည်းနည်းစိတ်ခုသွားသည်။ သူလိုလူက နရီ့ကို စာပြန်မပို့တာ ဘာကြောင့်ပါလိမ့်လို့ နရီစဉ်းစားနေတုန်း… ဖုန်းနံပါတ်တစ်ခုနှင့် နရီ့ဖုန်းမြည်လာသည်။ နရီက ဖုန်းကိုင်လိုက်တော့… တခြားသူ မဟုတ် သူဖြစ်နေသည်။ “sorry ပါ နရီရယ်… ကိုယ် ဖုန်းကို အငှားကားတစ်စီးပေါ်မှာ မေ့ကျန်ခဲ့လို့ပါ။ ဒီနေ့က အဖေကကားယူသွားတော့ ကိုယ်က ကားမပါဘူးလေ။ အဲ့ဒါကို မေ့ပြီး ကိုယ်က စိတ်ချလက်ချနဲ့ အငှားကားကို ကိုယ့်ကားပဲထင်ပြီး မေ့ခဲ့တာ။ ကိုယ်နောက်ဆုံး နရီပြန်တဲ့စာလေးကိုတော့ ဖတ်လိုက်ရတယ်။ နရီကိုယ့်ဖုန်းကို ဖုန်းခေါ်ကြည့်သေးလား။”
“ဟင့်အင်း… ဖုန်းမခေါ်ပါဘူး။ စာတောင် နောက်ထပ်တစ်စောင် မပို့ဖြစ်ဘူး။ ဒါပေမယ့် တစ်ခုခုတော့ ဖြစ်နေပြီဆိုတာ နရီသိလိုက်တယ်။ ထူးဆန်းနေလို့လေ။ ဒါနဲ့ ရှင်က အခုဘယ်ဖုန်းနဲ့ ဆက်နေတာလဲ။”
“ဒါကနောက်တစ်လုံးပါ။ အမေ့ဆီက ဖုန်း။ ခုဏကမှ အိမ်ပြန်ရောက်လို့။ ကိုယ် ဒီနေ့အလုပ်တွေ အရမ်းရှုပ်တယ်ကွာ… ပင်ပန်းတယ်။ ဒါနဲ့ ဟိုဖုန်းကို နရီဘာမှပို့မနေနဲ့ဦးနော်။ ကိုယ် ဒီဖုန်းမှာပဲ ရှိမယ်။ အဲဒီ့ဖုန်းကိစ္စလည်း သွားလုပ်ရဦးမယ်။ ကိုယ် အဲဒီ့ဖုန်းနဲ့ မဆက်သွယ်မချင်း အဲဒီ့ဖုန်းကို ဘာမှမလုပ်နဲ့နော်။”
“အမလေး… ရှင်ကလည်း စိတ်ပူနေလိုက်တာ။ ဘာမှမလုပ်ပါဘူး။ စိတ်ချပါ။ ကလေးကျနေတာပဲ မှာနေလိုက်တာ”
“မှာရမယ် နရီရဲ့။ အခုခေတ်က ဘာတွေမှန်းမသိဘူး။ တော်ကြာနေ ကိုယ့်ရဲ့ နရီကို သူတို့ယူသွားမှာ စိုးရိမ်ရတယ်။ ကိုယ်က နရီ့ကို ဘယ်သူ့ကိုမှမပေးနိုင်ဘူး။”
“ထွေထွေထူးထူး ပြောစရာမရှိတော့ဘူးဆိုရင် နရီအိပ်တော့မယ်။ နောက်မှပြောတော့ အခုညနက်နေပြီ။”
ဒီလိုနဲ့ အဲဒီ့နေ့ကစလို့ သူတို့နှစ်ယောက် ဖုန်းအဆက်အသွယ်တွေ ရှိလာခဲ့ကြသည်။ တစ်ခါတစ်လေ အပြင်ထွက် ဈေးဝယ်ဖြစ်ကြသည်။ ကော်ဖီဆိုင်ထိုင်ဖြစ်ကြသည်။ သူငယ်ချင်းတွေနဲ့အတူ အချိန်တွေဖြုန်းကြရင်း… တစ်ယောက်နဲ့တစ်ယောက် စကားတွေ ပြောကြရင်း… တစ်ယောက်နဲ့ တစ်ယောက် ပိုရင်းနှီးသွားကြသည်။ နရီက မင်းသူ ဆေးလိပ်သောက်တာကို မကြိုက်ပေမယ့် တခြားအချက်တွေက ပြောစရာမရှိအောင်ကို ပြည့်စုံနေလို့ မင်းသူ ရင်ဖွင့်လာချိန်မှာတော့… နရီက စဉ်းစားပေးမည်ဆိုသော အဖြေတစ်ခုနှင့် အချိန်ဆွဲထားလိုက်သည်။ တစ်ရက်တွင်တော့…
“နရီ…ကိုယ့်ရဲ့ ဓာတ်ပုံပြပွဲကို နရီ့ကို လာစေချင်တယ်… အဲဒီ့နေ့ကျရင် ကိုယ့်မိဘတွေနဲ့ အမျိုးတွေလည်း လာကြမှာ။ ကိုယ် ချစ်နေတဲ့ မိန်းကလေးက နရီပါဆိုတာကို သူတို့ကို အသိပေးချင်တယ်။ နရီ… ကိုယ့်ပွဲကို လာမယ်မလား…”
“ကိုမင်းသူက ဖိတ်မှတော့ နရီလာရမှာပေါ့။ နောက်ပြီး အနုပညာပြပွဲတွေဆိုတာက လေ့လာရမယ်လေ။ ဒါမှလည်း အနုပညာဖန်တီးတဲ့ သူရဲ့ အကြောင်းကို တစ်ဒေါင့်တစ်နေရာကနေ သိခွင့်ရမှာပေါ့။ မဟုတ်ဘူးလား။ အချိန်နဲ့နေရာသာ နရီ့ကိုပြောလိုက်ပါ။ နရီလာခဲ့ပါ့မယ်။”
“နေရာကတော့ Inya Lake hotel မှာ။ အချိန်ကတော့ နေ့လည် (၂)နာရီ။ သြော် (၂၂)ရက်နေ့နော်။ ကိုယ်က အဲဒီ့နေ့ အလုပ်ရှုပ်နေမှာဆိုတော့ နရီရောက်တာနဲ့ ကိုယ့်ဆီဖုန်းဆက်လိုက်ပါ။ ကိုယ် နရီ့ကို အပေါက်ဝကနေ စောင့်ကြိုနေပါ့မယ်။”
“ဟုတ်ကဲ့ပါ။ နရီ…ဆက်ဆက်လာခဲ့ပါ့မယ်။”
(၂၂) ရက်နေ့ရောက်တော့ နရီက တစ်ယောက်တည်း သွားရမှာ ပျင်းသည်နှင့် သူမ၏ သူငယ်ချင်းများဖြစ်သော သာယာ၊ သင်္ကြန်နှင့် နှင်းမွန်တို့ကို ချောဆွဲသည်။ သို့သော် ဟိုသုံးယောက်က တိုင်ပင်ထားသည့်အတိုင်း တစ်ယောက်မှမလိုက်နိုင်ကြဟု ပြောကြတော့… သူမ တစ်ယောက်တည်းသာ ဓာတ်ပုံပြပွဲသို့ ဦးတည်လိုက်တော့သည်။
“ကိုမင်းသူ…ဘယ်မှာလဲဟင်။ နရီအခု ဟိုတယ်အပေါက်ဝရောက်ပြီ။ ဝင်လာခဲ့လိုက်ရမလား…”
“အင်း… ကိုယ်ထွက်လာပြီ နရီ။ အဲဒီ့မှာခဏစောင့်နော်။”
သူတို့နှစ်ယောက် အတူ အနောက်ဘက်က ဓာတ်ပုံပြခန်းထဲသို့ ဝင်သွားကြသည်။ မင်းသူရဲ့ မိဘတွေနဲ့ ဆွေမျိုးတွေက ရောက်နှင့်နေလေပြီ။ မင်းသူက နရီ့ကို သူ့မိသားစုနှင့် မိတ်ဆက်ပေးသည်။ မင်းသူ၏ အဖေက နရီ့ကို ဖော်ဖော်ရွေရွေနှင့် ပြုံးပြနှုတ်ဆက်သည်။ အမေကတော့ ဝမ်းသာသည့်ပုံ သိပ်မပြပေမယ့် နရီ့ကို အကဲခတ်နေသည်ဆိုတာကို နရီသိသည်။ မင်းသူမှာ အစ်ကိုတစ်ယောက် ရှိသည်။ သူက ပန်းချီဆရာ… နာမည်က ထင်ကျော်စိုး။ နရီနှင့် ဒီနေ့မှ ဆုံဖြစ်ကြသည်။ နရီက စာရေးရတာကို ဝါသနာပါသော စာရေးဆရာမ ဖြစ်ချင်နေသည့်သူ ဆိုပေမယ့် အနုပညာ မှန်သမျှကို သူမက လေးစား၊ မြတ်နိုးသည်။ အနုပညာတစ်ခုခုကို ခံစားလျှင်လည်း ဒီအနုပညာကို မွေးထုတ်ပေးတဲ့ လူရဲ့ သရုပ်မှန်ကို ဦးစားပေးကြည့်တတ်လေ့ ရှိသည်။ သူမက ဘယ်ကိစ္စကိုမဆို နောက်ကွယ်အထိ ကြည့်လေ့ရှိသော သူတစ်ယောက်။ ဒီနေ့တော့ အနုပညာသမား၊ စာပေသမား၊ ဓာတ်ပုံပညာရှင်တွေ၊ လူပေါင်းစုံနှင့် တွေ့လိုက်ရသောကြောင့် နရီတစ်ယောက် အတိုင်းမသိ ဝမ်းသာနေသည်။ အခုတော့ ဓာတ်ပုံတစ်ခုကို နရီက စူးစိုက်ကြည့်နေရင်း…
“ဒီပုံကို ပန်းချီပြန်ဆွဲနိုင်ရင် သိပ်ကောင်းမှာပဲ… ကျွန်မတော့ အရမ်းကို သဘောကျနှစ်သက်မိတယ်။”
“အင်း…ဟုတ်တယ်။ ကျွန်တော်လည်း ညီလေးကို အဲ့ဒါပြောနေတာ။ ကျွန်တော် ပန်းချီပြန်ဆွဲမယ်။ ဒီပုံကို ငါ့ရောင်းစမ်းပါဆိုတာကို သူက မူနေတယ်။ ဘယ်သူ့ကိုမှမရောင်းဘူးတဲ့။ ဒါက သူ့ချစ်သူအတွက် သီးသန့်ရိုက်ထားတဲ့ ဓာတ်ပုံတဲ့။”
“သူ ဘာအဓိပ္ပါယ်နဲ့ ရိုက်ထားလဲဆိုတာ အစ်ကို သိမှာပေါ့။ ညီမကို နည်းနည်းလောက်ပြောပြပါလား…”
“သြော်…ဒါက ထူးထူးခြားခြားတော့ မဟုတ်ပါဘူး။ သူ အစ်ကို့ကို တစ်ခါပြောဖူးတယ်။ ဒီပုံထဲက တိမ်တွေက သူနဲ့ သူ့ချစ်သူကြားက အနှောက်အယှက်တွေတဲ့။ တိမ်တွေအနောက်က နေရောင်ကတော့ သူတဲ့။ ကမ်းခြေမှာ မတ်တပ်ရပ်နေတဲ့ မိန်းကလေးကတော့ သူ့ချစ်သူ။ တိမ်တွေ ဘယ်လောက်ပဲ ဖုံးကွယ်၊ ပိတ်ဆို့နေပါစေ…သူဟာ တစ်နည်းမဟုတ်တစ်နည်းနဲ့ သူ့ချစ်သူကို အလင်းရောင်ရယ်၊ အနွေးဓာတ်ရယ်ကို ရောက်အောင် ပို့ပေးမယ် ဆိုတဲ့ အဓိပ္ပါယ်ပါ။ ဒါနဲ့ ညီမကကော ဘယ်လိုမြင်လို့လဲ…”
“သြော်… ညီမ မြင်တာက မတ်တပ်ရပ်နေတဲ့ မိန်းကလေးက မိုးကောင်းကင်ကို ဂရုမစိုက်မိဘူးလို့ မြင်တယ်။ သူမက ကမ်းခြေကို လာရိုက်ခတ်တဲ့ လှိုင်းတွေကိုပဲ သဘောကျပြီး ကြည့်နေတဲ့ ပုံပေါ်တယ်။ သူမက အလင်းရောင်နဲ့ အနွေးဓာတ်ထက် အေးမြခြင်းကို ဖော်ဆောင်တဲ့ ရေကို ပိုပြီး စိတ်ဝင်စားတယ်နဲ့တူတယ်။ ဒါပေမယ့် ဒါက ညီမအမြင်ပါ။ တစ်ယောက်နဲ့တစ်ယောက် အမြင်ချင်းက တူချင်မှ တူကြမှာလေ… မဟုတ်ဘူးလား ကိုထင်ကျော်စိုးရဲ့။”
“အစ်ကို့ကို ကိုထင်ကျော်လို့ပဲ ခေါ်ပါ။ ခင်ခင်မင်မင် ဖြစ်သွားအောင်လို့ပေါ့။ အိမ်ကလူတွေကတော့ သားကြီး၊ သားငယ်ခေါ်ကြတယ်။ ညီမ နာမည်က နရီ ဟုတ်ပါတယ်နော်။ ဒါနဲ့ စိတ်ဝင်စားလို့ အဲဒီ့ နရီဆိုတဲ့ နာမည်က နှစ်လုံးထဲပဲလား။ စပ်စုတယ်လို့တော့ မထင်ပါနဲ့။ သိချင်လို့ပါ။”
“ဟုတ်ပါတယ် အစ်ကို… ညီမ နာမည်က နှစ်လုံးထဲပါပဲ။ နရီ့မိဘတွေ မှည့်ပေးထားတဲ့ နာမည်ပါ။”
