Thursday, March 20, 2014

။ဇာတ်သိမ်း။

"ဇာတ်သိမ်း"
 

ဇာတ်သိမ်း။   ။ကျွန်တော် ခင်ဗျားတို့ကို ဇာတ်လမ်းတစ်ပုဒ် ပြောပြမယ်။ ဇာတ်လမ်းဆိုပေမယ့် တကယ်တော့ ညတစ်ညမှာ ဖြစ်ပျက်သွားတဲ့ ဇာတ်လမ်းလေး။ သိပ်ကို စိတ်ဝင်စားဖို့ကောင်းတယ်။ ခင်ဗျားတို့ တစ်ခါနားထောင်ရုံနဲ့ ရင်ထဲထိရောက်သွားမယ့် ဇာတ်လမ်းတစ်ပုဒ်ပေါ့ဗျာ။ အဲဒီ့ဇာတ်လမ်းက တကယ်တော့ ဇာတ်သိမ်းပိုင်းတစ်ခု…
အဲဒီ့နေ့က သူမ ကျွန်တော့ အခန်းကို ချိန်းဆိုထားသည့် အချိန်အတိုင်း ရောက်လာခဲ့သည်။ ညနေ (၅)ထိုးမှာ ခေါင်းလောင်းတီးသံ မြည်လာသည်။ ထုံးစံအတိုင်း ကျွန်တော်က တံခါးအနောက်ကနေပြီး သူမ ဝင်အလာကို စောင့်နေခဲ့သည်။ ကျွန်တော်က ဘယ်တော့မှ သူမကို ထွက်ပြီး ကြိုလေ့မရှိ။ တံခါးအနောက်ကနေ သူမ ဝင်လာလျှင် ပွေ့ဖက်ဖို့ စောင့်ရတဲ့ ခံစားချက်ကို ကျွန်တော် သဘောကျနေမိသည်။ သူမ ခြေလှမ်းလှမ်းဝင်လာတယ် ဆိုရင်ပဲ သူမရဲ့ရေမွှေးနံ့ တွေ တစ်ခန်းလုံး ပျံ့လွင့်သွားသည်။ အဲဒီ့နောက်တော့ ကျွန်တော် တံခါးကို ပိတ်လိုက်ပြီး သူမကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။ သူမက ကျွန်တော့ကို စကားပြောဖို့ ကြိုးစားသည်… ကျွန်တော် လုံးဝကို အခွင့်အရေးမပေးဘဲ သူမကို တင်းတင်းကျပ်ကျပ် ဖက်ထားမိလိုက်သည်။ အဲ့လိုမျိုးလေး ခဏလောက်နေပြီးတော့မှ ကျွန်တော့လက်တွေကို ဖြေလျော့ပေးလိုက်တော့သည်။

သူမ။   ။ ကို happy birthday ပါ။

ဆိုပြီး သူမက ကျွန်တော့ ပါးပြင်ကို အနမ်းဖွဖွလေး ပေးသည်။ ဟုတ်တယ်… အဲဒီ့နေ့က ကျွန်တော့မွေးနေ့။ ပြောရမယ်ဆို သူမနဲ့ ကျွန်တော် နှစ်ယောက်အတူတူရှိနေတဲ့ ကျွန်တော့မွေးနေ့။ ဒီနေ့ဟာ ကျွန်တော်တို့အတွက် မွေးနေ့ကို ပထမဆုံးအကြိမ်အဖြစ် အတူတူ ဖြတ်သန်းတဲ့ အမှတ်တရနေ့လေး။

ကျွန်တော့ရဲ့ ကြိုတင်ပြင်ဆင်ထားမှုတွေက သူမနဲ့ ကျွန်တော်တို့ သိပ်ကြိုက်တဲ့ ရှမ်းငါးကင်၊ နှစ်ချို့နေတဲ့ ဝိုင်အနီတစ်ပုလင်း၊ ကယားဝက်အူချောင်းကြော်၊ အားလူးထောင်း၊ နောက်ပြီး နှစ်ယောက် အတူတူစားခဲ့ဖူးတဲ့ Cheese Cake၊ စပျစ်သီး၊ ပန်းသီးနဲ့ ဖရဲသီးဖျော်ရည်ပါ အစစ်ပါသေးသည်။ သူမက မီးဖိုခန်းထဲသွားပြီး ပြင်ဆင်စရာရှိတာတွေကို ပြင်ဆင်နေတုန်း ကျွန်တော်က ကျွန်တော်တို့ရဲ့ အမှတ်တရသီချင်းလေးကို အပြေးအလွှားသွားဖွင့်မိသည်။

သူမ။   ။ မေ့ကို ပစ္စည်းတွေ လာကူရွှေ့ပေးဦးလေ။ နည်းနည်းပါးပါးတောင် မကူညီတော့ဘူးလား ကိုရဲ့။

