"အချစ်ရဲ့ နိဒါန်း၊ အမုန်းရဲ့ နိဂုံး"
နှစ်ဦးသဘောတူ
ချစ်သူဖြစ်ခဲ့ကြတဲ့ သူနဲ့ကျမရဲ့ ဇာတ်လမ်းက အချစ်နဲ့ အစပြုခဲ့တဲ့ နိဒါန်းတစ်ခုပါ။ ရှင်းရှင်းလင်းလင်းပြောရမယ်ဆိုရင်
ဒီနိဒါန်းကို ကျမ စပြီးရေးဖြစ်ခဲ့တာပါ။
နောက်တော့ နှစ်ဦးသဘောတူ ဇာတ်လမ်းတစ်ပုဒ်ရေးဖို့
မဟုတ်ပေမယ့် နှစ်ဦးသဘောတူ အနာဂတ်တွေ တည်ထောင်ဖို့လို့ ယုံကြည်ထားကြတယ်။ အတိုင်းအတာ
တစ်ခုအထိတော့ ကျမ ယုံကြည်ချက်လေး ခိုင်မြဲခဲ့ပါတယ်။ ဒါပေမယ့် အမြဲတမ်းအတွက်တော့ မှန်မနေခဲ့ဘူး။
ပတ်ဝန်းကျင်ရဲ့
ကဲ့ရဲ့မှု၊ နှောက်ယှက်မှု၊ ဝင်ရောက်စွက်ဖက်မှုတို့ကြောင့် အချစ်နဲ့စခဲ့တဲ့ နိဒါန်းလေး
မပြီးခင်မှာပဲ အရောင်ပြောင်းသွားခဲ့ပြီ။ သံယောဇဉ်ဆိုတာက နွံတစ်ခုပါပဲ။ ရုန်းထွက်ဖို့
ကြိုးစားလေလေ နစ်လေလေ၊ လှုပ်လေလေ မြုပ်လေလေပဲလေ။ ကျမက အချစ်တွေကို သံယောဇဉ်နဲ့အတူ ပူးတွဲချည်နှောင်ထားတဲ့
သူဆိုတော့ နွံထဲမှာ နစ်သထက်နစ်၊ မြုပ်သတက်မြုပ် နောက်ဆုံးတော့ အစရှာမရအောင်ကို ပျောက်ကွယ်သွားတယ်။
နိဒါန်းကို
အဆုံးသတ်ဖို့ နိဂုံးလို့များ ပြောင်းလဲသတ်မှတ်လိုက်တာလား… သူ့ရဲ့ မတင်မကျ ဖြစ်နေတဲ့
စိတ်ကို အဖြေတစ်ခုထွက်လာဖို့အတွက် ကျမ ကူညီပေးခဲ့တယ်။ ဖြူဖြူစင်စင်နဲ့ ကူညီပေးခဲ့တဲ့
ကျမရဲ့ စိတ်ဓာတ်ကို ကျမ မုန်းမိတယ်။ အချိန်ကြာလာတာနဲ့အမျှ သူနဲ့ကျမ ဝေးကွာခဲ့တယ်။ ပတ်ဝန်းကျင်ကတော့
အရင်လိုပါပဲ။ ကဲ့ရဲ့မှုတွေပြုတုန်း၊ နှောက်ယှက်မှုတွေ ရှိနေတုန်း၊ ဝင်ရောက်စွက်ဖက်နေကြတုန်းပေါ့။
ကျမက
ကျမ ရေးလက်စဖြစ်နေတဲ့ နိဒါန်းလေးကို ဆက်ရေးဖို့ကြိုးစားချင်သေးပေမယ့်… သူကတော့ သူရေးပြီးသွားတဲ့
နိဂုံးကို အဆုံးသတ်ပြီးသွားလို့ စာအုပ်ပိတ်ပြီးသွားပြီလေ။ မြန်ဆန်လွန်းလှတဲ့ အဖြစ်အပျက်တွေဖြစ်ပြီးသွားတဲ့နောက်
ကျမ ပြန်စဉ်းစားကြည့်တော့ နဂိုအတိုင်းပါပဲလား…
သူကလည်း သူပဲ၊ ကိုယ်ကလည်း ကိုယ်ပဲ။ ဘာထူးခြားသွားတာများ ရှိသလဲ။ ဒီအမေးကို ထပ်ခါထပ်ခါမေးလည်း
ထွက်ကျလာတဲ့အဖြေက…
"သူ့ကို
ကျမ တကယ် ချစ်ခဲ့တာပဲ… နောက်ပြီး ကျမ ကိုယ် ကျမ တော်တော် မုန်းမိသွားတယ်။"
ဒီအဖြစ်အပျက်တွေက
သူ့အတွက် ဘာမှမထူးခြားသွားပေမယ့် ကျမ အတွက်ကတော့ ထပ်ခါထပ်ခါ မက်ချင်နေတဲ့ အိမ်မက်တစ်ခုအဖြစ်
ထူးထူးခြားခြား ကျန်ရှိနေခဲ့ပြီ။
No comments:
Post a Comment