"ခမ်းနားတဲ့ ကျရှုံးမှု"
ဒီနေ့ သူနဲ့တွေ့ရမယ်ဆိုတော့ နေခြည် တော်တော်ပျော်နေမိတယ်။
ချိန်းထားတာ (၃း၀၀) နာရီမှ ဒါပေမယ့် နေခြည်က နာရီဝက်လောက်ကို စောရောက်နေတယ်။ နေခြည်
သူ့ဆီကို ဖုန်းဆက်လိုက်တော့ အရောက်လာခဲ့မယ်တဲ့။ နေခြည် သူနဲ့ နှစ်ယောက်ထဲ မတွေ့တာ သုံးပတ်လောက်တောင်ရှိသွားပြီ
ဆိုတော့ ရင်တွေခုန်နေမိတာပေါ့။ နေခြည်သောက်နေကြ Hot Chocolate တစ်ခွက်ကိုမှာလိုက်ပြီး
သူ့ကိုစောင့်နေရင်းနဲ့ အင်တာနက်သုံးနေလိုက်တယ်။ ဟော…စာကြောင်းလေးတွေကို သူ့စာမျက်နှာမှာ
တွေ့လိုက်ရပါပြီ။
နေခြည်မနေ့က မဖွင့်မိတော့ အခုမှသိတာပေါ့။ မနေ့ကတည်းက တင်ထားတာ။ သူဘာအတွက် ရေးထားလဲ ဆိုတာနေခြည် သိပါတယ်။ ဒါပေမယ့် တကယ်အံ့ဩသွားခဲ့ရတယ်။ ချက်ချင်းပဲ နေခြည် အင်တာနက်သုံးတာကို ရပ်လိုက်တယ်။ စာဖတ်တာပဲ ကောင်းပါတယ်ဆိုပြီး အိတ်ထဲက စာအုပ်တစ်အုပ်ကို ဆွဲထုတ်လိုက်တယ်။ အမှန်ဆိုသူ့အတွက် နေခြည်ဝမ်းသာသင့်တာပေါ့။ "သူလုပ်ချင်နေတဲ့အရာကို လုပ်နိုင်ခဲ့တာကို နေခြည်က အားပေးသင့်တာပေါ့။" ဒါပေမယ့်…နေခြည်ထင်ထားသလောက် မပျော်ခဲ့ဘူး။ ထင်ထားသလောက်လဲ မပြုံးနိုင်ခဲ့ဘူးလေ။
နေခြည်မနေ့က မဖွင့်မိတော့ အခုမှသိတာပေါ့။ မနေ့ကတည်းက တင်ထားတာ။ သူဘာအတွက် ရေးထားလဲ ဆိုတာနေခြည် သိပါတယ်။ ဒါပေမယ့် တကယ်အံ့ဩသွားခဲ့ရတယ်။ ချက်ချင်းပဲ နေခြည် အင်တာနက်သုံးတာကို ရပ်လိုက်တယ်။ စာဖတ်တာပဲ ကောင်းပါတယ်ဆိုပြီး အိတ်ထဲက စာအုပ်တစ်အုပ်ကို ဆွဲထုတ်လိုက်တယ်။ အမှန်ဆိုသူ့အတွက် နေခြည်ဝမ်းသာသင့်တာပေါ့။ "သူလုပ်ချင်နေတဲ့အရာကို လုပ်နိုင်ခဲ့တာကို နေခြည်က အားပေးသင့်တာပေါ့။" ဒါပေမယ့်…နေခြည်ထင်ထားသလောက် မပျော်ခဲ့ဘူး။ ထင်ထားသလောက်လဲ မပြုံးနိုင်ခဲ့ဘူးလေ။
ခဏနေတော့ သူရောက်လာတယ်။ နေခြည့်အတွက် လက်ဆောင်တစ်ခုလဲ
ပါလာတယ်။ ထူးထူးခြားခြားတော့ မဟုတ်ပါဘူး။ ဟိုတစ်ခေါက်ကလိုပဲ ပစ္စည်းလေးပါ။ မိုးရေတွေစိုနေတဲ့
သူ့ကို နေခြည် ငေးစိုက်ကြည့်နေမိတယ်။ ဘာဖြစ်လို့ ဒီလောက်တောင် ငေးကြည့်နေမိလဲဆိုတာ
နေခြည်ကိုယ်တိုင်တောင် မသိတော့ဘူး။ "သူလာတာနဲ့ နေခြည့်လက်ကလေးကို ယုယုယယနဲ့ ဆုပ်ကိုင်တယ်။
