"ရန်ကုန်က ဘတ်စ်ကားများနှင့် ကျွန်မ"
၂၀၁၃ ရဲ့အဖွင့်က ကျမကို နားမလည်နိုင်လောက်အောင် ခက်ခဲတဲ့ ပုစ္ဆာတစ်ပုဒ်နဲ့ အစပြုလိုက်ပြီ။ ဘာတွေဖြစ်ကုန်ပြီလဲ…
ညနေကျောင်းသွားဖို့
ထုံးစံအတိုင်း အိမ်ကနေထွက်လာခဲ့တယ်။ အခုကားဂိတ်မှာ သောင်တင်နေတာ (၁၅)မိနစ်လောက်ရှိပြီ။
အရင်ကဆို ၅၀ တန်ဘတ်စ်ကားတွေမလာရင်တောင် ၂၀၀ တန်ကားတွေကိုတွေ့မိပါတယ်။ ဒီနေ့မှဘာတွေဖြစ်နေလဲ။
စောင့်ရတာနည်းနည်းကြာလာလို့ ကျမ စိတ်သိပ်မရှည်တော့ပါ။ ဒီတစ်ခါ ဘယ်လောက်တန်ကားပဲလာလာ
စီးမည်ဟု။
ကံကောင်းစွာနဲ့ပဲ
(၁၂၄) ဘတ်စ်ကားဆိုက်ရောက်လာတယ်။ ဘာမှစဉ်းစားမနေတော့ပဲ ကားပေါ်ကို အပြေးအလွှားတက်လိုက်ပြီးနောက်
ထိုင်ခံ၌တန်းပြီးဝင်ထိုင်လိုက်တော့သည်။ ကားပေါ်ရောက်တာနဲ့ အပေါက်ဆိုးတဲ့ စပယ်ယာတွေရဲ့
အသံများကို ကြားလိုက်ရသည်။ စပယ်ယာတွေထဲမှာ လူယဉ်ကျေးတွေရှိသလို အခုလိုအပေါက်ဆိုးတဲ့
သူတွေလည်း ရှိလေသည်။ လူအမျိုးမျိုး စိတ်အထွေထွေ ဆိုတာမျိုးပေါ့။ အခုစပယ်ယာနှစ်ယောက်လုံးက
အပေါက်တော်တော်ဆိုးကြတာပဲ။ ဘာမှမဆိုင်တဲ့ ကားတွေကိုပါ လှမ်းအော်ဆဲနေတော့တာပဲ။ ဟူး…
ကျမသည်းမခံနိုင်သည့်အဆုံးတော့ ဖုန်းဖွင့်ပြီးသာ သီချင်းနားထောင်ရင်း လိုက်သွားတော့သည်။
တော်ရုံဆို
၂၀၀ တန်ကားမစီးတဲ့ ကျမ သတိပြုမိလိုက်တာက ဒီကားမောင်းတာ မြန်သထက်မြန်လာနေတယ်။ စပယ်ယာတစ်ယောက်ကတော့
အနောက်မှာဘာကားတွေ ပါလာလဲဆိုတာကို အရိပ်တကြည့်ကြည့်နဲ့ပေါ့။ နောက်တစ်ယောက်ကတော့ ဖြည်းဖြည်းပုံမှန်
သွားနေတဲ့ လမ်းပေါ်က ကားမှန်သမျှကို အော်ဆဲနေတော့တယ်။ သမိုင်းကားဂိတ်ကနေ ပြန်ထွက်တော့
စပယ်ယာတွေက ဆင်းမယ့်မှတ်တိုင်တွေကို မမေးတော့ဘူး။ ကျမ သတိထားမိလိုက်တာကတော့ ကရင်ကောင်လေးနှစ်ယောက်
ကားအပေါက်ဝနားကို ကပ်သွားကြတယ်။
သူတို့က
ခဝဲခြံမှာများ ဆင်းလေမလားဆိုပြီး စပ်စုလိုက်သေးတယ်။ ခက်တာက ကားကအရှိန် လုံးဝမလျှော့ဘဲ
မောင်းလိုက်တာ ဘယ်မှတ်တိုင်မှကို မရပ်ဘူး။ ဒီလိုနဲ့ (၁၂၄) ဘတ်စ်ကားက ကျမ ငယ်ငယ်က အိမ်မက်ထဲကကျောင်းတော်ကြီး
(RIT) အရှေ့ကိုရောက်လာပြီ။ နောက်တစ်ဂိတ်က ကြို့ကုန်း၊ ပြီးရင် ကျမ ဆင်းမယ့် (BOC) မှတ်တိုင်