ဟု ပြောရင်း သူမက ဧည့်ခန်းထဲကို ပစ္စည်းတစ်ချို့သယ်လာသည်။ ကျွန်တော်လည်း သူမကို ဝိုင်းကူသယ်ပေးပြီး စားပွဲပေါ်မှာ နေရာချထားပေးသည်။ သူမက ဒီလိုအချိန်မျိုးဆို မိန်းမ သိပ်ဆန်နေတယ်ဆိုတာ ကျွန်တော် သတိထားမိသည်။

ကျွန်တော်။   ။ မေ… ဒီနေ့ မေ သိပ်လှနေတယ် သိလား… တကယ်တော့ မေ ကို နဲ့ စတွေ့တုန်းကထက် တစ်နေ့တစ်ခြား ပိုလှလှလာနေတယ်…

သူမက ကျွန်တော့ကို ပြန်လည် ပြုံးပြသည်။ ဒီညနေမှာ ကျွန်တော် သူမနဲ့အတူတူ ရှိဖို့အရေး တခြားကိစ္စတွေ အကုန်လုံးကို ရွှေ့ဆိုင်းထားသည်။ သူမက ကျွန်တော်တို့နှစ်ယောက် တွေ့ရအောင်ဆိုပြီး ခဏခဏ ပူဆာတာမျိုး လုပ်လေ့မရှိ။ ဒါပေမယ့် ဒီနေ့ကိုတော့ သူမက ကျွန်တော်နဲ့အတူတူ ရှိနေချင်တယ်ဆိုပြီး ထူးထူးခြားခြား တောင်းဆိုသည်။ သူမ တောင်းဆိုသည့်အတိုင်း ကျွန်တော် လိုက်လျောပေးခဲ့သည်။ ဒီလိုနဲ့ ကျွန်တော်တို့ နှစ်ယောက် ဝိုင်ခွက်ကို ကိုင်မြှောက်ပြီး ဂုဏ်ပြုကြသည်။ နောင်အနာဂတ်တွေအတွက် စိတ်ကူးတွေယဉ်ရင်း… ကြိုတင်ကြံစည်ရင်း… စားရင်း… သောက်ရင်း… ပြုံးရင်း… ရယ်ရင်း… စကားတွေပြောရင်း… ပျော်ရင်း… ဖက်ရင်း… နမ်းရင်း…

ကျွန်တော်တို့နှစ်ယောက် အချိန်တွေကို လုယူရင်း… အခန်းဝဆီက ခေါင်းလောင်းသံ မြည်လာသည်။ ကျွန်တော်က သူမရဲ့ နဖူးပြင်လေးပေါ်ကို အနမ်းတစ်ပွင့် သွန်းလောင်းချလိုက်ပြီး တံခါးသွားဖွင့်ဖို့ ထွက်သွားသည်။ အဲဒီ့အချိန် သူမက ဧည့်ခန်းထဲက ဆိုဖာပေါ်မှာ ထိုင်လျက် စပျစ်သီးစားနေသည်။

ကျွန်တော်။   ။ဒီအချိန်ကြီး ဘာကိစ္စပါလိမ့်၊ ဘယ်သူများလဲ ဟု စိတ်က ရေရွှတ်မိလိုက်သေးသည်။

ဒါပေမယ့် သိပ်ရှည်ရှည်ဝေးဝေးတော့ တွေးမနေတော့ဘဲ တံခါးမကြီးကို ကောက်ဖွင့်လိုက်သည်။ အဲဒီ့မှာ… ကျွန်တော့ အခန်းရှေ့မှာ… မတုန်မလှုပ်ဘဲ ရပ်နေတဲ့ မိန်းမတစ်ယောက်… ကျွန်တော် မျှော်လင့်မထားတဲ့ လူတစ်ယောက် ဖြစ်နေတာကို ကျွန်တော် မြင်ကတည်းက သိသည်။ ကျွန်တော့နှုတ်ခမ်းက လွှတ်ကနဲ ထွက်သွားသည်က အဲ့မိန်းမ နာမည်။

ကျွန်တော်။   ။ ခင်… ဒီကို ဘယ်လိုလုပ်ရောက်လာတာလဲ၊ ဘာလာ…လုပ်တာလဲ။

ကျွန်တော့၏ အမေးကို ခင် ကအဖြေမပေး။ ကျွန်တော့ကိုသာ စူးရဲရဲကြီး စိုက်ကြည့်နေသည်။ ကျွန်တော် ခင့်မျက်ဝန်းထဲက ခံစားချက်ကို သိသည်။ ခင် တစ်ခုခု လုပ်တော့မည် ဆိုတာကိုလည်း ရိပ်မိသည်။

