"၂၀၁၅ ?"
လူတစ်ယောက်နဲ့
တစ်ယောက် လွတ်လပ်စွာ သဘောထားကွဲလွဲပိုင်ခွင့်ရှိတယ်။ လွတ်လပ်စွာ တွေးပိုင်ခွင့်ရှိသလို
အဲဒီ့အတွေးတွေကိုလည်း လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်ရှိကြတယ်။
ဒီတော့ တစ်ယောက်နဲ့တစ်ယောက်
ဘာတွေများ ကွဲလွဲနေကြလဲဆိုတာမျိုးက စကားပြောကြည့်မှ သိကြမှာမဟုတ်လား။ ဥပမာ - သူက ဒီစာအုပ်ကိုကြိုက်တယ်၊
ကိုယ်က မကြိုက်ဘူး... ကြိုက်တဲ့လူကတော့ ကောင်းတယ်ဆိုတဲ့ စကားပြောမှာပဲလေ။ ဒီတော့ ကောင်းတယ်
မကောင်းဘူးဆိုပြီး အငြင်းပွားကြတော့မယ်။ ဒါကို အငြင်းပွားမနေဘဲ ဘာတွေကြောင့် မကြိုက်လဲ
ဘာတွေကြောင့်ကြိုက်လဲ စသည်ဖြင့် အေးအေးဆေးဆေး ဆွေးနွေးဖို့ ဝန်မလေးသင့်ဘူးလို့ ထင်တယ်။
ကျွန်မကတော့ကျွန်မနဲ့ သဘောထားမတိုက်ဆိုင်တဲ့ လူတွေရဲ့အမြင်တွေကို နားထောင်ဖို့ အမြဲတမ်းကြိုးစားနေမိတယ်။
ရန်ဖြစ်ဖို့မဟုတ်ဘူး။ တစ်ယောက်နဲ့ တစ်ယောက် ဆွေးနွေး ညှိနှိုင်းဖို့အတွက်ပါ။ ဒီလိုမျိုး
ပြောကြဆိုကြရင်းကမှ ဘယ်အရာကတော့ဖြင့် လက်ခံနိုင်တယ်၊ လက်ခံသင့်တယ်ဆိုတာမျိုးကို သိလာကြမှာမဟုတ်လား။
ကိုယ်က ကိုယ့်ဘက်ကနေ "ဂ" ရေးလိုက်ပေမယ့် ကိုယ့်မျက်နှာချင်းဆိုင်က လူက သူ့ဘက်က
ကြည့်ပြီးတော့ "ပ" လို့ ဖတ်ချင်ဖတ်မယ်။ ကိုယ့်ဘေးက လူတွေက "င"
သို့မဟုတ် "၁" လို့ ဖတ်ချင်ဖတ်မယ်။ ဒီအတိုင်းထားလိုက်ရင် အားလုံးကတော့ ကိုယ့်အတွေးနဲ့ကိုယ်
မှန်နေကြတယ်ပေါ့။ ဟုတ်ပါတယ်။ ကိုယ့်အတွေးနဲ့ကိုယ်ကတော့ ထာဝရမှန်နေမှာပါ။ ဒါပေမယ့် တစ်ယောက်နဲ့
တစ်ယောက် အေးအေးဆေးဆေး စကားပြောဆိုဆွေးနွေးကြမယ်ဆိုရင် အဖြေတစ်ခုကိုတော့ အလွယ်တကူ ရှာတွေ့နိုင်မှာပါ။
ဟုတ်ပါတယ်... ရေးထားတဲ့ စာရွက်ကို လှည့်ကြည့်ရင်ပဲ ဖြစ်ဖြစ် လူတွေ နေရာရွှေ့ထိုင်ရင်ပဲ
ဖြစ်ဖြစ် နောက်ဆုံးမှာ အားလုံးဟာ မှန်နေကြပါလားဆိုပြီး တွေ့ရှိသွားမှာပါ။ လူတွေက တစ်ယောက်တစ်မျိုးဆီ
အကြိုက်တွေ မတူကြပါဘူး။ ဥပမာ - ကိုယ်က ရုပ်ရှင်မင်းသား သူထူးစံကို ကြိုက်တယ်၊ ကိုယ့်သူငယ်ချင်းက
နေတိုးကိုကြိုက်တယ်။ ဆိုကြပါစို့ဗျ…ကိုယ်ကြိုက်တဲ့ မင်းသားကတော့ သရုပ်ဆောင်တာ အကောင်းဆုံးပဲပေါ့။
မဟုတ်ဘူးလား။ သူထူးစံလည်း သူ့နေရာနဲ့သူ သရုပ်ဆောင်တာ တော်သလို နေတိုးလည်း သူသရုပ်ဆောင်ရမယ့်အပိုင်းကို
