"ကိုနဲ့ငယ်"
"ငယ် ဒီနေ့ ဘာလုပ်ဖြစ်လဲဆိုတော့
အိမ်ရှေ့မှာ တစ်ယောက်တည်း ထိုင်ပြီး နှင်းဆီပန်းလေးကို တစ်ရွက်ချင်းစီ ချွေဖြစ်တယ်။
တစ်ရွက်ချွေလိုက် ကိုက ငယ့်ကို ချစ်တယ် ပြောလိုက်၊ နောက်တစ်ရွက်ချွေလိုက် ကိုက ငယ့်ကို
မချစ်ဖူးပြောလိုက်နဲ့။ နောက်ဆုံး အရွက်က ဘာကျလဲ သိလား?"
ဆိုပြီး သူစကားပြောတာခဏရပ်ပြီး
ကျနော့်ဘက်ကို လှည့်မေးလိုက်တယ်။ ကျနော် သူ့စကားကို သေချာအာရုံစိုက်ပြီး နားထောင်မနေပေမယ့်
သူဘာမေးလိုက်လဲ ဆိုတာကိုတော့ သိတယ်။
ကျနော် သူ့ကိုရယ်ပြရင်း
"ဘာကျလို့လဲ
ငယ်ရဲ့"
ဆိုတော့ သူက ဝမ်းသာအားရနဲ့
ရယ်ရင်း
"ကိုက ငယ့်ကို
မချစ်ဘူးကျတယ်။ ငယ် သိပါတယ်။ ကိုက ငယ့်ကို တကယ်မချစ်ပါဘူး။ ဒါကို သိလျက်နဲ့ ငယ်ကရှေ့တိုးမိခဲ့တာပါ။
အားလုံးက ငယ့်အမှားတွေပါ။"
လို့ သူကပြောလာတော့
ကျနော် သူ့ကိုအားနာမိသွားတယ်။ သူပြောတာလဲ ဟုတ်ပါတယ်။ ကျနော် စိမ့်စိမ့်ဆိုတဲ့ မိန်းကလေးကို
ချစ်နေတယ်ဆိုတာ သူအစောကြီးကတည်းက သိပြီးသားပါ။ ဒါကိုပဲ ဘယ်လိုဖြစ်ပြီး ကျနော်သူနဲ့
ချစ်သူတွေဖြစ်သွားလဲဆိုတာ မပြောတတ်တော့ပါဘူး။
"မဟုတ်ဘူးလေ။
ငယ်ကလဲ…အားလုံးက ကို့အမှားတွေပါ။ ဒါပေမယ့် ကို ငယ့်ကို ရွေးချယ်လိုက်တာက ငယ့်ကို ထိခိုက်နစ်နာအောင်လုပ်လိုက်တာ
မဟုတ်ပါဘူး။ ကို ငယ့်ကို ချစ်ပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေတော့ ကို စိတ်နှစ်ခွဖြစ်နေတယ်။"
"ငယ်…နားလည်ပါတယ်။
ကိုအချိန်ယူပြီး ဆုံးဖြတ်ပါ။ သူ့ဆီကို သွားချင်ရင်လည်း ငယ်မတားပါဘူး။ ငယ် ဘာမှမဖြစ်ပါဘူး။
ကို့ကို နားလည်ပေးနိုင်ပါတယ်…"
ကျနော် ဘာပြောရမလဲတောင်မသိတော့ဘူး။
သူက ကျနော့်ကို တော်တော်နားလည်ပေးနိုင်တာပဲ။ ဒါပေမယ့် အချစ်ဆိုတဲ့အရာက လုပ်ယူလို့မှ
မရတာ။ ငယ်က ကျနော့်ကိုချစ်တယ်။ ကျနော်က ဟိုတစ်ယောက်ကို ချစ်တယ်။ ကျနော်က ချစ်နေပေမယ့်
ဟိုတစ်ယောက်က ကျနော့်ကို ဂရုတောင်မစိုက်ဘူး။ ပြန်တွေးကြည့်ရင် ရင်နာစရာတော့ ကောင်းနေပြီ။
"ငယ်က ကို့ကို
ဘယ်အချိန်အထိ စောင့်နေနိုင်မှာမို့လို့လဲ? နောက်ပြီး ငယ်က ကို့ကို တသက်လုံးချစ်သွားနိုင်လို့လား?"
"အဲဒါကိုတော့
ငယ်မပြောပြဘူး။ တစ်နေ့တော့ ကို သိရမှာပေါ့။ အဲဒီ့နေ့ကျမှ ကို အံ့ဩမသွားနဲ့နော်။"
ဟု သူကရယ်မောရင်းပြောတော့
ကျနော်တောင်လိုက်ပြုံးမိသေးတယ်။ ကျနော်…မပြတ်မသားလုပ်တာမှန်ပေမယ့် ဒီနေ့ သူ့ရဲ့အားပေးမှုကြောင့်
ကျနော်ချစ်တဲ့ သူဆီကို ကျနော်ပြန်သွားဖို့ ဆုံးဖြတ်လိုက်မိတယ်။ ကျနော် သူ့ကို စိတ်ထဲကနေပဲ…
"အခုလိုနားလည်ပေးတဲ့
ငယ့်ကို ကိုတစ်သက်လုံး ကျေးဇူးတင်နေမှာပါ………" လို့ပြောလိုက်မိတယ်။ အဲဒီ့ညမှာပဲ
ကျနော့်ရဲ့ ရွေးချယ်မှုကို မှန်တယ်လို့ထင်ပြီး ဆက်လျှောက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲ့နောက်ပိုင်းတော့
သူနဲ့ကျနော် အရင်ကလို သမီးရည်းစား ဆက်ဆံမှုမျိုးတွေ မဟုတ်တော့ပဲ သူငယ်ချင်းနှစ်ယောက်လို
ပုံစံမျိုးပြန်ဖြစ်သွားတာ သေချာပါတယ်။
No comments:
Post a Comment