သူတို့နှစ်ယောက်က ဓာတ်ပုံတစ်ခုတည်းကို စိုက်ကြည့်နေကြပြီး ဆွေးနွေးနေကြချိန်မှာ နရီသိလိုက်တာက ကိုထင်ကျော်စိုးနှင့် စကားပြောနေရချိန်တွေမှာ သူမကဟာ သိပ်ကို ရွှင်လန်းနေတယ်ဆိုတာပဲ။ သူမရဲ့ စိတ်ထဲ ပထမဆုံးအကြိမ်အဖြစ်နဲ့ နေရာယူလိုက်တာက ကိုမင်းသူလို့ ထင်ခဲ့ပေမယ့် တကယ်တမ်းကျတော့ သူမ… စိတ်ထဲ ရောက်ရှိသွားတာက ကိုထင်ကျော်။
အခန်း (၃)
ကိုထင်ကျော်က မင်းသူနဲ့ နရီ ချစ်သူတွေမဟုတ်သေးမှန်းကို သူ့ညီဆီက ကြားလိုက်ရပြီးတဲ့နောက်… “ညီလေး… ကိုယ် မင်းကို ပြောစရာတစ်ခုရှိတယ်ကွ။” “ဘာများလဲ ကိုကြီးရာ…”
“သြော်… ဘာမှမဟုတ်တော့ပါဘူး။ မင်းနဲ့ မင်းကောင်မလေးနဲ့ အခြေအနေ ဘယ်လိုရှိလဲ သိချင်လို့ပါ။”
“ဒီလိုပါပဲ…ကိုကြီးရာ။ သူက ညီလေး ဆေးလိပ်သောက်တာကို မကြိုက်လို့ အဖြေမပေးသေးတာလို့ ထင်တာပဲ။ သူ့ကိုတော့ ညီလေး တကယ်ချစ်တာဗျ။ ကိုကြီးလည်း သိပါတယ်။ ညီလေး ဘယ်မိန်းကလေးကိုမှ အဲ့လောက်ထိ စိတ်မဝင်စားဖူးတာ။ သူနဲ့မှ ဘယ်လိုဖြစ်မှန်းမသိဘူး။”
“အေးပါကွာ… မင်းအဆင်ပြေသွားမှာပါ။ မင်းအဆင်ပြေရင်လည်း ငါ့ကို မမေ့နဲ့ဦးနော်… ဟားဟားဟား”
ထင်ကျော်က သူ့ညီအရှေ့မှာသာ ရယ်မောပြီးပြောသွားပေမယ့် တကယ်တမ်းကျတော့ သူလည်း နရီဆိုတဲ့ မိန်းကလေးကို စိတ်ထဲက ကြိုက်နေခဲ့ပြီ။ ဒါကို ဘယ်လိုလုပ်ရမလဲလို့ သူ စဉ်းစားလိုက်တိုင်း သူ့ရဲ့ ရောဂါဟောင်း ခေါင်းကိုက်တာဖြစ်လာသည်။ အခုသူ စဉ်းစားနေသည်။ သူ နရီနှင့် နီးစပ်ဖို့ တစ်ခုခုတော့ လုပ်ရလိမ့်မည်။ သူ့ညီကို သူ စည်းဖောက်သည်ဟု ပထမကတော့ ထင်မိသည်။ နောက်တော့ နရီက မည်သူ၏ အချစ်ကိုမှလက်မခံရသေးသော မိန်းကလေးတစ်ယောက် ဖြစ်နေသည်ကို သိရှိသွားသောကြောင့် သူ အခွင့်အရေး တစ်ခုရရှိလိုက်သည်ဟု ယူဆလျက်…
“ဟဲလို… နရီလား။ အစ်ကိုပါ။” နရီ ဒီအသံကို ရင်းနှီးနေသည်ဟု ခံစားလိုက်ရသည်။ ဟုတ်ပါသည်… နရီသူ့ကို သိသည်။ နရီ့စိတ်ထဲ ဝမ်းသာမှုတွေ တပွေ့တပိုက်နှင့် မျက်နှာတွင် အပြုံးပန်းတွေဝေနေသည်။
 “ဟုတ်ပါတယ်။ ကိုထင်ကျော်မလား။ နရီပြောနေပါတယ်။” ထင်ကျော် ဘာဆက်ပြောရမှန်းမသိတော့… သူ့အသံကို သူမ မှတ်မိနေသည့်အတွက် သူအံ့သြသွားသည်။ ထို့နောက်…
“သြော်… အစ်ကို ညီမနဲ့ ပြောစရာရှိလို့ပါ။ ညီမအားရင် ခဏလောက်တွေ့လို့ရမလား… အစ်ကို ဒီနေ့ နေ့လည်အားတယ်။ ဖြစ်နိုင်မယ်ဆိုရင် ညီမနဲ့အတူ ထမင်းစားချင်လို့ပါ။ စကားလည်းပြောရင်းပေါ့…”
“ရပါတယ် အစ်ကို။ ညီမအားပါတယ်။ ဒါနဲ့ ဘယ်ကိုလာခဲ့ရမှာလဲ။ အစ်ကိုနေရာရွေးမှာလား။ ညီမရွေးရမှာလား။”
“အစ်ကိုက အခု ရွှေဂုံတိုင်မှာ။ ခဏနေရင်တော့ ပန်းချီပြပွဲပြီးပြီ။ တော်ဝင်နှင်းဆီမှာ တွေ့ကြမယ်လေ။ ညီမ အဆင်ပြေမလား”
“အင်း…ပြေပါတယ်။ ညီမခဏနေရင် ထွက်လာခဲ့ပါ့မယ်။ ဒါဆိုရင် အဲဒီ့မှာပဲ ဆုံကြမယ်လေ” နရီဖုန်းကလေးကို ချလိုက်သည်။ ဖုန်းထဲမှာ ခုဏကဝင်လာသော ဖုန်းနံပါတ်ကို နာမည်တစ်ခုနှင့် မှတ်ထားလိုက်သည်။ နရီ မသိမသာလေး ပြုံးနေမိသည်။ ခဏနေလျှင် သူမ သဘောကျသော လူတစ်ယောက်နှင့် တွေ့ဆုံရတော့မည်ကို စိတ်ကူးယဉ်လျက် အပျော်ကြီးပျော်နေရှာသည်။
“အစ်ကို…မရောက်သေးဘူးလား။ ဘယ်တော့လာမှာလဲ။ ဒီမှာ ညီမတစ်ယောက်တည်း ပျင်းလှပြီ။”
“ကို…အခုလာနေပါပြီ။ ညီမ ခဏလေးပဲ စောင့်ပါနော်။ စိတ်မဆိုးပါနဲ့။” နရီ့စိတ်ထဲ ထူးဆန်းသွားသည်။ အရင်က အစ်ကို၊ အစ်ကို လို့ ပြောသော သူက အခု ကို ဟုသုံးလိုက်သောကြောင့်ဖြစ်သည်။ ခဏနေတော့ ထင်ကျော်ရောက်လာသည်။ သူတို့နှစ်ယောက်ကို စားပွဲထိုးများက အခန်းတစ်ခုထဲသို့ ပို့ထားသောကြောင့် နှစ်ယောက်တည်း သီးသန့်အေးအေးဆေးဆေး စကားပြောကြသည်။ စာအကြောင်း၊ ပေအကြောင်း၊ ပန်းချီအကြောင်း… စသည်စသည်တို့ ပြောကြပြီးနောက်တော့… ထင်ကျော်က နရီ့လက်ကလေးကို ဆုပ်ကိုင်လျက်… “ကို… ညီမကို လေးလေးနက်နက် ပြောစရာ တစ်ခုရှိတယ်”
“နရီ့လက်ကို ဘာလို့ကိုင်ထားတာလဲ…” ထင်ကျော် အဖြေမပေး။ လက်ကလေးကို ဆက်လက် ဆုပ်ကိုင်ထားသေးသည်။ နောက်တော့ သူက… “ကို…ညီမကို ချစ်တယ်။”
နရီ အံ့သြသွားသည်။ ဒီနေ့ပြောလောက်မှာမဟုတ်ဘူးဟု ထင်ထားသော သူမ၏အတွေးသည် လုံးဝကို မှားယွင်းနေလေသည်။ ထင်ကျော်က ဖွင့်ပြောလိုက်သည့်အတွက်… သူမ မျက်နှာဝင်းလက်သွားသည်။ တကယ်တော့ သူမလည်း ထင်ကျော်ကို စိတ်ဝင်စားနေသည်မှာ စတွေ့သည့်နေ့ကပင်ဖြစ်သည်။ ဒီနေ့တော့ သူတို့နှစ်ယောက်… နှစ်ဦးသဘောတူ အချစ်ခရီးလမ်းကို စတင်လိုက်ကြသည်။ ဘယ်သူ့မှမသိအောင် ခြေလှမ်းစလှမ်းလိုက်ကြသည့် သူတို့နှစ်ယောက်အတွက် ရှေ့မှာ…
အခန်း (၄)
မိုးသားတွေ ကင်းစင်သွားပြီဖြစ်တဲ့ သီတင်းကျွတ်လက နရီတို့နှစ်ယောက်ကို ဆီးကြိုနေသည်။ သီတင်းကျွတ်လပြည့်နေ့ ရွှေတိဂုံဘုရားမှာ အနုပညာအသိုင်းအဝိုင်းက လူတွေ အအေးတိုက်၊ မုန့်ကျွေးနှင့် အလုပ်ရှုပ်နေကြသည်။ ဘုရားပေါ်သို့ လက်တွဲပြီး တက်လာသည့် ချစ်သူ နှစ်ဦး… သိပ်ကို ကြင်နာ၊ ချစ်ခင်နေကြသည်။ ဘုရားပေါ်ရောက်တော့ လူတွေအပြည့်နှင့်မို့ နှစ်ယောက်သား လူမကွဲသွားအောင် တစ်ယောက်လက်ကို တစ်ယောက်က သေချာစွာဆုပ်ကိုက်လျက်… အလှူမဏ္ဍပ်သို့ တရွေ့ရွေ့ ချဉ်းကပ်လာနေကြသည်။
“ကို…ဒီည အငြိမ့်ပွဲရှိတယ်နော်။ ကို မေ့နေမှာစိုးလို့။ နရီသတိပေးတာ။ နရီ့ကိုဝင်ခေါ်ဖို့လည်း မမေ့နဲ့ဦးနော်”
“အင်းပါ… နရီရယ်။ ကို က ဘယ်လိုလုပ် ကို့အချစ်ဆုံးကို မေ့မလဲ။ စိတ်သာချ။ နရီ့အိမ်ကို မရောက်ခင် ကို ဖုန်းဆက်လိုက်မယ်။ နရီသာအဆင်သင့်ပြင်ပြီးစောင့်နေ။ ဟုတ်ပြီလား”
“ဟာ… မင်းတို့နှစ်ယောက်က အခုမှပဲ လာကြတော့တယ်ကွာ။ မြန်မြန်လာ ဝိုင်းကူဦးကွ။ ဒီမှာ မနိုင်တော့ဘူး။ ဟေ့ကောင်… မင်းသူ မင်းကလည်းကွာ မင်းရည်းစားကို လက်ကကို မဖြုတ်တော့ဘူး။ ဘယ်သူ့မှလုမသွားပါဘူးကွ။ ဘုရားပေါ်မှာ မင်းရည်းစားလည်း လုမယ့်လူ မရှိပါဘူး။” လို့ ကောင်းပြည့်က လှမ်းပြောတော့မှ “လုတော့မလုပါဘူး။ ဒါပေမယ့်လည်းကွာ… ချစ်တာကိုး။”
“တော်ပါတော့ ကိုရယ်။ တော်ကြာနေ သူများတွေပြောနေလိမ့်မယ်။ သွားကူလုပ်ပေးလိုက်ဦး။ နရီလည်း ဒီမှာမုန့်တွေ ထည့်ပေးလိုက်ဦးမယ်နော်။”
“အင်း…ဟုတ်ပါပြီဗျ။ ဆရာမ စကားပဲ နားထောင်ပါတော့မယ်။” ဟုပြုံးပျော်စွာပြောလျက် အအေးလှူသည့် နေရာသို့ ထွက်သွားတော့သည်။ ခဏအကြာမှာတော့ သာယာ၊ သင်္ကြန်နှင့် နှင်းမွန်တို့ပါ ရောက်လာကြသည်။ ဒီသူငယ်ချင်းလေးယောက်က ဘယ်သွားသွား၊ ဘယ်လာလာ တစ်ပူးပူး တစ်တွဲတွဲ။ အခုလည်း ဘုရားမှာအလှူလုပ်ကြတာ အားလုံးအတူတူ။ ညနေရောက်ရင်တော့ သူတို့သူငယ်ချင်းတစ်စု အငြိမ့်ပွဲကို ခရီးဆက်ကြဦးမည်။
“ဘုရားဖူးလာတဲ့ လူတွေကို ဒီလို အအေးတိုက်၊ မုန့်ကျွေးရတာ သိပ်ကို မွန်မြတ်တဲ့ အလုပ်ပဲနော်၊ ငါ ငယ်ငယ်ကတည်းက အိမ်မက်မက်ခဲ့တာ…အခုမှပဲ အောင်မြင်တော့တယ်။” သင်္ကြန်၏ရင်ဖွင့်သံကို နှင်းမွန်က “အင်း… ဟုတ်တယ်။ ငယ်ငယ်ကဆို သူများတွေတိုက်တဲ့ အအေးကို ကလေးပီပီ အပြေးလုသောက်ခဲ့တာ။ အခုတော့လည်း ငါတို့က ပြန်လှူတဲ့လူတွေ ဖြစ်နေပါကောလား။”
