Friday, May 17, 2013

“နင်… မမှတ်သေးဘူးလား?”

“နင်… မမှတ်သေးဘူးလား?”

          ဒီနေ့ စာအုပ်ထဲမှာ ဖတ်လိုက်ရတဲ့ ဒီအမေးစာကြောင်းလေးတစ်ခုကြောင့် ကျွန်မ လက်ရှိလှမ်းနေတဲ့ ခြေလှမ်းတွေ ခဏရပ်တန့်သွားတယ်။ ဘယ်သူက ဘယ်သူ့ကို မေးနေတဲ့ မေးခွန်းလဲ။ နောက်တစ်ခေါက် အသံထွက်ပြီး ရေရွတ်လိုက်မိတယ်။ နင် မမှတ်သေးဘူးလား…? အမေးရှိမှတော့ အဖြေရှိရမှာပေါ့…
          လူတွေက ပြောကြတဲ့ “မဖြစ်နိုင်ပါဘူး” ဆိုတဲ့စကားကို လျစ်လျူရှုပြီး ကျွန်မ ခြေလှမ်းစလှမ်းလိုက်တာ လွန်ခဲ့တဲ့ (၃) လလောက်တုန်းကပေါ့။ အစကတော့ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုရှိရင် အဆင်ပြေမှာပါလို့ တွေးထားခဲ့တယ်။ ဟုတ်ပါတယ်… ကျွန်မတွေးသလိုပဲ သူလဲတွေးနေခဲ့ပါတယ်။ ဒါပေမယ့်… အရင်တုန်းက လူတွေ၊ အရင်တုန်းက အချိန်တွေနဲ့ မတူဘဲ ကွဲပြားခြားနားနေလိမ့်မယ်လို့ ကျွန်မ ယုံကြည်ခဲ့တယ်။ အဲဒီ့ယုံကြည်ချက်ကြောင့်ပဲ ကျွန်မ ခြေလှမ်းစလှမ်းလိုက်မိတယ်။ တကယ်တော့ နှစ်ဦးသဘောတူ စပြီး လှမ်းလိုက်တဲ့ ခြေလှမ်းလေးတစ်စုံကို…
          အတိုင်အဖောက်ညီနေတာတောင် “တော်တော်လိုက်ဖက်တဲ့ စုံတွဲပဲလို့ မချီးမွမ်းဘဲ မဖြစ်နိုင်ပါဘူး" ဆိုတဲ့ စကားကိုပဲ ထပ်ခါထပ်ခါကြားနေရတယ်။ ဟုတ်ပါတယ်လေ… သူတို့ကတော့ အဲ့လိုမြင်ကြမှာပေါ့… ဘာ့ကြောင့်လဲဆို ကျွန်မနဲ့ သူနဲ့က လူမျိုးမတူ၊ ဘာသာမတူတဲ့ ချစ်သူစုံတွဲ ဖြစ်နေလို့ပါ။ သူတို့တွေရဲ့ အမြင်ကို မှားတယ်လို့ ကျွန်မ မပြောပါဘူး။ ဒီလိုကိစ္စမျိုးကလည်း ကျွန်မဘဝမှာ နှစ်ခါထက်မနည်းကို ကြုံတွေ့ခဲ့ရပြီးပြီပဲ။ ကျင့်သားရနေပြီလို့တောင် ပြောလို့ရတယ်။ သို့ပေမယ့်… အကြိမ်ကြိမ် အခါခါကို အမှတ်မရှိဘဲ လူမျိုးမတူ၊ ဘာသာမတူတဲ့ သူကိုမှ ကျွန်မကလည်း ချစ်မိခဲ့တယ်။
