"ထွက်ခွာခြင်း"
လက်ပြနှုတ်ဆက်ပြီး
ထွက်ခွာသွားတဲ့ လူတစ်ချို့
လူသိ သူသိ ထွက်ခွာသွားကြတယ်။
လူသိ ရှင်ကြား ကြေငြာသွားကြတယ်။
ဆိုင်သူငိုလို့ မဆိုင်သူတွေက
ချော့မြူကြ…
ပိုင်သူငိုလို့ မပိုင်သူတွေက
နှစ်သိမ့်ကြနဲ့
ရုပ်စုံသဘင်ကြည့်နေရသလို
တစ်ယောက်အပေါ် တစ်ယောက်မှီလို့
တစ်ယောက်ကို တစ်ယောက်ကတွဲလို့
မီးခိုးထုတွေထဲ ဘယ်အရာရှိသည်မသိ
လိုက်ရှာနေကြတယ်။
လက်ပြမနှုတ်ဆက်ပဲ
လူမသိ သူမသိ
ထွက်ခွာသွားတဲ့
လူတစ်ချို့ကတော့
လူသိရှင်ကြား ကြေငြာဖို့မလို…
အသိမိတ်ဆွေမရှိ
ဆွေးမျိုးသားချင်းမရှိ
ဘယ်အချိန်က ထွက်ခွာသွားမှန်းမသိကြ
ဘယ်နေရာကို ထွက်ခွာသွားမှန်း
မစုံစမ်းကြ
မဆိုင်သလိုနေကြ… မသိသလိုပြုမူကြနဲ့
အမှောင်ထုထဲက
ကားမီးရောင်က
သူ့ကို နတ်ပြည်အရောက်ပို့တဲ့
အလင်းတန်းလို့ မြင်သူကမြင်
အမှောင်ထုထဲက
မီးရထားသံက
သူ့ကို ကောင်းရာသုဂတိလားဖို့
သံစုံတီးဝိုင်းအထင်နဲ့တင်မပြီး…
သံယောဇဉ်မကုန်သေးလို့
လုပ်နေကြအလုပ်တွေကို
လုပ်နေဆဲ…
သံယောဇဉ်မပြတ်သေးလို့
သွားနေကြနေရာတွေကို
သွားနေဆဲ… အခိုက်အတန့်က
လက်ပြနှုတ်ဆက်သူကော
လက်ပြမနှုတ်ဆက်သူပါ…
နောက်တစ်နေရာကို
ထွက်သွားဖို့အချိန်ရောက်သည်အထိ စောင့်စားနေကြတယ်။
No comments:
Post a Comment