“အဲ့ဒါပြောတာပေါ့။ သံသရာတစ်လျှောက် တွေ့ခဲ့ရ၊ ဆုံခဲ့ရတဲ့ သူတွေကို အမောပြေဖို့ အအေးတိုက်တာ ဘယ်လောက်တောင် ပျော်ဖို့ကောင်းသလဲ။ ကြည့်စမ်း။ ငါတော့ဖြင့် အမောပြေအအေးတိုက်တဲ့ ဒါကာမကြီး တစ်သက်လုံးဖြစ်အောင် လုပ်တော့မယ်။” ဟု သာယာက ဝင်ပြောလေသည်။ “ငါကတော့ အလှူအတန်း မှန်သမျှ တစ်ခုမှကို မရှောင်ဘဲ အကုန်လုပ်မှာပဲ” ဟု နရီက ကြုံးဝါးလိုက်ရာတွင်တော့…
“လုပ်နိုင်ပါစေတော်လို့ ငါတို့ကလည်း ဆုတောင်းပေးပါတယ်” ဟု သံပြိုင်ထွက်လာကြသည်။ “ဒါနဲ့… ညနေနော် မေ့မနေကြနဲ့ဦး။ အငြိမ့်ပွဲက (၆)နာရီစမှာ။ စောစောမလာရင်တော့ နေရာရမှာမဟုတ်ဘူး။ မေ့နေမှာစိုးလို့ သတိပေးတာ” ဟုနရီက ညနေအစီအစဉ်ကို သတိပေးလိုက်ရသေးသည်။ “မမေ့ပါဘူးဟာ… နင်လည်း နင့်ချစ်ချစ်နဲ့ အတူလာမှာမလား” ဟု သာယာက စပ်စုလိုက်ရာတွင်
“လာမှာပေါ့ဗျ။ နှစ်ယောက်မလာလို့ တစ်ယောက်တည်း လာရမှာလား။ စိတ်ချ ညနေ အတူတူကိုလာမှာ။” ဆိုပြီးစကားဝိုင်းထဲသို့ မင်းသူဝင်လာတော့သည်။ “အမလေး… သူ့မေးတာလဲ မဟုတ်ဘဲနဲ့ ပိုပြန်ပြီ။” ဟုသင်္ကြန်က မျက်စောင်းထိုးလျက် ပြောလိုက်တော့သည်။
“ဒီညနေ မိုးသန့်လည်းလာမှာမလား။ မတွေ့ရတာကြာတော့ လွမ်းတယ်။” နရီက မင်းသူကို မေးလိုက်သော်လည်း နှင်းမွန်က သိနှင့်နေပြီးသားဖြစ်သောကြောင့် အဖြေကို ခေါင်းညှိတ်ပြလိုက်သည်။ ဒီလိုနဲ့ သူတို့လူစု ပစ္စည်းတွေသိမ်းဆည်းတာ ကုန်သလောက်ဖြစ်နေပြီ။ အချိန်နာရီကလည်း ညနေ (၅)နာရီထိုးခါနီးနေပြီ ဖြစ်သောကြောင့် အငြိမ့်ပွဲအမှီ အိမ်ပြန်ပြေးကြတော့သည်။
အခန်း (၅)
အငြိမ့်ပွဲသို့ သူတို့အုပ်စု ရှေ့ဆင့်နောက်ဆင့် ရောက်လာကြသည်။ ထူးဆန်းသည်က ထိုင်ခုံများမှာ ခန်းမကြီး၏ တစ်ဝက်သာခင်းကျင်းထားခြင်းဖြစ်ပြီး ကျန်တစ်ဝက်မှာတော့ ရောင်စုံမြက်ဖျာများဖြင့် အလှဆင်ထားခြင်းဖြစ်သည်။ သေချာသည်က လူငယ်များသည် အရှေ့တွင် ထိုင်ကြည့်ရမည့် ပုံစံ။ ယခုလို ပြင်ဆင်မှုကို လွန်စွာသဘောကျနှစ်သက်ကြသော သူတို့အဖွဲ့မှာ အရှေ့ဆုံးတွင် နေရာယူ လိုက်ကြတော့သည်။ သာယာက ဒေါင့်ဆုံးတွင်၊ ပြီးတော့ သင်္ကြန်၊ မိုးသန့်နှင့် နှင်းမွန်က တစ်တွဲ ပြီးမှ နရီက မင်းသူနှင့်အတူတူ ထိုင်ကြသည်။
“ကို…ဒီည ကို့ မိဘတွေလာကြမှာမလား။ နရီနဲ့ မဆုံတာလည်း ကြာလှပြီဆိုတော့ တွေ့ချင်လို့ပါ။” “အင်း…အခုလောက်ဆိုရင်တောင် သူတို့ရောက်နေလောက်ပြီ။ ကို သိသလောက်တော့ သူတို့ထိုင်ခုံနဲ့ ထိုင်ရလိမ့်မယ်။ VIP တွေလေ…” ဟုရယ်လျက် အငြိမ့်မစမှီပင် သူက အရင်ပြက်လုံးထုတ်လိုက်သည်။
“ဟဲ့…ခဏနေကြဦးနော်။ ငါတို့ မုန့်သွားဝယ်လိုက်ဦးမယ်။” ဟုသာယာနှင့်သင်္ကြန်ကပြောကာ ထသွားကြတော့ မိုးသန့်နှင့် နှင်းမွန်ကပါ “နေကြဦးလေ။ ငါတို့နှစ်ယောက်လည်း လိုက်မှာပေါ့။ နင်တို့စားချင်တာပဲ ဝယ်လာလို့ ဘယ်ရမလဲဟ။” ဟုဆိုကာ တစ်ဖွဲ့လုံးနီးပါး ထသွားကြတော့သည်။
နရီက ထုံးစံအတိုင်း အဲယားကွန်းခန်းထဲ ရောက်လျှင် လက်ဖျားတွေအေးစက်တတ်သော အလေ့ရှိသည့် အလျောက် လက်ဖျားတွေ အေးလာလို့ သူမ၏ အနွေးထည်အိတ်ကပ်ထဲ လက်ထည့်ထိုင်နေသည်။ မင်းသူက ဘယ်ရောက်သွားမှန်းမသိလိုက်။ ခဏဆိုပြီး ထသွားတာ အခုထိပြန်ပေါ်မလာသေး။ ခဏကြာတော့ မင်းသူ ပြန်ရောက်လာသည်။
“ကို… ဒီညတော့ ဓာတ်ပုံလိုက်မရိုက်တော့ဘူး။ ကို့အချစ်လေးအနားမှာပဲ နေတော့မယ်။ နရီ… ကို့ကို လက်ပေးထားလေ။ နရီ့လက်ကလေး အေးလာပြီမဟုတ်လား။ ကို ကိုင်ထားပေးမယ်။ ဒါမှ ကို့အချစ်တွေနဲ့ နရီ့လက်ကလေး ပြန်ပြီးနွေးထွေးသွားမှာ”
“နရီ့လက်ကလေး အေးလာတိုင်း ကို ဒီလိုအမြဲကိုင်ထားပေးမှာလားဟင်”
“ကို.. နရီ့ဘေးမှာ ရှိနေတဲ့အချိန်တိုင်း နရီ့လက်ကလေး အေးမသွားစေရဘူးလို့ ကတိပေးတယ်။ နရီ… ကို နရီ့ကို သိပ်ချစ်တယ်။”
“နရီလည်း ကို့ကို ချစ်တယ်။”
“အဟမ်း…အဟမ်း…အဟမ်း… အငြိမ့်ပွဲလာပြီး အချစ်ကားရိုက်နေကြတယ်ဗျို့” ဘယ်တုန်းက ပြန်ရောက်လာကြမှန်း မသိတဲ့ ဟိုတစ်ဖွဲ့က ဝိုင်းအော်ကြတော့ ပရိသတ်တစ်ချို့တောင် သူတို့အဖွဲ့ကို လှမ်းကြည့်ကြသည်။ ပွဲကမစသေးတော့ ပြသနာမရှိပေမယ့် မင်းသူက နရီ ရှက်သွားသည့် ပုံလေးကို တိတ်တိတ်လေး ခိုးပြီး ဓာတ်ပုံရိုက်ထားလိုက်တော့သည်။ ခဏကြာတော့ အငြိမ့်ပွဲကြီး စကပြီဖြစ်သည်။ မင်းသူက အငြိမ့်ကိုသိပ်စိတ်မဝင်စား။ နရီ့ဘက်သို့လှည့်ထိုင်ကာ သူ၏ချစ်သူကိုသာ တစိမ့်စိမ့် ကြည့်နေတော့သည်။ အငြိမ့်ပွဲကို စိတ်ဝင်တစား ကြည့်နေသော နရီ… လူရွှင်တော်တွေ၏ ပြက်လုံးတွေကြား အားပါးတရ ရယ်မောနေလေသည်။ မင်းသူမှာတော့ ချစ်သူ၏ ညာဘက်မှာထိုင်ကာ ချစ်သူကို သေချာစွာကြည့်နေလေသည်။ သူတို့နှစ်ယောက်၏ အပြုံးတွေ၊ သူတို့နှစ်ယောက်၏ အချစ်တွေကို အဝေးကနေ ချောင်းကြည့်နေသည့် လူတစ်ယောက်… ဟုတ်ပါသည် ထင်ကျော်စိုးသည် သူတို့၏ လှုပ်ရှားမှုတိုင်းကို သေချာစွာစောင့်ကြည့်နေလေသည်။ နရီက အမှတ်မထင် မင်းသူ ဘက်လှည့်ကြည့်လိုက်သည့်အခါတွင်… ထင်ကျော်စိုး၏ အဝေးမှာကြည့်နေသော စူးရှသည့် မျက်ဝန်းကို ဖြတ်ကနဲ လှမ်းမြင်လိုက်သည်။ နရီ့၏ အတွေးများသည်… လွန်ခဲ့သော အတိတ်က အဖြစ်အပျက်များဆီ ဦးတည်သွားသည်။ သူမ၏ဘေးတွင်ထိုင်နေသော ချစ်သူသည်ပင်… သူမနှင့် ဝေးကာဝေးကာ အဝေးသို့ရွေ့သွားနေလေသည်။ ထို့နောက်တွင်တော့ ခမ်းမကြီးတစ်ခုလုံး အမှောင်ကျသွားတော့သည်။
အခန်း (၆)
ရှေ့မှာ ဘာတွေဘယ်လိုရှိနေမည်လဲ ဆိုသည်ကို သူတို့နှစ်ယောက် ကြိုမတွေးထားကြ။ တွေးစရာမလိုဟု သူတို့နှစ်ယောက်က ယုံကြည်ကြသည်။ ထင်ကျော်က နရီ့ကို သိပ်ကို အလိုလိုက်သည်။ ဂရုစိုက်သည်။ နရီကလည်း ထင်ကျော်လိုအပ်လျှင် အမြဲလိုလို အနားမှာရှိနေပေးသည်။ ဒီလိုနှင့် သူတို့နှစ်ယောက် မည်သူမှ မသိဘဲ အချစ်ဇာတ်လမ်းရေးခဲ့ကြသည်က တစ်လကျော်ကျော်ရှိလာခဲ့သည်။ နရီက ထင်ကျော်ကို သိပ်ချစ်သည်။ ထင်ကျော်က ပန်းချီကိစ္စနှင့် ခရီးတွေသွားရလျှင်လည်း နရီက အဆက်အသွယ်မပြတ်ခဲ့။ သူတို့နှစ်ယောက်က လူရှေ့သူရှေ့တော့ တွဲသွားတွဲလားမလုပ်။ နရီကတောင်းဆိုထားသောကြောင့် ထင်ကျော်က သဘောတူခဲ့ခြင်းဖြစ်သည်။ ဘာဖြစ်လို့လဲဆို နရီ့ကို ကြိုက်နေသည့်သူက ထင်ကျော်၏ညီအရင်း မဟုတ်လား။ နရီက သူတစ်ပါး နာကျင်ခံစားရမည်ကို အလိုမရှိ။ ထို့အတွက်ကြောင့်  စဉ်းစားဦးမည်ဟု ပြောခဲ့သော မင်းသူကို နရီကပဲ သူငယ်ချင်းအနေနဲ့တော့ လက်ခံနိုင်သည်။ ယခုလောလောဆယ်တော့ ချစ်သူရည်းစား မထားချင်သေးဘူးဟု ငြင်းဆိုလိုက်သည်။ မင်းသူကို ငြင်းရခြင်းကလည်း မချစ်လို့မဟုတ်၊ မင်းသူထက် ပိုချစ်ရမည့်လူ သူမမှာရှိနေပြီဟု ယုံကြည်သောကြောင့် မင်းသူကို ထပ်ပြီးစောင့်မနေစေချင်သည့်အတွက် ဖြစ်သည်။ တကယ်တော့ နရီစိတ်ထဲ ဒွိဟဖြစ်နေခဲ့သည့်အချိန်တွေမှာ ထင်ကျော်က နရီ့အနားမှာ အများဆုံး ရှိနေပေးနိုင်ခဲ့သည့်အတွက် နရီက သဘောကျမိခြင်းပေလော။ သို့မဟုတ်… ထင်ကျော်၏ အနုပညာကိုပဲ နရီက သဘောကျမိခြင်းပေလော။ သို့မဟုတ်… နရီမကြိုက်သော ဆေးလိပ်သောက်ခြင်းအလုပ်ကို မင်းသူကလုပ်ပြီး ထင်ကျော်က မလုပ်တဲ့အတွက် သဘောကျမိခြင်းပေလော။ သို့လော… သို့လော… သို့လော… များဖြင့် နရီအိပ်ယာဝင်ခဲ့ရသည့် ရက်တွေကများသည်။ နရီ့စိတ်ထဲ အမြဲ စိုးမိုးနေသည့် သူက မည်သူနည်း။ လောလောဆယ် ဒီမေးခွန်း၏အဖြေကတော့ ထင်ရှားပါသည်။ ထင်ကျော်စိုး။