သူမ။   ။ ကို ဘယ်သူလာလို့လဲ… တံခါးမပိတ်ဘဲ ဘာရပ်လုပ်နေတာလဲ ကိုရဲ့။

ဟုဆိုကာ သူမ ကျွန်တော့ဆီကို လှမ်းလာနေသည်။ သူမ၏ အမေးကို ကျွန်တော် ကြားသည်။ ကျွန်တော် ကြားသလို ကျွန်တော့ တံခါးရှေ့တွင် ရပ်နေသော ခင်လည်း ကြားသည်ကို ကျွန်တော်သိသည်။ သူမရဲ့ ခြေလှမ်းတွေကို ရပ်တန့်ပစ်ဖို့ ကျွန်တော် နောက်ဘက်သို့ လှည့်လိုက်သည်။ ထို့နောက် ကျွန်တော် သူမကို တားဖို့… ကြိုးစားလိုက်သည်။ သို့ပေမယ့် ခင့်ရှေ့တွင် သူမ၏ နာမည်ကို ခေါ်ဖို့ကြိုးစားပေမယ့် ထွက်မလာခဲ့ချိန်မှာ… တံခါးရှေ့က ခင်က ကျွန်တော့ အခန်းထဲသို့ လျှပ်စီးလျှပ်သလို ဝင်လာသည်။ ကျွန်တော် ဘာဆက်လုပ်ရမလဲ စဉ်းစားနေတုန်း…

ခင်က ကျွန်တော်တို့နှစ်ယောက်ကို တစ်ချက် စူးစိုက်ကြည့်လိုက်ပြီးနောက် စကားတစ်ခွန်းမျှ မပြောဘဲ မီးဖိုခန်းထဲသို့ ဝင်သွားသည်။ သူမက ခင့်ကိုကြည့်လျက် တစ်စုံတစ်ခုကိုတော့ ရိပ်မိလိုက်လေပြီ။ ဒီကိစ္စမှာ သူမကို ကျွန်တော် ဝင်မပါစေချင်ပါ။ ဒီကိစ္စက သူမနဲ့လည်း ဆိုင်တာမဟုတ်သည့်အတွက် သူမကို အိမ်ပြန်ဖို့ ကျွန်တော် တစ်ခုခု ကြံစည်ရတော့မည်။ သူမက မီးဖိုခန်းဘက်ကို မျက်နှာမူပြီး မှင်သေသေနဲ့ ကြည့်နေသည်။ ကျွန်တော် သူမကို ပြောနေသည်များကို သူမ ကြားသလား မကြားသလားတော့ ကျွန်တော်မသိ။ သူမ၏ မျက်လုံးအိမ်ထဲတွင် မျက်ရည်စများနှင့်အတူ ကြောက်လန့်မှုများ လွှမ်းမိုးနေသည်။ သူမ၏ မျက်ဝန်းများ တဖြည်းဖြည်း အရောင်ပြောင်းသွားသည်။ ကြောက်လန့်မှု အရိပ်အယောင်များ ပျောက်ကွယ်သွားပြီးနောက်…

သူမ။   ။ ကို… မေ့ကို ဒီတစ်ခါပဲ ဖက်ထားပေးပါလား ကိုရယ်။

ဟု သူမက တောင်းဆိုလိုက်သည်။ ဒီလိုအချိန်မျိုးမှာမှ သူမ၏ တောင်းဆိုချက်က ထူးဆန်းနေသည်။ ကျွန်တော့ ကံကြမ္မာကို ကျွန်တော်သာလျှင် ကြိုတင် သိနှင့်နေပြီးသား ဖြစ်နေသောကြောင့် သူမ၏ တောင်းဆိုမှုကို ကျွန်တော် လက်ခံကာ သူမကို တအား ဖက်ထားလိုက်သည်။ သူမက ကျွန်တော့ကို ဖက်တော့ဖက်သည်။ သို့ပေမယ့်… ကျွန်တော့ကို ဖက်ထားလျက်နဲ့ တစ်ဖက်သို့ ဆွဲလှည့်လိုက်သည်။ သူမ၏ လုပ်ရပ် မြန်ဆန်မှုကြောင့် ကျွန်တော်က ခင်နှင့် မျက်နှာချင်းဆိုင် အနေအထားဖြစ်သွားသည်။ ခင် ဘယ်အချိန်က ကျွန်တော်တို့အနား ရောက်နေသည်ကို ကျွန်တော် မသိလိုက်။