ဒီလိုအချိန်ဆို နေခြည်သိပ်ပျော်တာပဲ။" သူပေးတဲ့လက်ဆောင်ကို ခဏဘေးဖယ်ထားပြီး သူနဲ့ နေခြည်စကားတွေပြောဖြစ်တယ်။
ဒီနေ့သူ သင်တန်းမသွားဖြစ်ဖူးတဲ့။ နေခြည်က ဘာကြောင့်မသွားလဲလို့ မေးလိုက်တော့ သူက အိမ်ကိုစောစောပြန်ရမှာတဲ့။
ဟုတ်သားပဲ…ဒီနေ့သူတို့အိမ်မှာ လူစုံကြမှာ။ နေခြည် သူ့မိသားစုတွေရဲ့ ဓာတ်ပုံတွေကို ကြည့်ဖူးတယ်။
သိပ်ကိုပျော်ဖို့ကောင်းတဲ့ မိသားစုကမ္ဘာလေးလေ။ နေခြည်က တစ်ဦးတည်းသော သမီးဆိုတော့ အဲ့လိုသိုက်သိုက်ဝန်းဝန်းရှိတဲ့
မိသားစုဘဝလေးကို ခုံမင်မိတယ်။ "ဒါကလဲ သူ့ကို နေခြည်ချစ်ပြီးမှ ရှာဖွေတွေ့ရှိခဲ့တာပါ။"
နေခြည် သူ့ကို ရယ်ရယ်ပြုံးပြုံးနဲ့ပဲ သူတင်ထားတဲ့စာနဲ့
ပတ်သတ်ပြီး စကားစလိုက်မိတယ်။ သူကလဲ ပြုံးပြုံးရွှင်ရွှင်နဲ့ပဲ အဲဒီ့ကိစ္စကို ပြောကြတယ်။
"အမှန်ဆိုဒါက သူ့လွတ်လပ်ခွင့်လေ။" နေခြည်မှာတားပိုင်ခွင့်မှ မရှိတာ။ လူတိုင်းမှာ ကိုယ်ရေးချင်တာကိုရေး၊
ပြောချင်တာကိုပြော ပိုင်ခွင့်ရှိတယ်လေ။ ဒါက နေခြည့်ကိုတိုက်ရိုက်လာပြောတဲ့ စကားလဲမဟုတ်တော့
သူလွန်တာမရှိပါဘူး။ နေခြည်ကသာ စပ်စုမိတာ နေခြည့်အမှားပါ။ ဒီနေ့ကတော့ ခဏလေးပဲ တွေ့လိုက်ရပေမယ့်
နေခြည်ပျော်ပါတယ်။ နှစ်ယောက်စလုံး မအားတဲ့ကြားကနေ ဒီလိုခဏလေးပဲ ဖြစ်ဖြစ်တွေ့ရအောင်
စီစဉ်လိုက်တာကိုပဲ နေခြည်ကျေနပ်နေပါပြီ။ မနက်ဖြန်အတွက် သူနဲ့ချိန်းပြီးသွားပြီဆိုတော့
နေခြည်အမုန်းဆုံးစကားကို ပြောရတော့မယ်လေ။ "နေခြည်ဘဝမှာ နှုတ်ဆက်လမ်းခွဲ ရတာလောက်
မုန်းတာမရှိဘူး။"
နေခြည်ကျောင်းကိုရောက်တော့ သူငယ်ချင်းက
"အောင်မလေး…ဟိုနေ့ကရုပ်နဲ့ အခုရုပ်နဲ့များ ကွာပါ့" တဲ့။ ဟုတ်ပါတယ်။ ဟိုတစ်နေ့ကဆို
သူတို့နဲ့ စကားတောင်မပြောနိုင်ဘူး။ နေခြည် ဝမ်းနည်းနေတာကို သူတို့တွေတောင်သိကြတယ်။
အခုလဲ နေခြည်ပျော်နေတာကို သူတို့တွေ သိကြပြန်ပြီ။ နေခြည့်မျက်နှာလေး ကြည်လင်နေတာကို
သူတို့ရိပ်စားမိကြတယ်။ "နေခြည်လဲ ပျော်ရွှင်မှုတွေ တစ်ပွေ့တစ်ပိုက်နဲ့ အိမ်ကိုပြန်လာခဲ့တယ်။"