ရောက်ပြီ။ သို့ပေမယ့် ဒီကားက ကြို့ကုန်းမှတ်တိုင်မှာလည်း မရပ်ပေ။ ဆက်တိုက်မောင်းလာတာ
သမိုင်းကတည်းက။ ကျမ ဆင်းရမယ့်မှတ်တိုင်နီးလာတော့ "BOC ပါတယ်နော်" လို့စပယ်ယာကို
သတိပေးလိုက်တယ်…
အဲဒီ့တော့
စပယ်ယာတစ်ယောက်က "ကျတော်တို့ ကားပြိုင်မောင်းနေလို့ပါ၊ အနောက်က ကားပါလာလို့၊ အဲ့ဒါ
အင်းစိန်ပန်းခြံရောက်မှာ ရပ်တော့မှာ" ဆိုပြီး ကျမကို ပိုက်ဆံ ၁၀၀ လက်ထဲလာထည့်ပေးတယ်။
နောက်တော့သူကဆက်ပြောသေးတယ်။ "ပိုက်ဆံ ၁၀၀ ပြန်ယူသွားလိုက်ပါ၊ ဟိုကနေမှ BOC ကိုကားပြန်စီးပေါ့။"တဲ့…
တိန်…သေစမ်း။
ဘာပြန်ပြောရင်ကောင်းမလဲ စဉ်းစားနေချိန်မှာပဲ စပယ်ယာနောက်တစ်ယောက်ရဲ့ ဆဲဆိုမှုအသံနဲ့အတူ
ကျမလဲကျလုမတတ် ကားကြီးယိမ်းထိုးသွားတယ်။ အကွေ့ကို အရှိန်မလျှော့ဘဲ ကွေ့တာကိုး။ ကျမစိတ်ထဲမှာ
မကျေနပ်နိုင်။ ကြိတ်မနိုင်ခဲမရဖြစ်နေတော့သည်။ ကျမ ဘာမှပြန်မပြောတာလား၊ ပြန်ပြောချင်စိတ်မရှိတာလားလို့
ကိုယ့်ကိုကိုယ်စဉ်းစားနေမိသည်။ အားမလိုအားမရဖြစ်မှုတွေကို ဟောင်းနွမ်းဆုတ်ပြဲနေတဲ့ ၁၀၀
တန်ပိုက်ဆံပေါ်ကိုသာ ပုံချလိုက်တော့သည်။ ပြန်ပြောချင်စိတ်မရှိလောက်အောင်ကို ရိုင်းတဲ့
စပယ်ယာတွေကို စိတ်ထဲမှ မုန်းပစ်လိုက်သည်။
ဘာ…ကားပြိုင်မောင်းတယ်…ဟုတ်လား။
ကားပြိုင်မောင်းရအောင် ခင်ဗျားတို့ကိုယ်ပိုင်ကားလား။ ကားပြိုင်မောင်းရအောင် ကားမောင်းပြိုင်ပွဲလားဗျ။
လူတွေကိုခရီးရောက်အောင် ပို့ပေးရမယ့် တာဝန်ကဘယ်ရောက်သွားလဲ။ တောက်………….. ကုလားကျောင်း၊
ခဝဲခြံ၊ BBI၊ ကြို့ကုန်း၊ BOC ဘယ်မှတ်တိုင်မှမရပ်ဘဲ ပါလာတဲ့သူတွေကို ပိုက်ဆံပြန်အမ်းလိုက်ရုံနဲ့
ကိစ္စကပြီးသွားရောလား။ ကျမ တကယ်ကို စိတ်ကုန်မိတယ်။ ပန်းခြံရောက်တော့ ကျမနဲ့အတူ ကားပေါ်ကဆင်းတဲ့
သူတွေအားလုံးတစ်ခွန်းမှမဟရဲကြဘူး။ အဲဒီ့အထဲမှာကျမလည်းပါတယ်။
လူဆိုး၊လူမိုက်၊အရိုင်းအစိုင်းတွေနဲ့
စကားပြောနေဖို့၊ ရန်ဖြစ်နေဖို့ကလည်း ကျမတို့လို လူမျိုးတွေအတွက်က မဖြစ်နိုင်ပါ။ လူကိုကားပေါ်ကနေကန်ချပြီးသည်နှင့်
မောင်းထွက်သွားသော (၁၂၄) ဘတ်စ်ကားကို ကားနံပါတ်မမှတ်လိုက်ရ၍ သိပ်မကျေနပ်။ စိတ်ဆိုးဆိုးနှင့်
