Wednesday, June 12, 2013

Beyond Imperfection

"Beyond Imperfection"


စိတ်ထဲမှာ မတင်မကျမှုတွေနဲ့ ပြည့်နှက်နေတယ်။ ဘယ်ခရီးကိုသွားပြီး ဘယ်မှာနားခိုရမလဲ စဉ်းစားလိုက်တိုင်း လမ်းနှစ်သွယ်ကိုပဲ မြင်နေမိတယ်။ တကယ်တမ်းက လမ်းတစ်ခုတည်း ရှိနေရမှာ… စိတ်ကြောင့်လမ်းနှစ်သွယ်ဖြာထွက်နေတယ်။ စိတ်ရဲ့ စေစားရာနောက်ကို မလိုက်ချင်တော့။ လမ်းတစ်ခုကိုရွေးချယ်ပြီး ဒီခရီးကိုအဆုံးသတ်လိုက်ချင်ပြီ။

တကယ်တော့ ငါက တစ်ယောက်တည်းနေရတဲ့ ဘဝကို မငြီးငွေ့နိုင်သေးပါ။ တစ်ယောက်တည်းဆိုတဲ့ ခံစားချက်ရဲ့ အနားမှာ လူတွေဘယ်နှစ်ယောက်လောက် ရှိနေနိုင်မလဲ။ ကိုယ့်စိတ်ထဲထည့်ထားနိုင်သမျှ ကိုယ့်အနားမှာရှိနေမှာပေါ့။ ဒါဆိုကိုယ်တစ်ယောက်တည်း ဘယ်ဟုတ်တော့မလဲ။ နောက်ပြီး ပတ်ဝန်းကျင်ဆိုတာကြီးရှိနေသရွေ့တော့ တစ်ယောက်တည်းဆိုတာ ဖြစ်လာမှာမဟုတ်ပါဘူး။
ဒါကြောင့်လည်း တစ်ယောက်တည်းနေဖို့ ဆုံးဖြတ်လိုက်တယ်။ တခြားသူတွေအတွက် မစဉ်းစားပေးတော့ဘူးလားလို့ တစ်ချို့လူတွေက ထင်ကြလိမ့်မယ်။ တကယ်တော့ ဒါက အားလုံးအတွက် စဉ်းစားပြီးမှ ရလာတဲ့ ရလာဒ်တစ်ခုပါ။ အနိုင်အရှုံးမရှိတဲ့ ဘော်လုံးပွဲလို၊ ပိုနေမြဲ ကျားနေမြဲ ပုံပြင်လို၊ နောက်ပြီး အစစအရာရာ ပုံမှန်အနေအထားမှာ ရှိနေသလိုပါပဲ။

ဘာဆိုဘာမှကို ထပ်ပြီးပြောင်းလဲသွားအောင်မလုပ်ချင်တော့ဘူး။ တကယ်ဆို ငါက ပြောင်းလဲခြင်းတွေကို ငြီးငွေ့နေပြီလေ။ ဘဝဆိုတာကြီးက ဖြစ်နေတာနဲ့ လုပ်ချင်တာတွေက ထပ်တူမကျတဲ့ နောက်ပိုင်း ငါ သိလာရတာက မွေးကတည်းက သတ်မှတ်ချက်တွေနဲ့ ရှင်သန်လာခဲ့ရတယ်ဆိုတာကိုပေါ့။
အရာရာကို အကောင်းဆုံးဖြစ်အောင် ပြင်ဆင်မွမ်းမံနေကြတာကိုက လူ့ဘဝ၊ လူ့သဘာဝပါပဲ။ အကောင်းဆုံးတွေကိုရတော့ အသာလွန်ဆုံးတွေကို လိုချင်ကြမယ်၊ အသာလွန်ဆုံးတွေကိုရတော့ ပြည့်စုံခြင်းတွေကို လိုချင်ကြမယ်။ သြော်…လူ့ဘဝမှာ ပြီးပြည့်စုံခြင်းဆိုတာက ရှိမှမရှိဘဲ။ ပြည့်စုံတယ်ဆိုတာ မရှိတဲ့ လောကကြီးမှာ မပြည့်စုံတဲ့ အချက်တွေကိုလိုက်ကြည့်မနေဘဲ ရှေ့ဆက်ကြမယ်ဆိုရင် ဒါဟာ ပြည့်စုံမှုတစ်ခုပဲလေ။ 

ဒီတော့ လမ်းနှစ်သွယ်မှာ ဘယ်တစ်ခုက ငါ့အတွက် ပြည့်စုံမလဲဆိုတာကို စဉ်းစားမနေသင့်တော့ဘူး။ သေချာတာတစ်ခုကတော့ လမ်းနှစ်ခုလုံးမှာ လိုအပ်ချက်တွေကတော့ ရှိနေမှာပဲ။ ဒါဆို ငါကကော… ပြည့်စုံတဲ့ လူသားတစ်ယောက်မို့လို့လား။ ငါ ကိုယ်တိုင်ကကော… ပြည့်စုံတယ်ဆိုတာ ရှိလို့လား။ စဉ်းစားနေရင်း ကိုယ့်ကိုကိုယ် လှောင်ရယ်မိတယ်။
မပြည့်စုံတဲ့ လူတစ်ယောက်… မပြည့်စုံတဲ့ လမ်းတစ်ခုကို ရွေးချယ်ဖို့… မပြည့်စုံတဲ့ အရာတွေနဲ့ တိုင်းတာရှာဖွေရင်း… မပြည့်စုံတဲ့ ဘဝခရီးလမ်းကို လျှောက်လှမ်းနေတယ်… ဘယ်အထိလဲဆို… Beyond Imperfection!

No comments:

Post a Comment