ဒီညက နေခြည့်အတွက် အရေးကြီးတဲ့ညဆိုတာ နေခြည်သတိထားမိတယ်။
နေခြည် စာတွေရေးရမယ်။ ကျောင်းစာတွေ လုပ်ရမယ်။ နောက်ပြီး အရေးကြီးတာတစ်ခုက သူ့ကိုစာပို့ရမယ်။
ည (၁၁း၃၀) လောက်ကျတော့ နေခြည် အင်တာနက်ဖွင့်လိုက်တယ်။ "နေခြည့်စာမျက်နှာမှာ ပထမဆုံးအနေနဲ့ပေါ်လာတာက
သူ့ရဲ့ စာတန်းလေးတစ်ခု။ စာကြောင်းလေးက ခံစားချက်အပြည့်နဲ့ရေးထားတယ်ဆိုတာ နေခြည်သိလိုက်တယ်။"
ဒီအတောအတွင်း ရာသီဥတုကပဲ နေခြည့်ဘက်ကို ပါနေတာလား မသိဘူး။ အချိန်တိုင်းလိုလို ဆွေးဆွေးမြေ့မြေ့နဲ့
မိုးတွေရွာနေတယ်။ ဩော်…နေခြည် "လှလှပပလေး ကျရှုံးခဲ့ရပြီ။"
တစ်ချိန်ကသမိုင်းထဲမှာ ခမ်းနားကြီးကျယ်တဲ့
ရောမမြို့တောင် ကျဆုံးသွားခဲ့ရတာပဲ။ နေခြည် ကျရှုံးတာလေးက မပြောပလောက်ပါဘူး။ "ဘာမှ မခမ်းနား
မကြီးကျယ်တဲ့ သာမာန် မိန်းကလေးတစ်ယောက် သူ့ရှေ့ကျမှ ခမ်းခမ်းနားနားကြီးကို ကျရှုံးသွားခဲ့တယ်။"
နေခြည် စိတ်ကိုတင်းပြီး သူ့စာမျက်နှာမှာ စာရေးလိုက်ပါတယ်။ နေခြည် ပုံမှန်အတိုင်းလေးနေဖို့
ကြိုးစားတယ်။ ဘာမှမဖြစ်သလိုနေဖို့ပေါ့။ ကြိုးစားတိုင်းသာ အောင်မြင်မယ်ဆိုရင် နေခြည်
အခုအချိန်မှာ ပျော်ရွှင်နေမှာပေါ့။ "ဒါပေမယ့် နေခြည့်မျက်နှာပေါ်မှာ ဘယ်တုန်းက ဘယ်သူက
လာတင်သွားမှန်းမသိတဲ့ ရေစက်တွေစီးကျနေတယ်။" နေခြည်ကသာ ရေစက်တွေလို့ပြောတာ တကယ်တော့ အရသာရှိတဲ့
ရေစက်တွေဖြစ်နေတယ်။
ဒီညကို နေခြည် ဘယ်လိုကျော်ဖြတ်ရပါ့မလဲ။ စဉ်းစားလဲ
ဘာအဖြေမှကို ထွက်မလာဘူး။ နောက်ဆုံးတော့ နေခြည် ဘယ်လိုအိပ်ပျော်သွားလဲဆို သီချင်းနားထောင်ရင်းနဲ့ပေါ့။
နေခြည် နားထောင်နေကြ သီချင်းလေးတွေက ဖုန်းထဲမှာရှိတဲ့ "လိုက်ဖက်တဲ့ဘဝ၊ ရိုးရှင်းတဲ့ဘဝ၊"
တို့ပေါ့။
မနက် ၆နာရီထိုးတော့ ဖုန်းကနှိုးစက်မြည်လာတယ်။
နေခြည် ဘာမှစဉ်းစားမနေတော့ပဲ အိပ်ယာကလူးလဲထလိုက်တယ်။ သူ့ဆီသွားဖို့ ပြင်ဆင်လိုက်တယ်။
သိပ်မကြာလိုက်ပါဘူး။ နေခြည်က အလှမက်တဲ့ မိန်းကလေးမဟုတ်တော့ မြန်တယ်။ ဒီနေ့တော့ သူနဲ့ချိန်းထားတဲ့
အချိန်ထက် နည်းနည်းလေးပဲ စောရောက်တယ်။ သူနဲ့တွေ့တော့ ဘယ်ဆိုင်ထိုင်ရမလဲလို့ ရွေးစရာဆိုင်ကလဲ