အင်းစိန်ပန်းခြံမှ ကျောင်းအထိလမ်းသာလျှောက်လိုက်တော့သည်။ လမ်းလျှောက်လျက်ပင် အတွေးများပြည့်နှက်နေသည့်
ခေါင်းတစ်ခုလုံးမှာ ကျောင်းရောက်သွားမှပဲ စိတ်အေးသွားတော့သည်။
ညနေကျောင်းက
စောစောဆင်းတော့ ထုံးစံအတိုင်းကျောင်းကနေ ကြို့ကုန်းအထိ သူငယ်ချင်းနှစ်ယောက်နှင့်အတူ
လမ်းလျှောက်ဖြစ်သည်။ တစ်ချို့ဘတ်စ်ကားတွေက ကြို့ကုန်းကနေစစီးရင် ၅၀၊ တစ်ချို့ကတော့
၁၀၀ ပေးရတယ်။ ခဏလောက်စောင့်ပြီးတဲ့နောက် (၂၂၆) ဘတ်စ်ကားရောက်လာတယ်။ ဒီကားက ဘူတာရုံလမ်းအထိကို
၁၀၀ ပေးရမှန်း ကျမသိတယ်။ ကားပေါ်သို့သူငယ်ချင်းများနှင့်အတူ တက်လိုက်သည်။
ကားပေါ်ရောက်တော့
သူငယ်ချင်းနှစ်ယောက်အတွက်က ၁၀၀၊ ကျမအတွက်က ၁၀၀ ဆိုပြီး ၂၀၀ တန် တစ်ရွက်ထုတ်ထားသည်။
စပယ်ယာကလာတော့ ကျမပိုက်ဆံပေးလိုက်တာ…သူက "ဘယ်ကိုသွားမှာလဲ" တဲ့။ ကျမ သူငယ်ချင်းတစ်ယောက်က
သုံးယောက်လုံးဆင်းမည့် ကားဂိတ်တွေကို ရွတ်ပြလိုက်သည်။ ဒီတော့ စပယ်ယာက "သမိုင်းအထိက
၁၀၀ကျတယ်၊ ဘူတာရုံလမ်းဆိုရင် ၁၅၀ ကျတယ်" တဲ့။ "ဘာ" ဆိုတဲ့ အသံက ကျမ
ဆီမှထွက်သွားတဲ့အသံ။
စပယ်ယာက
ကျမ ကိုကြည့်ပြီးထပ်ပြောတယ်… "ညဘက်ဖြစ်သွားရင် ဒီလိုပဲလေ၊ မသိဘူးလား" တဲ့။
"ဟော်တော့… ကားပေါ်မှာကပ်ထားတဲ့ စာရွက်ထဲမှာတော့ နေ့တွေ၊ညတွေ ခွဲထားတာမျိုးမရှိပါဘူး။
နောက်ပြီး ဈေးနှုန်းကလည်းပုံမှန်ပဲကောက်ရမှာပေါ့။ အရင်ကလည်း သွားနေကြ ဘူတာရုံလမ်းအထိက
၁၀၀ပါပဲ" လို့ ကျမက ပြန်ပြောတော့ သူငယ်ချင်းက ကျမကို ဆက်မပြောဖို့တားပြီး သူကပဲ
ပိုက်ဆံထပ်ထုတ်ပေးလိုက်တယ်။
ကျမက
ပိုက်ဆံ ၅၀ လောက်နဲ့တွယ်ကပ်နေတတ်တဲ့ လူစားမျိုးမဟုတ်ပါဘူး။ သို့ပေမယ့် သူတို့ပါးစပ်ထဲမှာ
ပြောင်းချင်သလိုပြောင်း၊ တောင်းချင်သလိုတောင်းတဲ့ ဈေးနှုန်းအတိုင်းမပေးချင်တာပါ။ ဒီနေ့
တွတ်ပီ ကံမကောင်းပါလား ဆိုသလို နရီ ကံမကောင်းပါ။ ဘတ်စ်ကားစီးရင်း ခေါင်းထဲကို ပစ်ပစ်ဝင်လာတဲ့အတွေးတွေက
ရင်တစ်ခုလုံးကို လေးလံနေစေခဲ့တယ်။ ဘာလို့လဲ…ဘာလို့ကားတွေပြိုင်မောင်းကြတာလဲ။ ဘာလို့လဲ…
ဘာလို့ နေ့နဲ့ည ယာဉ်စီးခတွေ ကွာဟနေရတာလဲ။
