မြန်မာ့မြန်မာ့ ရုပ်ရှင် (လူကြိုက်များနေတဲ့ ခိုးဆိုးလုနှိုက် ရုံတင်ကားကြီးအကြောင်း)
အစကတော့
မပြောတော့ဘူးလို့ လုပ်ထားတာ၊ အခုတော့ ပြောလိုက်ဦးမယ်။
ခိုးဆိုးလုနှိုက်
ရုပ်ရှင်က အစမှာတော့ ကင်မရာအထားအသို၊ အလင်းအမှောင်တွေ ကောင်းပါတယ်။ တာထွက်ကောင်းတယ်ပေါ့နော်၊
ရိုက်ထားတဲ့ ပုံစံက Long film ပုံစံ၊ သဘာဝပတ်ဝန်းကျင်နဲ့ တကယ့်သရုပ်တွေကို ပေါင်းစပ်ရိုက်ထားတယ်။
မြန်မာရုပ်ရှင်တွေ မကြည့်ဖြစ်တာ ကြာပြီဆိုတော့ ဘယ်လိုနေမလဲ ဆိုပြီး ဒီကားကို သွားကြည့်ဖြစ်တာ
အင်း မဆိုးဘူးလို့ စိတ်ထဲတွေးမိတယ်။
ဒါပေမယ့် အဲ့ဒီ အထင်ကြီးခံရမှုက သိပ်ကြာကြာ မခံလိုက်ပါဘူး။ ပြည်သူ့ရဲတစ်ယောက် ပေါ်လာတဲ့အခိုက်အတန့်မှာပေါ့။
သူခိုးလိုက်ဖမ်းတာလား၊ မော်ဒယ်ရှိုးလျှောက်တာလား။ ဘာလို့ဆို သူခိုးကိုကန်လိုက်ပြီး
သူ့ကိုရိုက်ပြတော့ လမ်းလျှောက်လာတာ သူခိုးတစ်ယောက်ကို ဖမ်းဖို့မဟုတ်ဘဲ စကားပြောရင်း
မော်ဒယ်လျှောက်လာနေတယ်။ သူပြောနေတုန်းတောင် သူခိုးက ထပြေးရင် လွတ်နိုင်တယ်လေ။ ပြီးတော့
သေနတ်ကြီးထုတ်ပြီး သူခိုးကိုချိန်ရင်း ဘာတွေပြောမှန်းလည်း မသိဘူး။ တကယ်က သေနတ်တောင်ထုတ်စရာအကြောင်းမရှိဘူး။
အခုဟာက ဘယ်လိုဖြစ်သွားလဲဆို ပြည်သူ့ရဲက သေနတ်ဗန်းပြပြီး လူတွေကို ခြောက်လှန့်နေတဲ့ပုံ
ဖြစ်သွားတယ်။ လက်ထိပ်လောက်ထုတ်ရင်း စကားပြောတယ်ဆိုတော်သေးတယ်။ နောက်ပြီး ဒီရဲကိုကို
က ရဲသင်တန်းမှာ training တော်တော် မမိခဲ့တဲ့ပုံပဲ၊ အသားတွေက ဖြူဖတ်ဖြူရောနဲ့။ ရဲထဲမှာ
အဲ့လောက် အသားဖြူတဲ့ရဲ ကိုယ့်ရည်းစားကလွဲလို့ တခြားဘယ်သူ့ကိုမှ မမြင်ဖူးတာ တကယ်ပါ။
နောက်တစ်ခုက နယ်မြေရဲတွေက ဒီလူ ၄ ယောက်အကြောင်းကို သိနေပါလျက်နဲ့ ဘယ်လိုဖြစ်လို့ မင်းသမီးဆီသွားပြီး
ဘယ်တုန်းက ဘယ်သူခိုးရိုက်ထားမှန်းမသိတဲ့ ဓာတ်ပုံတွေပြပြီး စကားကြီးစကားကျယ်တွေ လျှောက်ပြောနေလည်းဆိုတာ
စဉ်းစားလို့ကိုမရဘူး။ သူတို့အဲ့လောက်ခြေရာခံနိုင်နေရင်လည်း တခါတည်းနဲ့လိုက်ဖမ်းလိုက်ပါလားလို့၊