          သို့ပေမယ့်… ကျွန်မ အမြင်ကတော့ လူ နဲ့ လူ ပဲ။ ကျွန်မက လူမျိုးရေး ခွဲခြားတာကို မကြိုက်တဲ့ မိန်းကလေးတစ်ယောက်ပါ။ ဒါကို သူလည်း သိလိမ့်မယ်လို့ ထင်မိတယ်။ လူတွေက ခွဲခြားထားတဲ့ အမည်နာမတွေနဲ့ လူမျိုးရေး ခွဲခြားမှုတွေ အောက်မှာကြီးပျင်းလာရတဲ့ ကျွန်မတို့အဖို့ ဘယ်အရာကို ပြောင်းလဲပစ်လို့ရနိုင်မှာလဲ။ ဒီမိသားစု၊ ဒီအိမ်ထောင်က မွေးဖွားမလာအောင် တားဆီးထားရမှာလား။ လူတွေက သတ်မှတ်လိုက်လို့ ဖြစ်ပေါ်နေတဲ့ အခြေအနေနဲ့ အချိန်အခါတွေအပေါ်မှာ လိုက်ပြီး ခံစားပေးနေဖို့ ကျွန်မမှာ စိတ်ကူးမရှိဘူး။
          ဒါမျိုးအရာတွေက လူတစ်ယောက်နဲ့တစ်ယောက် မွေးကတည်းက ပါလာပြီးသား၊ သတ်မှတ်ပြီးသား အရာတွေပါ။ ဘယ်လိုမှပြောင်းလဲပစ်လို့မရနိုင်တဲ့ အရာတွေပါ။ ဒီလိုအချိန်မျိုးမှာ တစ်ယောက်ရဲ့ ရှင်သန်မှုကို နောက်တစ်ယောက်က တန်ဖိုးထားပေးဖို့ပါပဲ။ တစ်ယောက်ရဲ့ ဖြစ်တည်မှုကို နောက်တစ်ယောက်က လက်ခံပေးဖို့ပါပဲ။ လူမျိုးရေးတွေ ခွဲခြားပြီး ဟိုလူနဲ့ လက်မထပ်ရဘူး။ ဒီလူနဲ့ မယူရဘူးလို့ ပတ်ဝန်းကျင်အသိုင်းအဝိုင်းတွေက ကန့်ကွက်ကြတဲ့အခါမျိုးမှာ ကျွန်မ ရင်ထဲက ထွက်ကျလာတဲ့ မေးခွန်းလေးက… "လူမျိုးမတူတာဟာ အပြစ်လား?"
          သူ့ကို ကျွန်မနဲ့ ပတ်သတ်ပြီး အကြောင်းစုံပြောပြထားပါတယ်။ ကျွန်မ ကိုးကွယ် ယုံကြည်တာက သူ ကိုးကွယ် ယုံကြည်တာနဲ့ ဆန့်ကျင်ဘက်။ ဒါဆို ကျွန်မတို့နှစ်ယောက်က ဘာသာမတူပြန်ဘူးပေါ့။ အင်း…ကျွန်မတို့ရှေ့ဆက်လျှောက်ရမယ့် ခရီးကတော့ တော်တော်လေးကို ခက်ခဲကြမ်းတမ်းမယ်ဆိုတာ နှစ်ယောက်လုံး သိပြီးသားပါ။ သို့ပေမယ့်လည်း ရင်ခုန်သံတွေ ထပ်တူကျနေကြတဲ့ ချစ်သူနှစ်ယောက်အတွက်က အဲ့လောက်ထိ ခက်ခဲလိမ့်မယ်လို့ မထင်မှတ်ထားကြဘူးလေ။
          အများနဲ့ နှစ်ယောက်ဆိုတဲ့ လူဦးရေ ကွာခြားချက်ကလည်း ရှိနေသေးတာ ကျွန်မတို့ နှစ်ယောက်အတွက်တော့ ဒုက္ခတစ်ခုပဲ။ ဘယ်လိုရင်ဆိုင်ကြမလဲလို့ ကျွန်မ သူ့ကို မေးကြည့်တော့ ကြိုးစားကြတာပေါ့တဲ့။ သူပြောခဲ့တဲ့ သူ့နှုတ်ခမ်းက ထွက်တဲ့စကား ကျွန်မ အခုအချိန်အထိ မှတ်မိနေပါသေးတယ်။ ယုံကြည်ချက်မတူတာနဲ့ပဲ ဒီလူနှစ်ယောက် ရှေ့ဆက်မလျှောက်ရတော့ဘူးလား။ သူ ယုံကြည်တာကို ကျွန်မ တစ်ခါမှ အပြစ်မပြောဖူးပါဘူး။ ကျွန်မယုံကြည်တာကိုလည်း သူ တစ်ခါမှ မရှုံချခဲ့ဖူးပါဘူး။