တစ်နေ့မှာတော့ နရီထင်မှတ်မထားသည်များက ဖြစ်လာခဲ့သည်။ ထင်ကျော်စိုးက သူမကို သိပ်ချစ်သည်ဟု သူမ ထင်ခဲ့သည်။ အစကတော့ ဟုတ်ပါသည်။ သို့သော်… ကြာရှည်မခံသော ခံစားမှုကို အချစ်ဟု နာမည်တပ်သည့် လူများက တပ်ကြသည်။ နရီကို့ ထင်ကျော်က ချစ်သည်ဟု ပြောသည်။ နရီက ဒီစကားကို တစ်သက်လုံး မှန်နေမည်ဟု ယုံကြည်သည်။ သူမ၏ ယုံကြည်ချက်က တစ်ချိန်မှာ လုံးဝကို ပြောင်းလဲသွားခဲ့သည်။ ထင်ကျော်စိုးမှာ နရီ့အပြင် နောက်ထပ်တစ်ယောက် ရှိနေသည်ကို နရီသိလိုက်ရသည်။ သိလိုက်ရသည့်နေ့တွင် နရီပြိုလဲမသွားခဲ့။ နရီ မျက်ရည်ကျရုံကလွဲလျှင် ဘာမှမဖြစ်။ သို့သော် အဲဒီ့ကိစ္စထက် ကြီးသော ကိစ္စကရှိနေသည်။ အလုပ်ကိစ္စတွေနဲ့ အလုပ်ရှုပ်နေသည့် ထင်ကျော်က သူ့မွေးနေ့တောင် သူမေ့နေ၏။
“မနက်ဖြန် ညီမ ကို့ကို လာစောင့်နေမယ်နော်။ ကို ဆက်ဆက်လာခဲ့ရမယ်။ (၉) နာရီနော်။ မေ့မနေနဲ့ဦး။ ကို့ကို ဖုန်းဆက် နှိုးရမလား။”
“နေပါစေ ညီမ။ ကို နိုးပါတယ်။” ထင်ကျော်ရဲ့ စကားသံတွေက စိမ်းသက်သက်၊ ခြောက်ကပ်ကပ်… မနက်ဖြန် သူ့မွေးနေ့ဆိုတာကို နရီပြောမှသတိရသည်။ ထို့ကြောင့် နရီက ချိန်းဆိုခြင်းပြုလုပ်သည့်အခါ ထင်ကျော်မငြင်းပါ။
အဲဒီ့နေ့ နံနက်စောစောကတည်းက မိုးတွေသည်းကြီးမဲကြီး ရွာနေသည်။ မိုးထဲလေထဲမှာ နရီက ချိန်းဆိုထားတဲ့နေရာကို စောစောရောက်နေခဲ့သည်။ ခဏနေတော့ ထင်ကျော်ရောက်လာသည်။ မိုးကာအကျီင်္နှင့်မို့ နရီ့မျက်စိထဲ ဝနေသည်ဟု ထင်မိသည်။ မနက်စောစော ဘာဆိုင်မှမဖွင့်သေးလို့ သူတို့နှစ်ယောက် Ice-cream bar မှာ ထိုင်ကြသည်။ ထိုင်တယ်ဆိုရင်ပဲ နရီက စကားစပြောသည်။
“ကို… ညီမကို ပွင့်ပွင့်လင်းလင်းပဲ ပြောပါ။ ညီမ ဘာလုပ်ပေးရမလဲ။ ဘာလုပ်သင့်သလဲ။”
“ကို…အခုတစ်ယောက်တည်း အေးအေးဆေးဆေး နေချင်တယ်။ အစကတော့ အဲ့လိုဖြစ်လာလိမ့်မယ်လို့ မထင်ထားဘူး။ ဒါပေမယ့် ကို… သူမကို ချစ်တယ်။ သူမကို့ဆီ ပြန်လာမယ်ဆိုရင် ကို တားမိမှာမဟုတ်ဘူး။”
“ဒါဆို ညီမ ကို့ကို ဒီနေ့ မွေးနေ့လက်ဆောင် နှစ်ခုပေးမယ်။ တစ်ခုက အင်္ကျိ၊ နောက်တစ်ခုက ကိုပြောတဲ့ တစ်ယောက်တည်းနေချင်တယ်ဆိုတာ။ ဒီနေ့ကစပြီး ကို့ကို တစ်ယောက်တည်း ပေးနေပါ့မယ်။ ဒါပေမယ့်…ညီမမေးတဲ့ မေးခွန်းလေးကိုတော့ ဖြေပေးဦးနော်။ ကို… ညီမကို ချစ်လား။ ချစ်ကော ချစ်ခဲ့ရဲ့လား… မဟုတ်ဘူး။ ချစ်ခဲ့ဖူးရဲ့လား။ ဟားဟား… မေးရင်းနဲ့ ရှုပ်ကုန်ပြီနော်။”
“အင်း…ကို ညီမကို ချစ်ပါတယ်။ ဒါပေမယ့် ဟိုတစ်ယောက်လောက်တော့ မချစ်ဘူး။”
“ညီမမေးတဲ့မေးခွန်းထဲမှာ ဟိုတစ်ယောက်လောက် ချစ်လား၊ မချစ်ဘူးလားဆိုတာ မပါဘူး…ကို။ နောက်ပြီး ချစ်ပါတယ်… ဆိုတဲ့ စကားကိုလည်း သိပ်သဘောမကျဘူး။ ညီမကို့ကို ဘာလို့ ရွေးချယ်ခဲ့လဲ ကို သိလား။ ကိုနဲ့ ကို့ညီနှစ်ယောက်ထဲကမှ ကို့ကိုဘာလို့ရွေးချယ်ခဲ့လဲဆိုတာ ကို သိလား။”
“ကို မသိဘူး။ ကို တစ်ခါမှလည်း မမေးခဲ့ဖူးဘူး။ ဒါပေမယ့် အခုတော့ ကို သိချင်တယ်။ ညီမ ဘာလို့ ကို့ကို ရွေးချယ်ခဲ့တာလဲ”
“ဘာဖြစ်လို့လဲ…ဟုတ်လား။ ကိုတကယ်မသိဘူးပေါ့။ အင်းလေ…ဒါဆိုလည်း ညီမပြောပြပါ့မယ်။ ညီမ ကို့ကို ဘာလို့ရွေးခဲ့လဲဆိုတော့ ညီမအပေါ်မှာ သစ္စာပိုရှိမယ့် ယောက်ျားတစ်ယောက်လို့ ထင်လို့။ ညီမက အချစ်ဆိုတာထက် အချစ်နောက်မှာကပ်ပါလာတဲ့ သစ္စာတရားကို ပိုပြီးတန်ဖိုးထားတယ် ကို။ ချစ်တယ်၊ ချစ်တယ် ဆိုပြီး အော်နေပေမယ့် သစ္စာမရှိဘူးဆိုရင် အလကားပဲ။ ပထမက ညီမ ကိုမင်းသူကို မယုံရဲခဲ့ဘူး။ သူ့အချစ်ကိုတော့ ညီမ လေးစားပါတယ်။ ဒါပေမယ့် သူ့မှာ ညီမယုံကြည်နိုင်လောက်တဲ့ သစ္စာတရား ရှိပါ့မလားဆိုပြီး ညီမ သံသယဝင်ခဲ့တယ်။ အခုတော့ ညီမရဲ့ ထင်မြင်ချက်တွေက ဇောက်ထိုးမှောက်ခုံတွေကို ဖြစ်ကုန်ပြီပဲ။ ရှိပါစေတော့ကို… ညီမ တစ်ယောက်တည်းလည်း နေတတ်နေပါပြီ။”
နရီ မျက်ရည်တွေကျလာသည်။ ထင်ကျော်က မျက်ရည်တွေကို သုတ်ဖို့ တစ်ရှူးကမ်းပေးသည်။ နရီ လက်မခံခဲ့။ ကျနေတဲ့ မျက်ရည်တွေ အရှိန်သေသွားမည်ကို စိုးရိမ်သောကြောင့် နရီ့မျက်နှာပေါ်က မျက်ရည်တွေကို မသုတ်ခဲ့။ ထင်ကျော်က မငိုဖို့ နရီ့ကို တားသည်။ သို့သော် မရ။
“ညီမ ဘာလို့ငိုနေတာလဲ… မငိုနဲ့တော့လေ။” ထင်ကျော်က နှစ်သိမ့်သည်။ နရီက ငိုနေရာကနေ ထင်ကျော့်ကို ပြုံးပြသည်။ နရီ ငိုရခြင်းမှာ ထင်ကျော်ကို့ လက်လွှတ်ဆုံးရှုံးလိုက်ရလို့မဟုတ်… တခြားအကြောင်းကြောင့်ဖြစ်သည်။
“အရမ်းကို ဖြူစင်တဲ့ ချစ်ခြင်းမေတ္တာတွေကို ဘေးဖယ်ထားပြီး အတုအယောင်ကို ရွေးချယ်မိတဲ့အတွက် ကိုယ့်ကိုကိုယ် ဝမ်းနည်းလို့ ငိုနေတာပါ။ ကို သွားစရာရှိတာ သွားပါတော့။ ညီမကို ဒီမှာတစ်ယောက်တည်း ထားခဲ့ပေးပါ။ တစ်ယောက်တည်း အေးအေးဆေးဆေး နေချင်လို့။”
“ဒါဆို…ကို သွားပြီ။ ညီမကို ကို ကျေးဇူးတင်ပါတယ်။” ထင်ကျော်က ကျေးဇူးတင်စကားပြောပြီး ထွက်သွားသည်။ ချစ်သူသက်တန်း တစ်လကျော်ကျော်သာ ရှိသေးသော နရီ့အတွက် ဒီထိုးနှက်ချက်က ကြီးလှသည်။ ထင်ကျော်၏ လုပ်ရပ်တွေကြောင့် ပထမကတော့ အချစ်ကို မုန်းမိသည်။ ထို့ကြောင့် သူမက လက်စားချေသည့် နည်းကို သုံးရန် အတွေးရလာသည်။ သူမကို သိပ်ချစ်သည့် မင်းသူကို ခုတုံးလုပ်ပြီး ထင်ကျော်ကို ပြန်ပြီး လက်စားချေဖို့ သူမက ဆုံးဖြတ်လိုက်သည်။ သူမ၏ ဆုံးဖြတ်ချက်ကို သူမက သဘောကျ နှစ်သက်ပြီး အားပါးတရ အော်ဟစ်ရယ်မောနေလေတော့သည်။
အခန်း (၇)
“နရီ…ကို့ကို စဉ်းစားပေးမယ်လို့ ပြောထားတာ ဘယ်လောက်ကြာသွားပြီလဲဟင်”
“ကို သိသလောက်တော့ ငါးလလောက်ရှိပြီထင်တယ်။ ဘာဖြစ်လို့လဲဟင်…”
“သြော်… နရီက ကိုနဲ့ ပတ်သတ်ပြီး ပြန်စဉ်းစားမိသွားတာရှိလို့ပါ။ နရီက ကို့ကို ပြန်တောင်းဆိုတာပါ။ ကို… ဆေးလိပ်မသောက်ပါနဲ့တော့လား။”
“အင်း… ကို ထင်သားပဲ။ နရီ ကို့ကို ဆေးလိပ်သောက်လို့ ရွေးချယ်ရမှာ ခက်နေတယ်မလား။ ကို သိပါပြီ။ ဒါဆိုရင် ကို အခုဆေးလိပ်ဖြတ်မယ်။ နရီ ကို့ကို လက်ခံမလားဟင်…”
“ကို ကတိပေးရင် နရီ လက်ခံမယ်။ ကို… တကယ်ဆေးလိပ်မသောက်ရဘူနော်။ ကတိ…ပေး”
“ဟုတ်ပါပြီ။ ကို ကတိပေးပါတယ်။ နရီ့ကွယ်ရာမှာရော၊ နရီ့အရှေ့မှာပါ ကို မသောက်တော့ပါဘူး။”
နရီက သူမ၏ရည်မှန်းချက် အောင်မြင်ပြီဆိုတာကို သိရတော့ ပြုံးနေလေသည်။ ဒါကို မင်းသူမှာ ဘာမှမသိလိုက်။ သူတို့နှစ်ယောက် ချစ်သူ ဖြစ်သွားသည်ကို ပျော်လို့ ပြုံးနေသည်ဟု ယူဆသည်။ မင်းသူက နောက်တစ်ပတ်ထဲမှာပဲ သူ၏ မိသားစုနှင့် နရီ့ကို အတိအလင်း မိတ်ဆက်ပေးပြန်သည်။ ဒီတစ်ခါကတော့ အရင်တစ်ခါလို ချစ်နေရသူဟု မဟုတ်တော့။ သူနှင့်လက်ထပ်မည့် မိန်းကလေးအနေနဲ့ မိတ်ဆက်ပေးခြင်း။