ထို့နောက်… ကျွန်တော့ရှေ့တွင် ရပ်နေသော မိန်းမ နှစ်ယောက်၊ တစ်ယောက်က ကျွန်တော့ကို ပြုံးပြနေသည်။ နောက်တစ်ယောက်က စူးရှသော အကြည့်တွေနှင့် ကြည့်နေသည်။ ပြုံးပြနေသူက မေ… စူးရှရှနဲ့ ဘီလူးတစ်ကောင်လို ကြည့်နေသူက ခင်…။ ခင့်အကြည့်များက စိုးရိမ်မှုပုံရိပ်များအသွင် ပြောင်းလဲဖြာထွက်လာနေသည်။ ကျွန်တော်တို့ သုံးယောက် တစ်ယောက်နဲ့ တစ်ယောက် သိပ်ကို နီးကပ်နေသည်။ ထိုအခိုက်အတန့်မှာပင် ကျွန်တော့ အိမ်နီးချင်း အခန်းတံခါး ပွင့်လာပြီး အိမ်နီးချင်းသူငယ်ချင်း ထွက်လာသည်ကို ကျွန်တော်လှမ်းမြင်လိုက်ရသည်။ ထူးထူးဆန်းဆန်း တစ်ခါမှ ဖွင့်ထားလေ့မရှိသော ကျွန်တော့ အခန်းတံခါးမကြီး ပွင့်နေသည့်အတွက် သူငယ်ချင်းက အထဲသို့ဝေ့ဝဲကြည့်သည်။ ထိုအခိုက်… ကျွန်တော့၏ ဖက်ထားသော လက်များကို ဖြည်းဖြည်းချင်း ဖြေလျော့မိလိုက်သည်တွင်…
ကျွန်တော့၏ ညာဘက်လက်မှ စွတ်စိုမှုအရသာတစ်ခု ခံစားမိလိုက်ရသည်။ ခင် က အဲ့တော့မှ အသိပြန်ဝင်လာသလို ပုံစံနှင့် အနောက်သို့ တစ်လှမ်းချင်း လှမ်းသွားသည်။ ထို့နောက် ခင် ကြမ်းပြင်ပေါ်သို့ အရုပ်ကြိုးပြတ်သလို ထိုင်ကျသွားပြီး… လက်ထဲမှာ ဓားက ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ ကျွန်တော် မေ့ကို ငုံ့ကြည့်မိသည်။ မေ က ပြုံးပြုံးလေး ကျွန်တော့ကို ကြည့်နေသည်။ ကျွန်တော့ ရင်ခွင်ထဲမှာ မေ က ကလေးလေးတစ်ယောက်လို။ ဖြူစင်တဲ့ အပြုံးတွေနဲ့ ကျွန်တော့ကို ပြုံးပြနေသည်။ မေ့ကို ကျွန်တော် ပြန်ပြီး တင်းတင်းကျပ်ကျပ် ဖက်ထားမိလိုက်သည်။

ကျွန်တော်။   ။မေ ဘာလို့ ဒီလို လုပ်ရတာလဲ။ မေ… ကို့ကို တစ်သက်လုံး နောင်တရအောင် လုပ်လိုက်တာလား။ မေ… ရယ်… မေ။
သူမ။   ။ ကို့ကို မေ သိပ်ချစ်တယ်။ မေ ချစ်ရတဲ့ ကို့ကို ဘယ်သူကမှ နာကျင်အောင် ထိခိုက်အောင် လုပ်လို့မရဘူးလို့ ကို့ကို မေ ပြောဖူးတာ… အခု ယုံပြီမလား။
ကျွန်တော်။   ။ မေရယ်… ကိုယုံတယ်။ ကို ဟိုးအစကတည်းက မေ့ကို ယုံတယ်။ နောက်ပြီး ကို ပြောစရာရှိတယ်မေ… မေ့ကို ကို သိပ်ချစ်တယ်။
သူမ။   ။ မေ သိပါတယ် ကိုရယ်။ မေလည်း ကို့ကို ချစ်တယ်။

ထို့နောက် သူငယ်ချင်းက အော်ဟစ်ကာ အကူအညီတောင်းလေသည်။ အိမ်နီးချင်းများ အပြေးအလွှား ရောက်လာကြသည်။ ကျွန်တော် ဘယ်သူ့ကိုမှ ဂရုမစိုက်အားတော့… မေ၏ ညာဘက်ကျောခြမ်းမှ ဓားဒဏ်ရာသည် သွေးများ ယိုစီးကျလာနေသည်။ ကျွန်တော် မေ့ကို ပွေ့ချီလျက် အိမ်ပေါက်ဝသို့အထွက် အိမ်နီးချင်းများ၏ အော်သံတစ်ခုကို ကျွန်တော် ကြားလိုက်ရသည်။

“မလုပ်နဲ့…”

ကျွန်တော် ခင့်ကို လှည့်ကြည့်လိုက်မိသည်။ ခင် ကြမ်းပြင်ပေါ်တွင် မလှုပ်မရှက် လဲကျနေပြီဖြစ်သည်။ ခုဏက ကြမ်းပြင်ပေါ် ပြုတ်ကျနေသော ဓားက ခင့်၏ ညာဘက်လက်ထဲတွင်...

No comments:

Post a Comment