ရဲတွေကို အားမရလိုက်တာ။
မနက်က
ဖတ်လိုက်ရတဲ့အထဲ ပါတဲ့စကားကို ကျွန်မလည်း ထပ်ပြောပါမယ်။ ဘယ်ရုပ်ရှင်မှာမဆို ကြည့်နေပါတယ်။
မြန်မာနိုင်ငံမှာ လူကြမ်းမင်းသားတွေကိုပဲ ပေးပြီးယုတ်မာထားတာလားလို့ မေးလည်း မေးချင်တယ်၊
မေးလည်းမေးရဲဘူး။ ဘာလို့ဆို ခဏခဏကြားနေရတဲ့ အဲဒီ့ မယုတ်မာဘူးဆိုတဲ့ စကား။ ဓာတ်ပြားဟောင်းတွေပြန်ပြန်ဖွင့်နေတာလဲ
ရပ်သင့်နေပါပြီ။ ထပ်ခါထပ်ခါ ကြားနေရတော့ ရိုးလာတယ်။
နောက်ပြီး
တစ်ချို့မြန်မာရုပ်ရှင်တွေကို ကလေးတွေကော၊ လူကြီးတွေကော လာကြည့်ကြပါတယ်။ ဒါပေမယ့် ဒီရုပ်ရှင်က
ကလေးတွေကြည့်ဖို့ သိပ်မသင့်တော်ဘူးလို့ မြင်မိတယ်။ ဘာဖြစ်လို့လဲဆို တစ်ချို့စကားတွေက
လူကြီးတွေအတွက် ဟာသဖြစ်နေပေမယ့် တစ်ချို့စကားတွေက ကလေးတွေနားထောင်သင့်တဲ့အရာတွေမဟုတ်ပါဘူး။
ကြည့်ပြီးသား လူတွေသိပါလိမ့်မယ်။ စကားအသုံးအနှုန်းတွေက ဇာတ်ဆောင်တွေနဲ့ ကိုက်ညီရမယ်ဆိုတာသိပါတယ်။
အဲ့ဒါမှလည်း ကြည့်ကောင်းမှာပေါ့။ ကလေးတွေအတွက် တစ်ချို့ကားတွေကို အသက်အကန့်အသတ်နဲ့
ထုတ်လုပ်သင့်နေပြီ။
ပြောမယ်ဆို
ပြောစရာတွေက ကုန်မှာမဟုတ်ဘူး။ အဲ့ဒါကြောင့် တစ်ချို့ကိုယ်မြင်တာလေးတွေကိုပဲ ထောက်ပြပါ့မယ်။
ရပ်ကွက်ထဲ မိန်းမတစ်ယောက်ကို ဗြန်းကနဲနေအောင် ပါးရိုက်လိုက်တဲ့အခန်း။ ဘယ့်နှယ် မိန်းမတစ်ယောက်ကို
အဲ့လိုပဲ ရိုက်လို့ရလား… မေးချင်မိတယ်။ ကိုယ်လည်း မိန်းမတစ်ယောက်ပဲလေ။ အဲ့ဒါကြောင့်
မေးချင်တာ အဲ့လို ပါးရိုက်ရလောက်အောင်အထိ ဇာတ်လမ်းကို ရေးစရာလိုလို့လား။
နောက်ပြီး
သင်ဇာဝင့်ကျော်က သူဌေးသမီး၊ ပိုက်ဆံရှိ၊ ကျောင်းပြီးထားလို့ သင်တန်းတက်နေတဲ့ အရွယ်…
အဲ့လိုအရွယ်မှာတောင် မြင့်မြတ်က ဘာအလုပ်လုပ်လဲ၊ ဘယ်နားနေလဲ ဆိုတာမျိုးကို စိတ်မဝင်စားဘဲ
ရည်းစားထားတယ်ဆိုတာ တော်ရုံ skill နဲ့တော့ရမယ်မထင်။ တခါတလေကြ တွေးမိတယ်… ကိုယ်တွေကဘဲ