“မေမေ၊ဖေဖေ… ဒီမှာ နရီရောက်ပြီ။ သားတို့ဧည့်ခန်းထဲမှာရှိတယ်။ ပြင်ဆင်ပြီးပြီဆိုရင် ထွက်လာခဲ့ပါတော့။ ဒီမှာ သားက မိတ်ဆက်ပေးချင်နေပြီ။”
“အေးပါဟယ်… လာပါပြီ။ နင်တို့တွေကတော့လေ ဖြစ်လိုက်ရင် အသည်းအသန်။ ဖေကြီးရေ သားခေါ်နေတာကြားလား။”
“မေကြီးကလည်း ငါက မင်းထက် အရင်တောင် ဧည့်ခန်းထဲရောက်နေပြီကွ၊ အလှပြင်စရာမှ မလိုတာ။”
“ဟားဟားဟား…ဟားဟားဟား” မင်းသူနှင့် သူ့အဖေမှာ အားရပါးရ ရယ်လိုက်ကြလေသည်။ နရီကတော့ အိမ်ကိုအကဲခတ်ကြည့်နေလေသည်။ ထည်ဝါခန့်ညားလှပသော အိမ်တစ်ခုတော့ မဟုတ်ပေမယ့် သေသေသပ်သပ်နှင့် ချစ်စရာကောင်းသော တစ်ထပ်အိမ်ကလေး။ အိမ်ရှေ့ခြံထဲမှာတော့ ပန်းမျိုးစုံကို နရီတွေ့ခဲ့ပြီးဖြစ်သည်။ နရီစပ်စပ်စုစုနှင့် ကြည့်နေသည်မှာ တခြားအရာများမဟုတ်… ထင်ကျော်စိုး ရှိမရှိ အကဲခတ်နေခြင်းပင်။
“ဖေကြီး… ကိုကြီးကော ဘယ်သွားတာလဲ။ သား အတန်တန်မှာထားတဲ့ကြားက သူက ဘယ်ကို ထွက်သွားရတာလဲဗျာ။”
“ခဏနေ ပြန်လာလိမ့်မယ်။ သူ့ ပန်းချီကားတစ်ခု သွားယူတာ။ ဖုန်းဆက်ခေါ်လို့လေ။”
“ကဲ…ကဲ… မြင်ဖူး၊ တွေ့ဖူးနေတဲ့ သူပဲဟာကို ဘာတွေရှည်ရှည်ဝေးဝေး လုပ်နေတာလဲ။ သားငယ်… မင်း ကောင်မလေးက ချစ်စရာလေးပါ။ အမေတော့ ဘာမှမပြောလိုပါဘူး။ မင်းတို့နှစ်ယောက်သာ အဆင်ပြေရင် ပြီးတာပဲ။ ဟုတ်တယ်မလား ဖေကြီး။”
“အေးပေါ့။ ငါ့သား… မင်းကို တစ်ခုတော့ပြောရလိမ့်မယ်။ မင်းအစ်ကိုက အခုထိ မင်္ဂလာဆောင်ဖို့ စိတ်ကူးမရှိသေးဘူး။ ဒီတော့ မင်းက သူ့ကိုတော့ တောင်းပန်လိုက်ပေါ့ကွာ။ နောက်ကားကျော်တက်တာဆိုတော့။”
“ဟုတ်ကဲ့ပါ…ဖေကြီးကလည်း သားကို ကိုကြီးက နားလည်ပြီးသားပါ…ဟော ပြောရင်းဆိုရင်း ဟိုမှာဝင်လာပါပြီ။ အသက်ရှည်ဦးမယ်။”
နရီက ဧည့်ခန်းအတွင်းသို့ ဝင်လာသော ထင်ကျော်စိုးကို နှုတ်ဆက်ဖို့ထလိုက်တော့ ထင်ကျော်စိုး မျက်နှာပျက်သွားသည်။ အံ့သြမှု၊ စိုးရိမ်ထိတ်လန့်မှုတွေနှင့် မျက်နှာကို နရီကလွဲပြီး တခြားသူများမသိလိုက်။ ပန်းချီကားကို လက်ကကိုင်လျက် အိမ်အနောက်ဘက်သို့ သုတ်သုတ်ဝင်သွားသည်ကို မင်းသူက…
“ကိုကြီး…လက်ထဲက ပန်းချီကားလေးပြပါဦးလား။ နရီလည်းရောက်နေတော့ ကြည့်လို့ရတာပေါ့။ ကိုကြီးဆွဲထားတာကို ဝေဖန်ပေးမယ့် ဆရာမလေးရောက်နေတယ်…” ဟုရယ်လျက်ပြောသောအခါ…
“နောက်မှပဲ ကြည့်ကြကွာ။ ငါအခု လုပ်စရာရှိသေးတယ်။” ဟုပြောကာ ပန်းချီကားကိုဖွက်ယူသွားလေသည်။ နရီက ထင်ကျော်အမူအရာတွေ ပျက်နေသည်ကို သိရတော့ သူမ ကြိတ်ပျော်နေလေသည်။ အောင်မြင်မှုဆီသို့ စတင်လိုက်သော ခြေလှမ်းတွေက အောင်မြင်မှုများနှင့် လွှမ်းခြုံထားသည်။
အခန်း (၈)
သုံးလခန့်ကြာပြီးနောက်…
နရီနှင့် မင်းသူတို့ကို မိဘတွေက အိမ်ထောင်ချပေးဖို့အတွက် စီစဉ်ကြလေတော့သည်။ နရီ၏ ရည်မှန်းချက်များ အောင်မြင်လုနီးနီး ဖြစ်လာခဲ့ပြီ။ ထင်ကျော်စိုး နေရထိုင်ရခက်အောင်ကို လုပ်မည်ဟု အဆုံးထိ ဆုံးဖြတ်ချက်ချထားသော နရီကတော့ မင်းသူပျော်သည်ထက်ကို ပျော်နေလေသည်။ ထင်ကျော်စိုးက အလုပ်ကိစ္စနှင့်ခရီးထွက်နေရသည့်အတွက် မိဘတွေ စီစဉ်သည်များကို သူမသိလိုက်။ သူပြန်ရောက်လာသော အချိန်တွင် အားလုံးစီစဉ်ပြီးသွားပြီဖြစ်သည်။ ထို့ကြောင့် သူက…
“နရီ ဘယ်လိုလုပ်လိုက်တာလဲ… အစ်ကို့ကို တမင်အရွဲ့တိုက်တာလား။”
“မဟုတ်ပါဘူး…ကိုထင်ကျော်။ ကိုထင်ကျော်ထင်သလို မဟုတ်ပါဘူး။ နရီ ကိုမင်းသူကို ချစ်တယ်။”
“အပိုတွေပြောမနေပါနဲ့တော့ နရီ။ အစ်ကို အကုန်သိပါတယ်။ အစ်ကို့ကို လက်စားချေချင်လို့ နရီ အစ်ကို့ညီကို ခုတုံးလုပ်တယ်ဆိုတာတွေ အစ်ကို အကုန်သိတယ်။”
“ရှင် မှားနေပြီထင်တယ်။ ကျွန်မက ခုတုံးလုပ်တာမဟုတ်ပါဘူး။ ရှင့်ညီကိုက ကျွန်မနဲ့လက်ထပ်ချင်နေတာ ရှင်ထင်ချင်သလို ထင်နိုင်ပါတယ်။ ကျွန်မကတော့ ကျွန်မရဲ့ ရည်မှန်းချက် အပျက်မခံနိုင်ဘူး။”
“ဒီလိုဆိုရင်တော့ အစ်ကို ညီလေးကို ပြောပြလိုက်မယ်။ နရီနဲ့ ကိုနဲ့ ကိစ္စတွေကို ပြောလိုက်မယ်။ ဒါဆို ညီလေးက နရီ့ကို လက်ထက်မှာမဟုတ်တော့ဘူး။ နရီကကို့ကို လက်စားချေချင်တာနဲ့ပဲ ကို့ညီကို အသုံးချတာကိုတော့ အစ်ကို အဖြစ်မခံနိုင်ဘူး။”
“ရှင် ထင်ချင်သလိုထင်လို့ရတယ်။ ကျွန်မကတော့ လက်ထပ်ပွဲကို ဘယ်လိုမှ နောက်မဆုတ်နိုင်ဘူး။ ရှင်ပြောတာကို ရှင့်ညီယုံပါစေလို့ပဲ ဆုတောင်းပေးလိုက်တယ်။”
ထင်ကျော်က အိမ်ပြန်ရောက်ရောက်ချင်းပဲ မင်းသူကို အပြင်ထွက်ဖို့ခေါ်တယ်။ စကားခဏပြောရအောင် ဆိုပြီး ညီအစ်ကို နှစ်ယောက် ဘီယာဆိုင်မှာသွားထိုင်ကြတယ်။ ထင်ကျော်က သူ့ညီခံစားရမှာကို စိတ်ပူပြီး နရီနဲ့ သူနဲ့အကြောင်းတွေ အားလုံးကို ပြောပြဖို့ စိတ်ကူးလိုက်တယ်။ ဒါပေမယ့်… ဘယ်ကစပြောရမှန်းမသိ ဖြစ်နေတယ်။
“ကိုကြီး ဒီကို ခေါ်လာပြီးမှာ ဘာပြောမလို့လဲ။ ပြောလေ… ညီလေး နားထောင်နေတယ်။”
“ဘာမှမဟုတ်ပါဘူးကွာ။ နောက်ဆို မင်းက မင်္ဂလာဆောင်ပြီးရင် ငါနဲ့ ဒီလိုမတွေ့ရတော့မှာကို စိတ်ပူလို့ပါ။ ဒါကြောင့်ပါ။ တခြားဘာမှမဟုတ်ပါဘူး။”
“သြော်… ဒါကြောင့်ကို။ ဘာများလဲလို့ ကိုကြီးရာ။ ဟားဟားဟား…. ညီလေးအားရင် လာတွေ့မှာပေါ့။ ကိုယ့်အစ်ကိုကို ပစ်ထားပါ့မလား။”
“အေးပါကွာ… ဟုတ်ပါပြီ။ ငါ မင်းကို ယုံပါတယ်။ ဟားဟား”
ဒီလိုနဲ့ အချိန်တွေက မင်္ဂလာဆောင်ဖို့ ရက်တွေနဲ့ တဖြည်းဖြည်း နီးကပ်လာနေပြီ။ တစ်နေ့မှာတော့… နရီက မင်းသူကို စကားပြောရအောင်ဆိုပြီး ကန်တော်ကြီးကို လာခဲ့ဖို့ ချိန်းဆိုတယ်။ သူတို့နှစ်ယောက် ဆုံဖြစ်တော့ သစ်ပင်ရိပ်အောက်က အအေးဆိုင်မှာ ထိုင်ရင်း စကားပြောကြတယ်။ နရီက… ထင်ကျော်နဲ့ ရည်းစားဖြစ်ဖူးတယ် ဆိုတာကို အစကနေစပြီး ပြောပြခဲ့တယ်။ နောက်ဆုံး ဇာတ်လမ်းဆုံးတဲ့အထိ မင်းသူက မှင်သေသေနဲ့ နားထောင်နေခဲ့တယ်။ နရီပြောလို့ပြီးသွားတော့မှ မင်းသူက…
“ဒါဆို… အခု ကို့ကို နရီလက်ခံလိုက်တာက ကိုကြီးကို လက်စားချေဖို့ပေါ့ ဟုတ်လား… နရီ။ ပြောပါဦး။ ထပ်ပြောပါဦး။” မင်းသူ၏ စိတ်ဆိုးမှုကို နရီတခါမှ မမြင်ဖူးခဲ့… သို့သော် ဒီနေ့မှာတော့ နရီမြင်တွေ့လိုက်ရပြီ။ နရီ့ပခုံးနှစ်ဖက်ကို ကိုင်လှုပ်နေပြီး မေးခွန်းတွေ အဆက်မပြတ် မေးနေသည့် မင်းသူ…
“ကို ကြားတဲ့အတိုင်းပါပဲ။ ဟုတ်တယ်… လက်စားချေဖို့အတွက် နရီ ကို့ကိုလက်ခံလိုက်တာ။ ဒါပေမယ့်… နရီအဆုံးထိ ဆက်မလျှောက်ချင်တော့ဘူး။ အဲဒါကြောင့် ကို့ကို ဖွင့်ပြောမိတာ။ လက်ထပ်ပွဲကိုလည်း ကို့ဘက်က ဖျက်လိုက်ပါ။ နရီ ကို့ကို ဒါနောက်ဆုံးတွေ့ခြင်းပါပဲ။ နရီ သွားတော့မယ်။”
နရီထထွက်သွားသည်ကို မင်းသူက အနောက်ကလိုက်ကာ နရီ့လက်ကို လှမ်းဆွဲသည်။ ထို့နောက်… “နရီ…နေပါဦး။ ကို့ကို တစ်ယောက်တည်း ထားသွားတော့မလို့လား။ ကို… နရီမရှိဘဲ မနေနိုင်ဘူးဆိုတာ နရီသိပါတယ်။”