          ဒါပေမယ့်… သူများတွေပြောသလို လူနှစ်ယောက် လက်တွဲဖို့က မိသားစု နှစ်ခုလက်တွဲဖို့လည်း လိုတယ်၊ နောက်ပြီး လက်ထပ်ထိမ်းမြှားတယ် ဆိုတာကလည်း မိသားစု နှစ်ခု ပေါင်းဖက်မှုလည်းပါတယ်တဲ့။ ဒီတော့ ကျွန်မတို့နှစ်ယောက်က နှစ်ယောက်တည်းဖောက်ပြီး နှစ်ယောက်တည်း လျှောက်နေတဲ့ လမ်းမကြီးကနေ သွယ်ဖယ်ပြီး အများပိုင်လမ်းမပေါ်ကို ရောက်နေပြီပေါ့။ ကျွန်မရဲ့ မိဘတွေကတော့ ကျွန်မရဲ့ ရွေးချယ်မှု၊ ကျွန်မရဲ့ ဆုံးဖြတ်ချက်တွေကို အလေးထားတယ်။ သူတို့ရဲ့ သမီး ယုံကြည်ချက်က တစ်ခြားသူကို မထိခိုက်ဖူးဆိုတာ သူတို့သိတယ်။ ဒါပေမယ့်… သူ့ရဲ့ မိဘတွေကတော့ ကျွန်မကို ဘယ်လိုမြင်ကြလဲ ကျွန်မ မသိ…
          ချစ်ခြင်းမေတ္တာဆိုတာ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှု၊ ယုံကြည်မှု၊ အချစ်၊ မေတ္တာ၊ သစ္စာတို့နဲ့ ပေါင်းစပ်ထားတယ်လို့ ကျွန်မက ယုံကြည်တယ်။ လောကမှာ လူအများစုက လူမျိုးတူတဲ့ လူအချင်းချင်းမှ ချစ်ကြတာ၊ ဘာသာတူတဲ့ လူအချင်းချင်းမှ လက်တွဲကြတာကို အချစ်စစ်လို့ ခေါ်ဝေါ်သတ်မှတ်နေကြတယ်။ အဲ့လိုအချိန်မှာ ကျွန်မမေးချင်တာက… "ဘာသာတူမှ ချစ်တာလား?"
          အစကတည်းက ဆူးရှိတဲ့လမ်းမှန်း ကြိုသိပေမယ့် အဲဒီ့ဆူးတွေက အဆိပ်အပြည့် ရှိနေတယ်ဆိုတာကို ကျွန်မတို့နှစ်ယောက် မသိလိုက်ဘူး။ သို့ပေမယ့်… ကျွန်မအတွက်ကတော့ ကျွန်မ ယုံကြည်တာကို ဆက်လက် ယုံကြည်နေဦးမှာပါပဲ။ ကျွန်မရဲ့ မျိုးရိုးကို ကျွန်မရဲ့ သွေးထဲမှာ ရှင်သန်နေစေဦးမှာပဲ။
ကျွန်မနဲ့ စိတ်ချင်းတူ၊ သဘောထားချင်းတိုက်ဆိုင်တဲ့ လူမျိုးရေးမခွဲခြား၊ ဘာသာရေး မခွဲခြားတဲ့ မိသားစု တစ်ခုနဲ့ တစ်ချိန်ချိန်မှာ တွေ့လိမ့်မယ်လို့ ကျွန်မ အမှတ်မရှိ ထင်နေသေးတဲ့ စိတ်ဆန္ဒလေးတစ်ခုကတော့ ဒီနေ့ ဖတ်လိုက်ရတဲ့ အမေးလေးတစ်ခုကြောင့် ပျောက်ကွယ်သွားခဲ့ပါပြီ။ အခုတော့ ကျွန်မရဲ့ အဖြေက ရိုးရှင်းသွားပါပြီ။ ကျွန်မ မှတ်သွားပါပြီ…

ဓမ္မဒူတ အရှင်ဆေကိန္ဒ၏ အသိပေးစကားစုများ စာအုပ်မှ ကောက်နုတ်ချက် (စာမျက်နှာ - ၈၉)

No comments:

Post a Comment