ကျမရဲ့အတွေးတွေကို
ရပ်တန့်ပစ်လိုက်တာကတော့ ဦးလေးကြီးတစ်ယောက်…စပယ်ယာကို သူက "ကားကို မြန်မြန်မမောင်းပါနဲ့လား"
ဆိုပြီး ချိုချိုသာသာနဲ့ တိုက်တွန်းလိုက်တဲ့စကား။ ကျမလည်း အဲဒီ့ဦးလေးကြီးကို အပြည့်အဝထောက်ခံတဲ့
မျက်လုံးတွေနဲ့ ပြုံးပြလိုက်တယ်။ ဒီတော့ စပယ်ယာက "ခင်ဗျားကြီး အေးဆေးနေစမ်းပါဗျာ၊
ဟိုမှာကားအပြိုင်လိုက်လာရတဲ့ကြားထဲ၊ ညစ်နေတဲ့အထဲ ခင်ဗျားကြီးကတစ်မျိုး၊
………….." ဆိုပြီးလူကြီးကိုအားမနာတမ်းပြန်ဆဲနေတဲ့ စပယ်ယာ ကံကြီးထိုက်ပါစေလို့တောင်
ကျိန်ဆဲလိုက်ချင်တယ်။
ပြောနေတုန်းမှာပဲ
(၂၂၆) နောက်တစ်စီးက ကျမတို့ကားကို မှီလာတယ်။ သံလမ်းမှတ်တိုင်မှာ ကားပိတ်ရပ်လို့ဆိုပြီး
ဟိုဘက်ကားကရန်ရှာတော့… သုခမှတ်တိုင်မရောက်ခင်လေးမှာပဲ ကားနှစ်စီး လမ်းမအလည်မှာရပ်ပြီး
ရန်ဖြစ်ကြတယ်။ ကျမစီးလာတဲ့ ဘတ်စ်ကားပေါ်က စပယ်ယာက ကားပေါ်မှာပါလာတဲ့ သံတုတ်ကိုဆွဲပြီး
ဟိုဘက်ကားနားအထိရောက်သွားတယ်။ တကယ်ချကြပြီလို့ထင်နေပေမယ့်… ချလည်းမချကြဘူး။ ဆဲနည်းမျိုးစုံဆဲဆိုပြီး
လက်မပါတဲ့ရန်ဖြစ်ပွဲကို ဆင်နွှဲနေကြတယ်။
ကျမအတွက်ကတော့
အဲဒီ့ဇာတ်ဝင်ခန်းက မင်းမဲ့တိုင်းပြည်မဟုတ်ဘူး ဆိုတဲ့ စကားကိုအမှတ်ရစေလို့ မဲ့ပြုံးတစ်ချက်ပြုံးမိလိုက်တယ်။
စပယ်ယာနှစ်ယောက်လုံးကားပေါ် ပြန်ရောက်လာတော့ တစ်ယောက်က… "ကျုပ်တို့မောင်းချင်သလိုမောင်းမယ်၊
ခင်ဗျားတို့အပူမပါဘူး၊ မကျေနပ်ရင် တိုင်ချင်တဲ့နေရာသွားတိုင်၊ ဟိုလိုမောင်း၊ ဒီလိုမောင်းဆိုပြီး
ဆရာကြီးလာမလုပ်နဲ့၊ ရင်ထဲမှာ ပန်းတွေပွင့်နေတာမဟုတ်ဘူး၊ ဒူးရင်းသီးတွေသီးနေတာ"
တဲ့။ ဘယ်သူကမှလည်း ဘာမှဆက်ပြောမနေတော့ဘဲ ကြိတ်မှိတ်ပြီးစီးလာကြတယ်။ ကားဂိတ်ရောက်တော့လည်း
ဆင်းမယ့်သူတွေကို ကန်မချရုံတမယ်၊ တွန်းချတာနဲ့ ခပ်သုတ်သုတ်ဆင်းခဲ့ပြီး ကျမ စီးနေကျ
ဆိုက်ကားရှိရာကို ဦးတည်လျှောက်ခဲ့တယ်။
ရင်ထဲမှာတော့
အခုအချိန်ထိ အဖြေမရသေးတဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေကို အဖြေရှာဖို့ နောက်ထပ်မေးခွန်းတွေကိုပဲ
စဉ်းစားနေမိတော့တယ်။
(7
Jan 2013)
No comments:
Post a Comment