နရီ့မျက်နှာတစ်ခုလုံး မိုးရွာချထားသလို မျက်ရည်များဖြင့် ရွှဲရွှဲဆိုနေသည်။ နရီ ဘာလို့ငိုနေမှန်း သူမကိုယ်သူမ မသိတော့။
“ဒီလက်ထပ်ပွဲကို နရီမတက်နိုင်ဘူး။ နရီ့ကို သွားခွင့်ပြုပါ ကို…” မင်းသူ၏လက်ကို ဖယ်ရှားပြီး မင်းသူနှင့် ဝေးရာကို ပြေးထွက်သွားသော ချစ်သူ၏ ကျောပြင်ကိုငေးကြည့်ရင်း မင်းသူတစ်ယောက် သစ်ပင်အောက်တွင် ကျန်ရစ်ခဲ့တော့သည်။
အခန်း (၉)
ခြောက်လခန့်ကြာပြီးနောက်…
“နင် ဘာသဘောနဲ့ အောင်မြင်လုနီးနီး ဖြစ်နေတဲ့ ရည်မှန်းချက်ကို လက်လွှတ်လိုက်ရတာလဲဟာ။ ငါသာဆို ပိပိရိရိနဲ့ အပြတ်သရုပ်ဆောင်ပြလိုက်မှာ။ အဲ့ဒါမှ ဟိုထင်ကျော်စိုး လုံးဝကို ယိုင်နဲ့ပြီး ခွေလဲကျသွားမှာ။”ဟု နှင်းမွန်က နရီ့ကို ဝေဖန်လေသည်။
“အေးလေ။ ရောက်ခါနီးမှဟာ။ ခဲလေသမျှ သဲရေကျရတယ်လို့။ ဒါပေမယ့် သူပြောမယ့်ဟာကိုလည်း နားထောင်ကြည့်ကြပါဦး။” ဟုသာယာက အကြံပြုလေသည်။
“ငါလည်း ငါ့ကိုယ်ငါ မသိတော့ပါဘူးဟာ… ဘာဖြစ်လို့ ငါ အဲဒီ့နေ့က မင်းသူကို အဲဒီ့စကားတွေ ပြောဖြစ်ခဲ့လဲဆိုတာ။ ပြန်စဉ်းစားတိုင်း ငါ နောင်တရမိတယ်။”
“ဘာကိုနောင်တရတာလဲ… လက်မထပ်လိုက်ရတာကိုလား။ ဒါမှမဟုတ် လက်စားမချေလိုက်ရတာကိုလား” ဟု သင်္ကြန်က ဝင်မေးသည်။
“ငါ လက်စားချေမယ်ဆိုတဲ့အတွေး ဝင်မိတဲ့ ငါ့ကိုယ်ငါမုန်းပြီး နောင်တရတာ။ တခြားသူတစ်ယောက် ထိခိုက်အောင်လုပ်ဖို့ ရည်ရွယ်ပေမယ့် တကယ်တမ်းကျတော့ ငါ မလုပ်နိုင်ခဲ့ဘူး။ ငါ သူတစ်ပါးကို မထိခိုက် မနာကျင်စေချင်ဘူး။ အထူးသဖြင့် သိပ်ကို ဖြူစင်တဲ့လူတွေ၊ သိပ်ကို သန့်ရှင်းတဲ့ နှလုံးသားပိုင်ရှင်တွေကို။ အဲ့ဒါကြောင့် ငါလက်လျှော့လိုက်တာ။ တကယ်တော့ ငါ မင်းသူ နာကျင်ခံစားရမှာကို မလိုလားဘူးဟာ။ ငါ တကယ် ခံစားစေချင်တာက ထင်ကျော်လေ။ ဒါပေမယ့် ငါ့လုပ်ရပ်မှာ ထိခိုက်မှာက မင်းသူဟ။ ထင်ကျော် မဟုတ်ဘူး။ တော်ပါပြီဟာ… အခုတော့လည်း ဘယ်သူ့ကိုမှ မထိခိုက်စေချင်တော့ပါဘူး။”
“အမလေးဟယ်… အစကတည်းက သေချာစဉ်းစားပြီးမှ လုပ်ပါလား။ အခုတော့ နင်ပဲ နာမည်ပျက်တာ။ မင်္ဂလာဆောင် ဖိတ်စာတွေဝေပြီးသွားမှ… အကုန် ဗရမ်းဗတာဖြစ်ကုန်ပြီလေ။”
“အေးလေ။ တိုင်တိုင်ပင်ပင်နဲ့ လုပ်လေ့ရှိတဲ့ နင်က ဒီတစ်ခါတော့ ငါတို့ကိုတောင် မပြောဘဲ လက်စားချေဖို့ ဇာတ်လမ်းကိုများ တစ်ယောက်တည်း ရေးရတယ်လို့။”
“အခုတော့… ငါးမရ ရေချိုးပြန် ဖြစ်နေပြီ။ ဟားဟားဟား” သူငယ်ချင်းများက ဝိုင်းရယ်ကြလေသည်။ နရီက တကယ်ပဲ ငါးမရလို့ ရေချိုးပြန်လာခဲ့တာလား။ ရတဲ့ငါးကိုပဲ လွှတ်ပေးလိုက်တာလား။ သူမကိုယ်သူမ ဒွိဟဖြစ်နေသည်။
“ကဲ… တော်ကြပါတော့။ တော်ကြပါတော့… ငါ့သူငယ်ချင်းလေး သနားပါတယ်။”ဟု မိုးသန့်က နရီ့ဘက်က ဝင်ပြောသည်။ ထို့နောက် သူမကပဲ “အားလုံး စကားပြောတာလေးတွေ ခဏရပ်ပြီး အိမ်အောက်ထပ်ကို ဆင်းခဲ့ကြပါဦးတဲ့။ မယ်တော်ကြီးက အခေါ်တော်ပါးလိုက်တယ်။”
“ဟင်… ဘာလုပ်ဖို့လဲဟ။ ငါတို့ ဒီမှာ စကားကောင်းနေတာကို။”
“သြော်…သူ့သမီးချောလေး ခံစားနေရတာကို မကြည့်ရက်လို့တဲ့။ ငါတို့ကို ရုပ်ရှင်လိုက်ပြမယ်ဆိုလားပဲ”
“ဟုတ်လား…ဒါဆိုရင်တော့ ပွပြီ။ မုန့်တွေပါ ဝယ်ကျွေးခိုင်းဦးမှာပဲ။” ဟု သံပြိုင်ဟစ်ကာ အောက်ထပ်သို့ ဆင်းလာကြသည်။
အိမ်အောက်ရောက်တော့ ပြုံးပျော်နေသည့် မျက်နှာများ အပိုးမနည်းသတ်ကြရသည်။ နရီက နောက်ဆုံးမှ ဆင်းလာသည် ဖြစ်သောကြောင့် နရီ့ဘက်ကို လှည့်ကြည့်လှည့်ကြည့်နှင့် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေကြသည်။ မိုးသန့်က အစကတည်းက သိနှင့်နေပြီးသာ ဖြစ်နေတော့… ပုံမှန်အတိုင်းပဲ နရီက အံ့သြစွာ ကြည့်နေကြသည့် သူမ၏ သူငယ်ချင်းများကို မျက်နှာရိပ်မျက်နှာကဲဖြင့် လှမ်းမေးသည်။ တစ်ယောက်နှင့်တစ်ယောက် တီးတိုးပြောနေကြသံများက နရီ့နားထဲရောက်လာသည်။ မင်းသူ၏ မိဘများနှင့် မင်းသူ နရီတို့၏ဧည့်ခန်းထဲတွင် ထိုင်နေသည်။
“မေမေ… ဒါက ဘယ်လိုဖြစ်တာလဲဟင်။ သမီးလည်း ဘာမှမသိရပါလား။”
“ဘာကို သိချင်သေးတာလဲ သမီးရဲ့။ သမီးလေး ကို သစ္စာရှိရှိနဲ့ ချစ်နိုင်မယ့်သူကို မေမေတို့က ရှာပေးတာလေ။ သမီးအတွက်ကတော့ မောင်မင်းသူက သစ္စာရှိရှိနဲ့ တစ်သက်လုံး ချစ်သွားနိုင်မယ့် သူဆိုတာ မေမေတို့ သိတယ်။ နောက်ပြီး သမီးကလည်း မောင်မင်းသူကို ချစ်နေတယ်ဆိုတာ မေမေတို့ အားလုံးသိကြတယ်။”
“မေမေ တစ်ခုခုတော့ မှားနေပြီထင်တယ်။”
“ဘာမှမမှားပါဘူး နရီ။ ကို… နရီ့ကို တကယ်လက်ထပ်ယူဖို့ လာတာပါ။ နရီ ကို့ကို ချစ်နေတယ်ဆိုတာ ကို သိပါတယ်။ ကို ဒီလပိုင်းတွေအတွင်းမှာ နရီ့သတင်းတွေကို အမြဲနားစွင့်နေခဲ့တာပါ။ ကို တို့ အစကနေ ပြန်စကြရအောင်လေ။”
“သမီး… ဘာတွေ တွေဝေနေတာလဲ။ ဖေဖေကတော့ မင်းသူကလွဲပြီး တခြားဘယ်သူ့ကိုမှ သမက်မတော်နိုင်ဘူးဆိုတာ သမီးသိပါတယ်နော်။”
“မဟုတ်သေးဘူးလေ… ကိုထင်ကျော်စိုးကိစ္စက…”
“သမီး…အဲဒီ့ကိစ္စတွေနဲ့ ပတ်သတ်ပြီး အန်တီတို့ အားလုံးသိပြီးပါပြီ။ အဲ့ဒါက သမီးအမှားမဟုတ်ပါဘူး။ အန်တီတို့ သားရဲ့ ပေါ့ဆမှုတွေပါ။ ဒါပေမယ့် အခုတော့လည်း အတိတ်က ကိစ္စတွေက ပြီးသွားပါပြီ သမီးရယ်။ သမီးသာ သားလေး မင်းသူကို တကယ်မချစ်ခဲ့ဘူးဆိုရင် ဟန်ဆောင်လက်ထပ်မှုတွေ၊ သရုပ်ဆောင်ပြီး မင်္ဂလာဆောင်တာတွေ ဖြစ်လာမှာပေါ့။ အခုတော့ သမီးလေးက သားလေးမင်းသူကို မထိခိုက်စေချင်လို့ ဒီလိုလုပ်လိုက်မှန်း အန်တီတို့ ဦးတို့ သိပြီးသားပါ။ ဒါကြောင့် သမီးလေးကို အချိန်ခဏလောက်ပေးပြီးတာနဲ့ အခုလို အိမ်တိုင်ယာရောက် လာရောက်တောင်းရမ်းတာပါ။”
“အေးရေ… ဘာမှပူမနေနဲ့တော့ တို့သမီးက အေးရဲ့ သားအငယ်လေးကို တကယ် သံယောဇဉ်ရှိတာ တို့ အသိဆုံး။ ဒီတော့ ဒီဝါကျွတ်ရင် ဒီကလေးနှစ်ယောက်ကို လူကြီးဖြစ်အောင် လုပ်ပေးလိုက်ကြရအောင်လေ။ မကောင်းဘူးလား။”
“ကောင်းတယ်။ သိပ်ကိုကောင်းတဲ့ အကြံဥာဏ်ပါပဲ”
“ဝေးဟေးဟေး……………”
အခန်း (၁၀)
နရီ ပတ်ပတ်လည်မှာ လူတွေ အများကြီး။ လက်ခုပ်တွေတီးနေကြသည်။ အော်ဟစ်နေကြသည်။ ပြုံးပျော်နေကြသည်။ ဟော… နရီအတွေးတွေပြန်ဝင်လာသည်။ သူမ အခုထိုင်နေသည့် နေရာသည် ဇာတ်စင်တစ်ခု၏ အရှေ့။ ဘေးဘီကို ဝှေ့ကြည့်မိတော့ မင်းသူကိုတွေ့သည်။ တခြားတစ်ဘက်မှာတော့ သူမ၏သူငယ်ချင်းများက လူရွှင်တော်များကို အားပေးနေလေသည်။ နရီသတိရလာပြီ။ သူမကအခု အငြိမ့်ပွဲကြည့်နေခြင်းဖြစ်သည်။ နရီ ဘယ်သူမှမသိအောင် သက်ပြင်းတစ်ချက်ချလိုက်သည်။ ထို့နောက် ဝေ့ဝှဲကြည့်လိုက်သည်… ကိုထင်ကျော်စိုးကိုများတွေ့လေမလားဆိုပြီး။ ဘယ်သူမှမရှိ… သူမ ဘာလို့ ကိုထင်ကျော်စိုးကို မြင်မိသလို ခံစားရပါလိမ့်… စဉ်းစားလို့မရ။ သူမ၏ ချစ်သူဘက်လှည့်ပြီး မေးလိုက်သည်။
“ကို… ကို့အစ်ကို ကိုထင်ကျော်စိုးကော ပွဲလာကြည့်ရဲ့လား။”
“အင်း… သူ ဖေဖေ၊ မေမေတို့နဲ့ အတူတူလာမယ်လို့တော့ ကို့ကို ပြောတာပဲ။ ဘာဖြစ်လို့လဲ နရီ။”
