"စိတ်ကူးအိမ်မက်"
စိတ်ကူးယဉ် အိမ်မက်တစ်ခုကို မက်ဖို့အတွက်က အိမ်မက်အသေးလေးတွေကို
ခဏခဏမက်နေရတယ်။ ဘဝမှာနေထိုင် အသက်ရှင်နေသရွေ့တော့ အိမ်မက်တွေကို ထပ်ခါထပ်ခါ မက်နေရတယ်။
တစ်ခါတစ်လေမှာ မလိုအပ်တွေ အိမ်မက်တွေကိုပဲ မက်မိနေတယ်လို့ ခံစားရတယ်။ လိုချင်တာတွေကိုပဲ
တွေးပြီး လိုချင်တဲ့ အိမ်မက်တွေကိုပဲ မက်နေမိသရွေ့တော့ လက်တွေ့ဘဝမှာ ပျော်မွေ့နိုင်မှာမဟုတ်ဘူး။
တကယ်တော့ လက်တွေ့ဘဝမှာ ကိုယ်ဘာကို လိုချင်နေလဲဆိုတာထက်
ကိုယ်ဘာကို လိုအပ်နေလဲဆိုတဲ့အဖြေကို အရင်ရှာကြည့်ရလိမ့်မယ်။ အိမ်မက်ကို သူများတွေက
ဘယ်လိုအနက်ဖွင့်လဲဆိုတာကိုတော့ မသိပေမယ့် ကိုယ့်အတွက်ကတော့ ဘဝရဲ့ တစ်စိတ်တစ်ဒေသပဲ။
အိမ်မက်တွေက တစ်ခါတစ်လေမှာ အရေးမကြီးတဲ့ အရာတွေနဲ့ ပြည့်နှက်နေပေမယ့် တစ်ခါတစ်လေကျတော့
အရေးကြီးတဲ့ အချက်အလက်တွေကို ဖော်ထုတ်ပေးတယ်။
၂၀၁၂ ခုနှစ်အစအထိ ကိုယ့်ဘဝက မရေရာ၊ မသေချာခဲ့ဘူး။ ဘယ်အိမ်မက်ကို
မက်လို့ ဘယ်လမ်းကို လျှောက်ရမလဲ သေချာမသိခဲ့ဘူး။ ဘယ်ဘဝကို စိတ်ကူးယဉ် အိမ်မက် မက်ရမလဲ
မသိခဲ့ဘူး။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ကိုယ့်ဘဝကို အရောင်ခြယ်နိုင်မယ့် အိမ်မက်တစ်ခုကို
ဝိုးတိုးဝါးတားလေး မက်လိုက်တယ်။ ကိုယ့်ဘဝကို ကိုယ်ဆေးဆိုးဖို့ ကြိုးစားတာမဟုတ်ပေမယ့်
ဆေးရောင်ခြယ်ဖို့အတွက်တော့ စိတ်အားထက်သန်ခဲ့ဖူးတယ်။
ဒါနဲ့ ကိုယ့်စိတ်ကူးယဉ်အိမ်မက်က တစ်ခြားသူတစ်ယောက်နဲ့ တစ်ထပ်တည်း
သွားတူနေတဲ့ အခါမျိုးမှာ အံ့သြမှုတွေနဲ့ ရင်ဆိုင်ခဲ့ရတယ်။ ဒါကို သဘာဝတရားပဲလို့ စိတ်ထဲမှာ
မှတ်လိုက်လေ။ လူတိုင်းမှာ စိတ်ကူးယဉ် အိမ်မက်တွေရှိနေကြတာပဲ။ လူပေါင်းများစွာထဲကမှ
ကိုယ်နဲ့ အိမ်မက်တူတဲ့ လူတစ်ယောက်နဲ့။ ဒီတော့ နှစ်ယောက်ပေါင်းပြီး ဘဝတွေကို ဆေးခြယ်ကြတာပေါ့။
မင်းကတော့ ကိုယ့်ဘဝတစ်ခုလုံးရဲ့ စာမျက်နှာဖြစ်ပေမယ့်…
ကိုယ်ကတော့ မင်းရဲ့ ဆေးရောင်ခြယ်စာအုပ်ထဲက စာရွက်တစ်ရွက်ပဲလား…ချစ်သူရယ်
No comments:
Post a Comment