Monday, October 1, 2012

ဒီဘဝတော့

"ဒီဘဝတော့"


ကျမက အရာရာကို ရင်ဆိုင်ဖို့ ကြောက်ရွံ့နေခဲ့တဲ့ လက်နက်မဲ့ ပြည်သူတစ်ယောက်လဲ ဟုတ်ပါတယ်။ ဘဝရဲ့ အကြောင်းကို ဘာဆိုဘာမှ နားမလည်တဲ့ သာမာန် မိန်းကလေးတစ်ယောက်လဲ ဟုတ်တယ်။ ယုံကြည်မှု၊ နားလည်မှု လို့ ခေါင်းစဉ်တပ်တဲ့ တစ်ယောက်နဲ့တစ်ယောက် ထားရှိတဲ့ ဆက်ဆံရေးကိုလဲ မသိကျိုးကျွန်ပြုခဲ့တဲ့ ရည်းစားတစ်ယောက်လဲ ဟုတ်ပါတယ်။ နံရံတွေ အထပ်ထပ် ပိတ်ထားတဲ့ တံခါးတွေကို ချိုးဖျက်ဖို့ ကြိုးစားခဲ့ဖူးတဲ့ သမီးတစ်ယောက်လဲ ဟုတ်တယ်။ 
တကယ်တော့ ချစ်ခြင်းမေတ္တာကို ကျမရရှိခဲ့ဖူးပါတယ်။ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာကို ကျမပိုင်ဆိုင်ခဲ့ဖူးပါတယ်။ ခဏတာမဟုတ်တဲ့ တစ်ဘဝစာ အိမ်မက်တွေကိုလဲ ကျမ မက်ခဲ့ဖူးပါတယ်။ ရေနံဆီမီးအိမ်ထဲမှာ ဆီကုန်သွားလို့ အမှောင်ကျသွားတဲ့ အချိန်အတိုင်းအတာတစ်ခုကိုလဲ ကျမဖြတ်သန်းခဲ့ဖူးပါတယ်။ 

ဒါပေမယ့် တစ်စုံတစ်ယောက်ကြောင့် တစ်ခါပြန်လည်တောက်လောင်ခြင်းကို တစ်ခါဆိုသလို ပြန်လည်မီးငြှိမ်းလိုက်တာလဲ ကျမပါပဲ။ တစ်စုံတစ်ယောက်ရဲ့ အိမ်မက်ကို ဖျက်စီးနင်းချေခဲ့တာလဲ ကျမပါပဲ။ ပြောင်းလဲခြင်းဆိုတာ ဓမ္မတာတရားပဲဖြစ်တယ်လို့ လက်တွေ့ကျင့်သုံးပြခဲ့တာလဲ ကျမပါပဲ။ တကယ်တော့ ချစ်ခြင်းမေတ္တာကို သိအောင်ပြောပြပေးခဲ့တဲ့ သူကို စွန့်လွှတ်ခဲ့တာလဲ ကျမပါပဲ။

အရာရာကို ရင်ဆိုင်ဖို့ကြောက်နေတဲ့ ကျမကို သူက ခွန်အားတွေပေးခဲ့တယ်။ စိတ်ဓာတ်ကသာ လူတွေရဲ့ တစ်ခုတည်းသော လက်နက်ပါလို့ သူက ကြုံးဝါးခဲ့တယ်။ အမှန်တရားကို ဝန်ခံရဲရမယ်ဆိုတဲ့ သူ့ရဲ့သတ္တိက ကျမကို လှောင်ရယ်ခဲ့တယ်။ ဘဝဆိုတာဘာလဲ မျက်ဝါးထင်ထင်မြင်ပြီး နားလည်အောင်လို့ ကျမကို သူက သွန်သင်ဆုံးမပေးခဲ့တယ်။ မလွယ်ကူတဲ့ ခြားနားသော ဘဝတွေ ရှိနေခဲ့တယ်ဆိုတာကို သူက မီးမောင်းထိုးပြခဲ့တယ်။ ဘာသာရေးအမြင်တွေနဲ့ ပိုင်းခြားထားတဲ့ လူတွေကို သူက ဟိန်းဟောက်ခဲ့တယ်။ နားလည်မှုနဲ့ တည်ဆောက်ထားတဲ့ ယုံကြည်မှုတွေရဲ့ တန်ဖိုးကို သူက ပြောပြခဲ့တယ်။ ချစ်ခြင်းမေတ္တာကို နားလည်မှုနဲ့မှ ပုံဖော်လို့ရတယ်လို့ သူက သက်သေပြခဲ့တယ်။ ယုံကြည်မှုဆိုတာ တစ်ယောက်နဲ့တစ်ယောက်ကြားက ဆက်သွယ်မှုကွန်ယက်လို့ သူက ကျမကို ဝေငှခဲ့တယ်။ နံရံတွေနဲ့ ပိတ်ကာထားတဲ့ အခန်းထဲမှာ နေရင် ပိုပြီးလုံခြုံတယ်ဆိုတဲ့ အဓိပ္ပါယ်ကို သူက ဖွင့်ပေးခဲ့တယ်။ လောကဆိုတာ ကြောက်စရာကောင်းတဲ့ ဟန်ဆောင်မှုတွေနဲ့ ပြည့်နှက်နေတယ်လို့ သူက ဆိုတယ်။ အကြင်နာတရားတွေ ကုန်ခမ်းနေတဲ့ ကမ္ဘာမြေကြီးကို သူက ပြန်လည်လင်းလက်စေခဲ့တယ်။