အဘက်ဘက်ကို မြင်အောင်ကြည့်တတ်တာလား။ အကုသိုလ်များတယ်။ ရည်းစားဖြစ်တာကလဲ မြန်ချက်၊ လွယ်ချက်။
ထားပါတော့ ရည်းစားဖြစ်သွားတယ်ပဲ။ တွဲနေရင်းနဲ့ သူဘယ်သူဆိုတာ သိရမှာပေါ့။ မသိရင်တောင်
လေ့လာရမှာပေါ့။ လေ့လာချင်တဲ့စိတ်မရှိတဲ့ လူဟာ တခြားသူတစ်ယောက်ကို ချစ်တယ်ဆိုတာ ဘယ်လိုဖြစ်နိုင်မလဲ။
စဉ်းစားကြည့်တာပါ… တခြားသူတစ်ယောက်အပေါ် စိတ်ဝင်စားမှုမရှိတဲ့ relationship က နည်းနည်းတော့
ကြောင်တောင်တောင်နိုင်သလားပဲ။
တကားလုံး
မိန်းမဆန်ဆန် ထဘီနဲ့ မြန်မာအကျီင်္ဝတ်ထားတဲ့ မိန်းမတစ်ယောက်က နောက်ဆုံးလည်းကျရော ချက်ချင်းကြီး
ပြောင်းလဲသွားလိုက်တာ။ ဟာသက အခုမှလာတာ။ ဆိုင်ကယ်ကြားထဲ ညှပ်ထားတဲ့ ဓားမြှောင်ကို ဟန်ပါပါနဲ့
ဆွဲထုတ်၊ ဓားမြှောင်ကို အိတ်ထဲကနေ အသေအချာထုတ်၊ ပြီးတော့ ဖိနပ်တွေဘာတွေကောက်ချွတ်လိုက်သေးတယ်။
ပြီးတော့မှ နေဒွေးကို ဓားနဲ့ပြေးထိုး၊ ဖိနပ်ချွတ်တဲ့အခန်း အရမ်းမိုက်လွန်းလို့ မရယ်ဘဲ
မနေနိုင် ထရယ်မိ၊ သရုပ်ဆောင်တာပဲ ပီပြင်လွန်းနေလား မသိ၊ ဓားနဲ့ထိုးတာမှ ၃ ချက်တောင်ပဲ။
နေဒွေးမှာ ဘာမှတောင် ပြန်မလုပ်နိုင်ရှာ။
ဒီဇာတ်လမ်းမှာ
ခိုးတဲ့အခန်းသိပ်မတွေ့မိ၊ လုတဲ့အခန်းသိပ်မပါ၊ ဒါပေမယ့် လိမ်တဲ့အခန်းတွေတော့ အများသား၊
ဗီဒိုပို့တယ်ဆိုပြီး လိမ်တယ်၊ ဘိုးတော်အယောင်ဆောင်ပြီး လိမ်တယ်။ တကယ်က ခိုးဆိုးလုနှိုက်
နာမည်မတပ်ရဘူး။ လိမ်ဆိုးလုနှိုက် လို့ တပ်ရမှာ။ လိမ်တာ၊ ဆိုးတာပဲတွေ့တယ်။ ဇာတ်ကားက တဖြည်းဖြည်းနဲ့
ဂွမ်းသွားတာ။ မိန်းမတစ်ယောက်အတွက်နဲ့ သူငယ်ချင်းတွေ စကားများ၊ ပြဿနာတွေတက်နဲ့ နောက်ဆုံး
သေကြရ။ ခိုးတဲ့ ဆိုးတဲ့ လူတွေက ဒီလိုပဲ ဇာတ်သိမ်းမယ်ဆိုတာ ပြောချင်ရင်လည်း တခြားနည်းနဲ့
ပေးသေကြရင် ပိုကောင်းမလားလို့။ ကြားထဲက မိန်းမတွေကပဲ မကောင်းသလိုလို။
ကြည့်ပြီးသွားတဲ့အချိန်မှာ
ရယ်လိုက်ရလို့ မောတာ မောတာ၊ ဒါပေမယ့် ထွန်းထွန်းသေနေတဲ့အခန်းတော့ ကြိုက်တယ်။
(22.July.16)
No comments:
Post a Comment