မရှိတော့ခက်ပြီ။ နေခြည် သူ့အတွက်လက်ဆောင် ဝယ်လာပါသေးတယ်။ သူကြိုက်မယ်လို့တော့ ထင်တာပဲ။
"ဒါပေမယ့်…သူက နေခြည်ကြိုက်တာပေးလို့ ပြောထားတော့ နေခြည်လဲ ကိုယ်ကြိုက်တာကိုပဲ ရွေးပြီးဝယ်ခဲ့တယ်။"
ဆိုင်မှာထိုင်ဖြစ်တော့မှ စကားစပြောကြတယ်။ "ဒီလိုရက်မျိုးမှာ
ဒီလိုလူနှစ်ယောက် ဒီလိုစကားမျိုးတွေ ပြောဖို့အချိန်မဟုတ်ဘူးလို့ နေခြည်ထင်တယ်။" ဒါပေမယ့်…နေခြည်
မေးသင့်တာကိုတော့ မေးရမယ်လေ။ မေးရမယ်သာပြောတာ တကယ်တမ်းသူပြောမယ့် စကားတွေကို နေခြည်အလွတ်ရနေပြီ။
ဒီနေ့လဲ မိုးတွေကရွာနေလိုက်တာ။ နေခြည့်ကိုပဲ စောင်းပြီးရွာနေသလားပဲ။ ဩော်…ဘာမှမဆိုင်တဲ့
အပြစ်မဲ့တဲ့ မိုးကိုတောင် အပြစ်တင်လိုက်သေးတယ်။ "သူ့အတိတ်ကအကြောင်းတွေ ရေးထားတာဖတ်မိတော့
နေခြည်ပဲ ခံစားရတာပေါ့။" ဒီကိစ္စကိုလဲ ဒီနေ့သေချာရှင်းမယ်လို့ ဆုံးဖြတ်ပြီးရောက်လာပေမယ့်
တကယ်တမ်း သူ့ကိုတွေ့လိုက်တော့ ဘာတွေဖြစ်ကုန်မှန်းကို မသိတော့ဘူး။
နေခြည့်ရဲ့စကားတွေနဲ့ သူ့ရဲ့စကားတွေကြားထဲမှာ
နေခြည်မျက်ရည်တွေကျခဲ့တယ်။ "ရင်ထဲမှာ ဗလောင်ဆူနေတဲ့ အရသာကို မြိုသိပ်ရင်း သက်ပြင်းတွေ
ခဏခဏချနေမိတယ်။" ဘယ်လိုဖြစ်မှန်းကို မသိတော့ပါဘူး။ အသက်ရှူတောင်ကျပ်လာတယ်။ ဩော်…နေခြည်၊
နေခြည်…နောက်တစ်ခါ လှလှပပလေး ကျရှုံးပြန်ပြီ။ "မိုးတွေသဲသဲမဲမဲ ရွာနေတဲ့ ချမ်းအေးတဲ့မနက်စောစောမှာ
နေခြည်ကတော့ ရင်ထဲကအပူတွေကို ရေခဲမုန့်နဲ့ဖုံးလွှမ်းဖို့ ကြိုးစားနေရတယ်။" သူကတော့ အေးဆေးတည်ငြိမ်စွာနဲ့ပဲ
ကော်ဖီသောက်နေတယ်လေ။ စကားပြောနေရင်းကနေ သူတစ်ချက်ချက်တိတ်ဆိတ်သွားရင် နေခြည်စိတ်ပူမိသည်။ "နေခြည်က သူ့ကို ပျော်ရွှင်အောင်ထားချင်ပါတယ်။" ပျော်ရွှင်အောင်လဲ ထားပါတယ်။ ဒီနေ့ကလွဲရင်ပေါ့လေ။
ဒီနေ့ကသူ့ကို ပျော်အောင်မထားနိုင်သလို နေခြည်ကိုယ်တိုင်လဲ မပျော်ပါဘူး။
ဒီနေ့ သူနဲ့ပြောလိုက်ရတဲ့ စကားတွေက တော်တော်လေးကို
အရေးပါပါတယ်။ သူ့အတွက်ကော နေခြည့်အတွက်ပါ။ "နှစ်ယောက်စလုံး ပွင့်လင်းစွာပဲ ဟန်ဆောင်မှုမရှိတဲ့
စကားတွေ ပြောဖြစ်ခဲ့ကြတယ်လို့ နေခြည်ယုံကြည်တယ်။" နေခြည့်အတွက် အထိနာပေမယ့် ပွင့်လင်းမှု၊