“သြော်… ဘာမှမဟုတ်ပါဘူး။ ဒီအတိုင်း မေးကြည့်တာပါ။ ထားလိုက်ပါ။ အငြိမ့်ပွဲက ပြက်လုံးတွေ မမှီဘဲနေလိုက်ဦးမယ်။ ရှူး…” ဟု နရီကပဲ စကားကိုပြန်ပြီး အဆုံးသတ်လိုက်တော့သည်။ ပွဲက ည (၁၁)နာရီလောက်မှ ပြီးသည်။ နရီ့က သူမ၏အဖေ၊အမေတို့နှင့် အတူတူပြန်ဖို့အတွက် မင်းသူက သူမ၏ လက်ကလေးကို တွဲပြီး နရီ့မိဘတွေဆီ လိုက်ပို့ပေးသည်အခိုက်… ထင်ကျော်စိုးနှင့် သူတို့နှစ်ယောက် ပက်ပင်းတိုးကြသည်။
“ကိုကြီး… မေကြီးနဲ့ ဖေကြီးကော။ ညီလေးပြန်လာခဲ့မယ်။ နရီ့ကို သူ့မိဘတွေဆီလိုက်ပို့လိုက်ဦးမယ်။”
“အေးပါ။ ငါတို့ ကားနားကနေပဲ စောင့်နေမယ်။ နရီကော မတွေ့တာကြာပြီနော်။ နေကောင်းတယ်မလား။”
ထင်ကျော်စိုး၏အမေးကို နရီပြန်ဖြေဖို့ ကြိုးစားလိုက်သည်။ သို့သော်…
“ကောင်းတာပေါ့။ ဒေါင်ဒေါင်ကို မြည်နေတာပဲ။” ဟု မင်းသူက ပြန်ဖြေလျက် နရီ့လက်ကလေးကို ပိုလို့တောင် တင်းတင်းဆုပ်ကိုင်လိုက်သည်။ ဒါကို ထင်ကျော်စိုးက မြင်သွားပြီး မျက်နှာပျက်သွားကာ…
“သွား…သွား… ဟိုက မိဘတွေကစောင့်နေဦးမယ်။ မြန်မြန်သွားပို့လိုက်…” ဟု ပြောကာ ကုတ်ကုတ်ကုတ်ကုတ်နှင့် လူကြားထဲဝင်ရောက်ပျောက်ကွယ်သွားသည်။
“ကိုကြီးက နရီ့ကို ကြိုက်နေသေးတယ် ထင်တယ်။ သူ နရီ့ကို ကြည့်တဲ့ ပုံစံတွေက မရိုးဘူး။”
“မဖြစ်နိုင်တာ ကိုရယ်။ သူလည်း အခု ချစ်သူ အသစ်နဲ့ အဆင်ပြေနေတာပဲမလား။ နရီ့ဆီကို စိတ်ရောက်ဖို့တောင် အချိန်ရှိမှာ မဟုတ်ပါဘူး။”
“နရီကသာ အဲ့လိုထင်နေတာပါ။ တစ်အိမ်တည်းနေတဲ့ သူအချင်းချင်း ပိုသိတာပေါ့။ သူ အခုဆို အခန်းထဲအောင်းပြီးနေတာများတယ်။ ဒါပေမယ့် အပြင်ထွက်ပြန်ရင်လည်း မနက်ကနေ ညမိုးချုပ်တဲ့ အထိပဲ။ သူ တစ်ခုခုတော့ ထူးဆန်းနေတယ်။ ကိုတို့နှစ်ယောက်ကို တကယ်ပဲ လက်ထပ်စေချင်ရဲ့လား လို့ ကိုတောင် သံသယဖြစ်မိတယ်။”
“ကိုကလည်း… ပေါက်ကရတွေလျှောက်တွေးမနေပါနဲ့။ တော်ပြီ၊ အဲဒီ့ကိစ္စတွေ ထားလိုက်ပါတော့။ နောက်နောင်ဆို နရီနဲ့ ကိုနဲ့အကြောင်းပဲ ပြောကြမယ်နော်။” ဟု နရီက စည်းရုံးလိုက်တော့ မင်းသူက ခေါင်းတစ်ချက် ညှိတ်ပြကာ သဘောတူလိုက်တော့သည်။
အခန်း (၁၁)
“ကဲ…ကဲ… အားလုံးလည်း အဆင်သင့်ဖြစ်နေကြပြီ။ နင်ထွက်လာတော့။ ဟိုမှာ မင်းသူလည်း စောင့်နေပြီ။ အလှပြင်တာကလည်း မပြီးနိုင်တော့ဘူးလားအေ…” သင်္ကြန်က စိတ်မရှည်တော့သည့် လေသံနှင့် နရီ့အားပြောလေသည်။
“သြော်… နင်က မင်္ဂလာမဆောင်ဖူးတော့ ဘယ်သိမလဲ။ မိတ်ကပ်တို့ဘာတို့က သေချာလိမ်းချယ်မှ ညီမှာလေ။ နင်ဒါတွေမသိပါဘူးဟာ…” ဆိုပြီး နှင်းမွန်က ထုံးစံအတိုင်း မိတ်ကပ်နှင့် ပတ်သတ်လျှင် ဆရာမနေရာ ရထားသည့်နည်းတူ သင်္ကြန်ကို့ တွတ်ထိုးတော့သည်။
“အေးပါ… နင်တို့နှစ်ယောက်ပဲ မင်္ဂလာဆောင်ကြတော့။ ငါ မင်္ဂလာဆောင်ဖူးတဲ့ သူကတောင် ဘာမှမပြောရတော့ဘူး။ စိတ်လေတယ် အပျိုမတွေရယ်… ဟီးဟီး” ဟု သာယာက ဝင်ကြွားပြန်သည်။
“တော်ကြပါတော့။ နင်တို့ဘဲ သိတယ်၊ တတ်တယ် လုပ်မနေနဲ့တော့။ ဟိုမှာ နရီဖိတ်ထားတဲ့ သူရဲ့ ချစ်ချစ်တွေလည်း ရောက်နေပြီ။ ငါတောင် ဓာတ်ပုံတစ်ပုံတွဲရိုက်ခဲ့သေးတယ်။ သူ့ချစ်ချစ်နဲ့လေ… ဟိဟိ”
“ဟဲ့… ဘယ်သူတုန်း မိုးသန့်ရဲ့။ ပြောစမ်းပါဦး။ နရီ့မှာက ချစ်ချစ်တွေများတော့ ငါတို့ကို နာမည်ပြောစမ်းပါ” ဟုသုံးယောက်လုံးဝိုင်းမေးကြတော့ မိုးသန့်က ရယ်လျက်… “ဘယ်သူရှိရမှာလဲဟ။ R ZarNi လေ” ဟုအဖြေပေးလေတော့သည်။ မင်္ဂလာအခမ်းအနားကို စတင်ဖို့ အချိန်နီးကပ်လာသည်။ အားလုံးကလည်း နေရာယူပြီးနေကြပြီ ဖြစ်သည်။ သို့သော် မင်္ဂလာအခမ်းအနားသို့ ရောက်မလာနိုင်သေးသည့် သူတစ်ယောက် ရှိသည်။ သူက…
“ဟေ့ကောင်… ထင်ကျော် မင်းဘယ်မှာလဲကွ။ ဒီမှာ မင်္ဂလာဆောင်ကဖြင့် စတော့မယ်။ မင်းက ဘယ်ရောက်နေတာလဲ။” ကောင်းပြည့်က ထင်ကျော့်ဆီဖုန်းဆက်မေးနေလေသည်။
“ငါ လာနေပါပြီ။ မင်္ဂလာလက်ဖွဲ့ကို သေချာထုတ်ပိုးနေလို့ ကြာသွားတာပါ။ ငါလည်း မလုပ်တတ်တော့ ဆိုမှာ သွားလုပ်ခိုင်းရတာလေ… ကားတွေကလည်း ပိတ်နေလို့ကွ။ စိတ်မပူနဲ့ ငါ လာနေပြီလို့ ငါ့ကိုမေးရင် ပြောလိုက်နော်။”
“အေးပါ။ ဒါဆိုလည်း ပြီးရော…သြော်… မင်္ဂလာဆောင်က Lake side မှာနော်။ မေ့မနေနဲ့ဦး။” ဟု ကောင်းပြည့်က သတိပေးပြီး ဖုန်းချလိုက်သည်။ နောက် (၁၅) မိနစ်လောက် အကြာတွင်တော့ ကောင်းပြည့်ဖုန်းအသံမြည်လာသည်။
“အေး… မင်းရောက်ပြီလား။ အနောက်ကို ဝင်လာခဲ့လေကွာ။”
“ဟဲလို…ဒီဖုန်းပိုင်ရှင် ကားအက်စီဒင့် ဖြစ်လို့ပါ။ အခု ကမ္ဘာအေးဘုရားလမ်းပေါ်မှာပါ။ ဘယ်ဖုန်းကို ဆက်ရမလဲ မသိလို့ နောက်ဆုံးခေါ်ထားတဲ့ဖုန်းကိုပဲ ဆက်လိုက်တာပါ။”
“ဟာ… ဟုတ်ကဲ့ အခုပဲအရောက်လာခဲ့ပါ့မယ်။” ဟု ကောင်းပြည့်က တုန့်ပြန်လိုက်ပေမယ့် ဘာလုပ်ရမှန်း မသိဖြစ်နေသည်။ ကောင်းပြည့်တစ်ယောက် ဘယ်သူ့ကို ဒီကိစ္စအသိပေးပြီး သူအပြေးသွားရင်ကောင်းမလဲ တွေးနေတုန်း…
“ဟဲ့…ကောင်းပြည့်။ ဘာဖြစ်နေတာလဲ။ တုန်တုန်ရီရီနဲ့” မိုးသန့်က ကောင်းပြည့်ကိုကြည့်ပြီးမေးလိုက်သည်။ ကောင်းပြည့်က ဖြစ်ကြောင်းကုန်စင်ကိုပြောပြလိုက်ပြီးနောက် သူ့ကားနှင့် ကမ္ဘာအေးဘုရားလမ်းဘက်သို့ မောင်းထွက်သွားသည်။ ယခု ခြေလက်တွေတုန်ရီနေသူမှာ ကောင်းပြည့်မဟုတ်တော့ မိုးသန့်ဖြစ်သွားသည်။ မင်္ဂလာဆောင်ရဲ့အစီအစဉ်က တစ်ဝက်လောက်တော့ ရောက်နေပြီဖြစ်သည်။ မိုးသန့်က မင်းသူ၏မိဘနှစ်ပါး ထိုင်နေရာဆီသို့ ချဉ်းကပ်သွားသည်။ ထင်ကျော်စိုး ကားတိုက်သည့်အဖြစ်ကို မိုးသန့်က ပြောပြလိုက်ပြီး ကောင်းပြည့်လိုက်သွားကြောင်းကိုပါ ထည့်ပြောလိုက်သည်။ မိဘနှစ်ပါး မျက်နှာပျက်သွားသည်။ ထင်ကျော်၏ မိခင်မှာ မျက်ရည်များ ပိုးပိုးပေါက်ပေါက် ကျလာသည်။ ထင်ကျော်၏ဖခင်မှာ ထိုင်မနေတော့ဘဲ မင်္ဂလာဆောင်ကို ကျောခိုင်းပြီးထွက်သွားသည်။ ဒီလိုနဲ့… မင်းသူနဲ့ နရီတို့၏ ပျော်ရွှင်ဖွယ်ရာအချိန်က ဝမ်းနည်းဖွယ်ရာအချိန်အဖြစ် ပြောင်းလဲသွားတော့သည်။ ထုံးစံအတိုင်း ကားအက်စီဒင့်ဖြစ်လျှင် ခေါ်သွားရမည့်နေရာမှာ ရန်ကုန်ဆေးရုံကြီးသာဖြစ်သည်။ ကောင်းပြည့်က အားလုံးကို ဆေးရုံသို့ အမြန်လိုက်လာခဲ့ဖို့ ဖုန်းဆက်အကြောင်းကြားသည်။
ဆေးရုံသို့ အားလုံးအချိန်မှီရောက်သွားကြသည်။ ထင်ကျော်က အရေးပေါ်ဌာန၏ ခုတင်ပေါ်တွင် ငြိမ်သက်နေသည်။ ကောင်းပြည့်က သူ၏နံဘေးတွင်… ထင်ကျော်၏ဒဏ်ရာ တော်တော်အခြေအနေ ဆိုးသည်ဟု ကောင်းပြည့်က ဆရာဝန်ပြောပြသည့်အတိုင်းပြန်ပြောပြသည်။ ထင်ကျော်စိုး၏ ခေါင်းတစ်ခုလုံးကိုတော့ ပတ်တီးများဖြင့် ချီနှောင်ထားသည်။