သူပိုင်အောင် သရုပ်ဆောင်တာပဲလေ။ ဒီလိုပါပဲ… နိုင်ငံကို အုပ်ချုပ်မင်းလုပ်မယ့် လူတွေကိုလည်း
ကိုယ့်အတွေးနဲ့ကိုယ် ကြိုက်ပိုင်ခွင့်ရှိသလို ကိုယ့်အတွေးနဲ့ကိုယ် မကြိုက်ပိုင်ခွင့်တွေရှိပါတယ်။
ဒါပေမယ့် စဉ်းစားကြည့်ရအောင်… လူတစ်ယောက်က အရာဝတ္ထုတစ်ခုကိုပဲ ကောင်းတယ်၊ အဲဒီ့အရာကိုပဲ
ကြိုက်နေမယ်ဆိုရင် တခြားအရာတွေရဲ့ ကောင်းကွက်၊ တခြားအရာတွေရဲ့ အားသာချက်တွေကို သူ ဘယ်လိုမှ
သိတော့ မြင်တော့မှမဟုတ်ဘူး။ အစားအစာတစ်ခုကို မြည်းမကြည့်ဘဲ ကောင်းမကောင်းမသိနိုင်သလို…
ရုပ်ရှင်တကားကို ထိုင်မကြည့်ဘဲလည်း ကောင်းမကောင်းဆိုတာက မသိနိုင်ပါဘူး။ ဒီတော့ လူတစ်ယောက်ရဲ့
အကြောင်းကိုလည်း သေချာ ဂဃနဏမသိပါဘဲနဲ့ ဒီလူဟာ မကောင်းပါဘူး။ ဒီလူဟာ ခေါင်းဆောင် မဖြစ်ထိုက်ပါဘူးလို့
… ဘူးခံငြင်းနေမယ့်အစား… ဒီလူရဲ့အကြောင်းတွေကို သေချာသိရအောင် ဒီလူရဲ့ကောင်းကွက်တွေကို
မြင်အောင် လိုက်ပြီးလေ့လာစုံစမ်းမှု ပြုမယ်ဆိုရင် တချိန်ချိန်မှာတော့ ကိုယ်လိုချင်တဲ့အဖြေကို
ရလိမ့်မယ်ထင်တယ်။ အခုခေတ်က… တခြားလူတစ်ယောက်ယောက်က မကောင်းဘူးပြောရင် မျက်စိမှိတ်ယုံလိုက်တာမျိုးတွေ
ဖြစ်နေတယ်။ တခြားလူက ကောင်းတယ်လို့ ပြောရင်လည်း အင်း ကောင်းတယ်ဆိုပြီး ခေါင်းညှိတ်လိုက်ကြတာမျိုးတွေ
ဖြစ်နေတယ်။ တကယ်အဲဒီ့လူဟာ ကိုယ်တွေအတွက် ဘာတွေများလုပ်ပေးနိုင်မလဲဆိုတာမျိုးကို ကိုယ်တိုင်ရှာဖွေဖော်ထုတ်ဖို့
မပြုကြဘူး။ သူများပြောသမျှ လိုက်ယုံနေကြတယ်။ ဒီတော့ သေချာစဉ်းစားကြည့်ကြပါ။ တစ်ချို့ဆို
ကိုယ့်ဦးနှောက်နဲ့ကိုယ် စဉ်းစားတတ်တဲ့အရွယ်တွေလည်း ရောက်နေကြပြီ။ ဒီတော့ အခု ၂၀၁၄
ကနေစပြီး ၂၀၁၅ နှစ်ကုန်အထိဆို တစ်နှစ်ကျော်ကျော် အချိန်တွေ ရပါသေးတယ်။ ဒီအချိန်တွေအတွင်းမှာ
ကိုယ်လေ့လာမှုတွေလုပ်ပါ။ လူတွေနဲ့ ဆွေးနွေးတိုင်ပင်ပါ။ ပြီးရင် ၂၀၁၅ နှစ်အကုန်မှာ ပြုလုပ်မယ့်
ရွေးကောက်ပွဲမှာ ကိုယ့်ရဲ့ ဦးနှောက်နဲ့ ရွေးချယ်ထားတဲ့ အဖြေကို ရဲရဲဝံ့ဝံ့ကြီး ယုံကြည်စွာနဲ့
မဲထည့်နိုင်ဖို့အတွက်… အခုကတည်းကနေ စတင်လေ့လာပါ။ ကိုယ့်အတွက်…ကိုယ့်မိသားစုအတွက်…ကိုယ့်ရပ်ကွက်အတွက်…ကိုယ့်မြို့နယ်အတွက်…ကိုယ့်တိုင်း/ပြည်နယ်အတွက်…ကိုယ့်နိုင်ငံအတွက်…
ကိုယ်ယုံကြည်ရမယ့်လူဟာ ဘယ်သူများဖြစ်မလဲ။
No comments:
Post a Comment