ဖြူစင်မှုနဲ့ ရိုးသားမှုတွေကို တန်ဖိုးထား မြတ်နိုးတဲ့ သူတစ်ယောက်အနေနဲ့ ဝမ်းသာမိတယ်။
ဒါကြောင့်လည်း နေခြည်သူ့ကို နားလည်မှုတွေပေးနိုင်ခဲ့တာပေါ့။ နေခြည်တို့စကားပြောတာ ဘယ်လောက်ကြာသွားလဲ
ဆိုတာနေခြည်မမှတ်မိတော့။ သတိရလို့ နာရီကြည့်လိုက်တော့ တော်တော်ကြာသွားပြီဆိုတာ သိလိုက်တယ်။
နောက်ထပ်တစ်ခု သိလိုက်တာက နေခြည့်မျက်နှာမှာ သနပ်ခါးတောင်မရှိတော့ဘူး။
သူ့အချိန်တွေကို နေခြည်အကြာကြီး ယူလိုက်သလိုဖြစ်သွားလို့
စိတ်မကောင်းဖြစ်မိတယ်။ ဒီနေ့အဆိုးထဲက အကောင်းကို ရွေးပြောရမယ်ဆိုရင်တော့ သူ့ဆီကကြားလိုက်ရတဲ့
စကားလေးတစ်ခွန်း "ချစ်တယ်" တဲ့။ နေခြည်တို့နှစ်ယောက် ဒီနေ့ပြီးရင် ဘယ်ရက်လောက်မှ
တွေ့ရမလဲ မသိတော့ဘူး။"နှုတ်ဆက်ရတော့မယ့် အချိန်ရောက်လာပြီဆို နေခြည် နေရထိုင်ရခက်လာပြီ။"
နေခြည် ချစ်တဲ့သူအဝေးကို လျှောက်လှမ်းသွားတာမျိုးကို နေခြည် ရပ်ကြည့်မနေနိုင်ပါ။ ပြန်လာတော့ နေခြည်တွေးလာတာက "ကိုယ့်ကျရှုံးမှုကိုပဲ ကိုယ်ကျေနပ်နေသလိုလို၊ ကိုယ့်ကျရှုံးမှုကိုပဲ
ကိုယ်နှစ်သက်မိနေသလိုလို၊ ကိုယ့်ကျရှုံးမှုကိုပဲ ကိုယ်ပျော်ရွှင်နေသလိုလို"နဲ့။
ကျောင်းဆင်းလို့ အိမ်ကိုပြန်ရောက်တော့ ဖေဖေက
"ဘာလို့ ညညဆို တရွှတ်ရွှတ်နဲ့ဖြစ်နေတာလဲ။
နှာစေးနေရင်လည်း လက်ကိုင်ပုဝါ ယူထားပေါ့" တဲ့။ ဩော်…ဖေဖေမှ မသိတာ………
"ညညဆို စောင်တစ်ထည်အောက်မှာ နေခြည့် နှလုံးသားတွေ
ဘယ်လောက်တောင် ပြိုလဲခဲ့ရလဲဆိုတာ။
နေခြည့် မျှော်လင့်ချက်တွေကို
ဘယ်လောက်တောင် ဖျက်စီးပစ်ခဲ့ရလဲဆိုတာ။
နေခြည့် မျက်ရည်တွေဟာ
ဘယ်လောက်တောင် နှစ်သိမ့်မှုလိုအပ်နေခဲ့လဲဆိုတာ။"
ဩော်……ဘယ်သူ့မှ မသိပါဘူးလေ။ "ညညဆို သူနဲ့နေခြည့်ရဲ့ အမှတ်တရတွေဟာ
ဘယ်လောက်တောင် ထင်ရှား ပီပြင်လာတယ်ဆိုတာ။"
ဒီစာရဲ့နောက်ဆုံးမှာ သူ့ကိုပြောချင်တဲ့စကားလေးတစ်ခွန်းရှိတယ်။
နေခြည် သူ့ကို ပြောနေကြ စကားလေးပါ။
"ကို ထားတဲ့နေရာမှာ ထားတဲ့အတိုင်းနေဖို့ နေခြည် ကို့အနားမှာ
ရှိနေပါတယ်"
(28 June 2012)
နရီ

No comments:
Post a Comment