ကောင်းပြည့်က မျက်မြင်သက်သေများ၏ ပြောပြချက်ကို အားလုံးကို ဖောက်သည်ပြန်ချသည်။ “အရှေ့မှာသွားနေတဲ့ coca cola အအေးတွေတင်တဲ့ ကားကို အနောက်ကနေ ဝင်တိုက်မိတာတဲ့။ အရှေ့ကကားက မီးပွိုင့်နီသွားလို့ ဘရိတ်အုပ်ပြီး အမြန်ရပ်လိုက်တာကို ထင်ကျော့်ကားက မရပ်ဘဲနဲ့ အနောက်ကနေဝင်တိုက်တာတဲ့။ ပြီးတော့ အရှိန်ပါလို့နဲ့တူတယ်… ကားရဲ့ ခေါင်းခန်းတစ်ခုလုံးက အရှေ့ကားရဲ့ အောက်ထဲအထိရောက်သွားတယ်တဲ့။ ကျွန်တော့်စိတ်ထင်ပြောရရင်တော့ ထင်ကျော် ကားထဲမှာ တစ်ခုခုကို ကုန်းကောက်တာဖြစ်မယ်ထင်တယ်။ ဒါကြောင့် သူအရှေ့ကားရပ်တာကို မမြင်လိုက်တာ။ ဒါမှမဟုတ်ရင် သူ တမင်သတ်သတ်ပဲ ဝင်တိုက်တာလား။ ဒါလည်း မဖြစ်နိုင်ဘူး။ ကျွန်တော်နဲ့ ဖုန်းပြောနေတုန်းကတောင် အကောင်းကြီးပါ။ ခဏလေးအတွင်းမှာတော့ ထပြီးမရူးသွားနိုင်ဘူး။ ကျွန်တော့်စိတ်ထင်တော့ သူ တစ်ခုခုလုပ်နေလိုက်လို့ ရှေ့ကားဗြုန်းကနဲ ရပ်တာကို မသိလိုက်တာနေမှာ။”
မင်းသူက သူ၏ အစ်ကို့အနားသို့ အပြေးအလွှားရောက်သွားသည်။ ထင်ကျော်၏ မိဘနှစ်ပါးမှာလည်း တုန်ရီစွာနှင့် ကုတင်အနားသို့ ချဉ်းကပ်သွားသည်။ နရီက မင်းသူ၏ဘေးသို့သွားပြီး ထင်ကျော်ကို့ ကြည့်နေသည်။ နရီ၏ သူငယ်ချင်းများနှင့် မိဘများကတော့ ခုတင်ခြေရင်းမှ ထင်ကျော့်ကို အကဲခတ်နေကြသည်။
“ဘယ်လိုဖြစ်ရတာလဲ သားရယ်… အမေတို့ဖြင့် ဘာလုပ်လို့ ဘာကိုင်ရမှန်းတောင် မသိတော့ဘူး။ သား…သတိရလာမှာလား။ သူမေ့နေတာမလား။ အို…” ထင်ကျော်အမေ့က စကားပြောနေရင်းနှင့် လဲကျသွားသည်။ သူ့အမေပါ သတိလစ်သွားသည်။ ထင်ကျော့်အဖေက သူ၏မိန်းမကိုပွေ့ထားလျက် သားကို ကြည့်နေသည်။ သူနာပြုဆရာမရောက်လာတော့ ထင်ကျော်၏အမေကို ဂရုတစိုက်နှင့် ပြုစုပေးလေသည်။
မင်းသူက… “ကိုကြီး… ကိုကြီး သိပ်ကြည့်ချင်တယ်ဆိုတဲ့ သတို့သမီး။ ကိုကြီးဘေးမှာရောက်နေပြီလေ။ ကိုကြီးရဲ့ ထကြည့်ပါဦး။ ကိုကြီးရဲ့ အိမ်မက်ထဲက သတို့သမီးလေ။ အခုကိုကြီးရဲ့ ဘေးမှာရပ်နေတယ်။” ဆရာဝန်ကြီးဝင်လာသည်။ အားလုံးက ဆရာဝန်ကြီး ဘာပြောမလဲဟု နားစွင့်နေကြသည်။
“ဦးနှောက်တစ်ခုလုံး ပျက်စီးသွားတဲ့ လူတစ်ယောက်ကို ကျွန်တော်တို့ ဘယ်လိုနည်းနဲ့မှ ကုသကယ်တင်ပေးလို့မရတော့ပါဘူး။ တကယ်ကို စိတ်မကောင်းပါဘူးဗျာ။ ကားတိုက်တဲ့ ပုံကို လိုက်ပို့ပေးတဲ့ လူတွေ ပြောပြလို့ သိခဲ့ရတယ်။ ဒီအခြေအနေထိ သူအသိရှိသေးတာ ကျွန်တော်ဖြင့် အံ့သြတယ်ဗျာ။” ဆရာဝန်ကြီးက သူပြောသင့်သည်များကို ပြောပြီးနောက် အခန်းထဲမှာ ပြန်လည်ထွက်ခွာသွားလေသည်။ အားလုံးတိတ်ဆိတ်နေကြသည့်အချိန်တွင်တော့…
“အစ်ကို…ညီမတို့ရဲ့ မင်္ဂလာဆောင်ကို အစ်ကို မတက်နိုင်ဘူးနော်။” နရီက ထင်ကျော်စိုး၏ အနားသို့ကပ်ပြီး မေးလိုက်သည်။ “နရီ့ကိုပေးမယ်လို့ ပြောထားတဲ့ လက်ဆောင်ကိုလည်း အစ်ကို မပေးခဲ့ပြန်ဘူး။ အစ်ကို ဒီအတိုင်းတော့ ညီမတို့ကို ထားခဲ့ပြီး ထွက်သွားလို့မရဘူး။ အစ်ကို… ညီမပြောတာ ကြားလားဟင်။”
ထင်ကျော်၏ ညာဘက်လက်တစ်ဖက် လှုပ်လာသည်။ သူက တစ်ခုခုကို ရေးပြဖို့ ကြိုးစားနေသည်။ ဒါကို သင်္ကြန်က သတိထားမိလိုက်တော့ “ဟိုမှာ… ဟိုမှာ… လက်လှုပ်လာနေတယ်။ ညာဘက်လက် လှုပ်နေတယ်။” ဟုထအော်လေသည်။ မင်းသူက သူ့အစ်ကိုလက်ကို ဆုပ်ကိုင်လိုက်သည်။ ထို့နောက် “ကိုကြီး… ညီလေးတို့ပြောတာ အကုန်ကြားနေရတယ်ပေါ့။ ဟုတ်လား။”
ထင်ကျော်က စာလုံးတစ်ခုကိုပေါင်းပြနေသည်။ သူပြောချင်သော စကားက ပန်းချီဟု အဓိပ္ပါယ်ရသည်။ ထို့နောက်တွင်တော့ နရီက “အစ်ကို ညီမကိုပေးချင်တယ်ဆိုတာ အစ်ကိုဆွဲထားတဲ့ ပန်းချီကားလားဟင်…” လို့မေးလိုက်ချိန်မှာတော့ မင်းသူ၏လက်ထဲမှာ ထင်ကျော်၏လက်သည် အရုပ်ကြိုးပြတ် ပြုတ်ကျသွားလေတော့သည်။
အခန်း (၁၂)
“မေမေနဲ့ ဖေဖေ့ ကို သား ပူဆာချင်တာ တစ်ခုရှိတယ်။ ဖေဖေ ပြောထားတယ်လေ လိမ္မာရင် သားလိုချင်တာ လုပ်ပေးမယ်လို့။ အခု သားလိမ္မာတယ်နော်။ အဲ့ဒါကြောင့် သားကို တစ်ခုလုပ်ပေးရမယ်။” နှစ်နှစ်သာ ရှိသေးသော မင်းသူ၏သား သူရမင်းက သူ့အဖေအနားကပ်ပြီး ချွဲနေလေသည်။
“ဟ… ငါ့သားက ဘာလိုချင်လို့တုန်း… သားလိုချင်တာဆို တစ်ခုမကဘူး… အကုန်လုပ်ပေးမယ်။”
“ကို… အဲ့လောက်လည်း အလိုလိုက်မနေနဲ့ဦး။ ကြီးလာရင် ကျွန်မတို့တော့ မလွယ်ဘူးနော်။” ရုံးပိတ်ရက် ဖြစ်နေသောကြောင့် အိမ်မှာ မိသားစုစုံလင်နေသည်။
“သားက အသစ်လိုချင်တာ မဟုတ်ပါဘူး။ အဟောင်းကိုပဲ တောင်းမှာပါ။”
“ပေးမယ့်ပေးတော့ ဖေဖေတို့က အသစ်ပဲဝယ်ပေးမှာပေါ့။ ဘာဖြစ်လို့ အဟောင်းကြီး ပေးရမှာတုန်း။”
“ဟာ… ဖေဖေကလည်း သားဘာကိုတောင်းမလဲဆိုတာလည်း မသိဘဲနဲ့… သားလိုချင်တာက ဟိုမှာချိတ်ဆွဲထားတဲ့ ပန်းချီကား ဖေဖေရ။” သူရမင်းက ဧည့်ခန်းထဲတွင် ချိတ်ထားသော ထင်ကျော်စိုးဆွဲပေးထားသည့် ပန်းချီကားကို လက်ညှိုးထိုးပြနေသည်။
“သြော်… သားကလည်း အဲ့ဒါက အိမ်ပိုင်ပစ္စည်းလေ။ သားရဲ့ ဦးဦးက ဖေဖေတို့ မင်္ဂလာလက်ဖွဲ့အဖြစ် ဆွဲပေးထားတဲ့ ပန်းချီကား။ သားလည်းပိုင်တယ်လေ။”
“မဟုတ်ဘူး… သားက သားအခန်းထဲမှာပဲ ချိတ်ထားချင်တာ။ ဒီဧည့်ခန်းမှာက ဖေဖေ ရိုက်ထားတဲ့ ဓာတ်ပုံနဲ့တင် လှနေပြီ။ သားကို အဲဒီ့ပန်းချီကား အခန်းထဲမှာ ချိတ်ခွင့်ပေးပါနော်။”
“သြော်… သားရယ်။ ပန်းချီဆိုတဲ့ အနုပညာနဲ့ ဓာတ်ပုံဆိုတဲ့ အနုပညာဆိုတာက အရသာချင်းမတူဘူးလေ။ ပုံတစ်ပုံထဲကို ရိုက်ထား၊ ဆွဲထားပေမယ့်… ပေးတဲ့ အနှစ်သာရချင်းက မတူဘူး သားရဲ့။ နောက်ပြီး ဒီပုံနှစ်ပုံမှာတင် ကွာခြားနေတာရှိသေးတယ်လေ။ ဒါတွေကို သားကြီးလာရင် နားလည်လာမှာပါ။ အခုကတော့ သားက ငယ်ပါသေးတယ်ကွာ…”
“ဒီပုံနှစ်ပုံ ဘာကွာလဲဆိုတာ သားသိပါတယ်။ ဓာတ်ပုံထဲက မိန်းကလေးက ပင်လယ်ကြီးကို ငေးကြည့်နေတယ်။ ပန်းချီထဲက မိန်းကလေးကတော့ ကောင်းကင်က တိမ်တွေနဲ့ နေကို မော့ကြည့်နေတယ်။ သားဒီလောက်တော့ ကြည့်တတ်ပါတယ်။ ဒါနဲ့ ဒီပုံနှစ်ပုံမှာ ဘယ်ပုံက အရင်လဲဟင်”
“ဟ… ငါ့သားက တော်လှချည်လား။ ဒါတွေကိုတောင် ကြည့်တတ်နေပြီပဲ။ ဖေဖေ ရိုက်တဲ့ ဓာတ်ပုံကအရင်၊ နောက်မှ သားရဲ့ ဦးဦးက ပန်းချီပြန်ဆွဲထားတာ။”
“သြော်… ဒီလိုလား…”
“မေမေ့သားလေး… ဖေဖေ့နားကပ်ပြီး ဘာတွေတောင်းနေတာလဲ။ ချွဲနေလိုက်တာများနော်။ မေမေ့ကိုတောင် မခေါ်တော့ဘူးပေါ့။ ဟွန်း…လူလည်လေး”
“မဟုတ်ပါဘူး… မေမေကို သားက ပိုချစ်တာ မေမေသိပါတယ်။ ဖေဖေ့ကိုက တောင်းစရာရှိလို့ ကပ်တောင်းနေတာ။”
“မိန်းမရေ… သားက မင်းရဲ့ပိုင်ဆိုင်မှုတွေကို တောင်းနေတယ်။ သား…တကယ်တော့ ဒီပုံနှစ်ပုံလုံးက သားမေမေပိုင်တဲ့ ပုံတွေ။ ဖေဖေက လက်နဲ့တောင် ထိခွင့်ရှိတာမဟုတ်ဘူး။ တောင်းချင်ရင်တော့ မေမေ့ဆီသာ တောင်းတော့ သားရေ… ဟားဟားဟား”
“သြော်… သားက ဒီပုံတွေကိုလိုချင်လို့လား။ သားလိုချင်တာပဲ ပေးရမှာပေါ့။ ဒါပေမယ့် သား… ဒီပုံနှစ်ပုံလုံးကို ဂရုတစိုက်နဲ့ ထိန်းသိမ်းရမယ်နော်။ သားကငယ်သေးတယ်ဆိုပေမယ့် အရာဝတ္ထုတွေကို အခုကတည်းက ဂရုတစိုက်နဲ့ ထိန်သိမ်းတတ်ရမယ်။ ဟုတ်ပြီလား…”
“ဟုတ်ကဲ့ပါ မေမေ။ သား သေသေချာချာ သိမ်းဆည်းထားမယ်လို့ မေမေနဲ့ ဖေဖေ့ကို ကတိပေးပါတယ်။ ဟူး… အခုမှပဲ သားပစ္စည်းလေး သားရဲ့လက်ထဲပြန်ရောက်တော့တယ်…”
ဒီစကားကြားအပြီးမှာတော့ မင်းသူနဲ့ နရီတို့နှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ သူတို့သား၏ စကားကြောင့် အံ့သြနေကြတော့သည်။

No comments:

Post a Comment