ချစ်ခြင်းမေတ္တာက ဘာလဲဆိုတာကို သူ့အချစ်နဲ့ရင်းပြီး ကျမကို သင်ပြပေးခဲ့တယ်။ တစ်ယောက်နဲ့ တစ်ယောက် စေတနာရှိပြီး ဝိုင်းဝန်းကူညီတတ်တဲ့ စိတ်ရှိအောင် သူက ပျိုးထောင်ခဲ့တယ်။ မေတ္တာနဲ့ ပတ်သတ်ပြီး လေ့လာစရာတွေ အများကြီးရှိသေးတယ်လို့ သူက ထပ်ဖြည့်ပြောတယ်။ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာကို ဘယ်လိုထိန်းသိမ်းရမလဲ ဆိုတာကို သူက သရုပ်ပြပေးခဲ့တယ်။ တစ်ယောက်နဲ့တစ်ယောက် နားလည်ပေးနိုင်လျှင် အောင်မြင်လိမ့်မယ်လို့ သူက ယုံကြည်ခဲ့တယ်။ မှန်တဲ့လမ်းကို လျှောက်နေတဲ့ အချိန်မှာ ဘေးကသွေးထိုးစကားတွေကို မယုံဖို့ သူက ကျမကို တိုက်တွန်းတယ်။ အိမ်မက်တွေ အကောင်အထည်ဖော်ဖို့အတွက်လဲ သူကိုယ်တိုင်က ပါဝင်လှုပ်ရှားပေးခဲ့တယ်။ ဘယ်သူမဆိုလေထဲ တိုက်အိမ်ဆောက်တဲ့အဆင့်ကနေ တက်လာရတယ်ဆိုတာကို သူက ဟာသနှောပြီးပြောပြတယ်။ ကျမရဲ့ မီးအိမ်လေး အမှောင်ကျသွားတော့ ဆီရှိတဲ့ နေရာကို သွားရောက်ယူပေးရင်း ပြန်လည်တောက်ပလာအောင် သူကပဲ မီးကူပေးခဲ့တယ်။ 

တစ်သက်စာလုံး လင်းနေနိုင်မယ်လို့တော့ သူအာမ မခံပေမယ့် မီးအလင်းပြယ်သွားတာနဲ့ သူအရောက်ပြန်လာခဲ့မယ်လို့ ကတိပေးခဲ့တယ်။ ကျမက မီးမှိတ်ပြီး အိပ်တော့ သူတုန်လှုပ်ခဲ့တယ်။ သူ့ရဲ့ အိမ်မက်တွေကို ကျမ နင်းချေဖျက်စီးတော့လဲ ဘာမှမပြောဘဲ ခေါင်းငုံ့နေခဲ့တယ်။ သူ့ရဲ့ အိမ်မက်တွေကို ကျမကို ပြောပြလိုက်ရလို့ သူကျေနပ်နေခဲ့တယ်။ နှစ်ယောက်အတူမက်ခဲ့တဲ့ အိမ်မက်လေးတွေကိုတော့ တစ်သက်လုံးမမေ့ပါနဲ့လို့ သူ ကျမကို အထပ်ထပ်မှာခဲ့တယ်။ ပြောင်းလဲခြင်းတွေနောက်ကို လိုက်ရင်းနဲ့ မောပန်းမယ်ဆိုတာကို သိပါစေဆိုတဲ့သဘောနဲ့ ကျမကို သူလက်လွှတ်ပေးခဲ့တယ်။ ဖူးဆာကံကိုပဲ ပုံအပ်လိုက်ပြီဆိုတဲ့ သူရဲ့ ငိုသံက ကျမကို ခြောက်လှန့်နေခဲ့တယ်။ အမြဲတမ်းအနားမှာ ခေါ်ထားချင်တယ်ဆိုတဲ့ သူ့ရဲ့စကားသံတွေက ကျမနားထဲမှာ ပဲ့တင်ထပ်နေခဲ့တယ်။ 

စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာက ဘာလဲ ဆိုတာ ကျမ သူ့ကြောင့်သိခဲ့ပေမယ့် သူ့ကိုတကယ်မချစ်ခဲ့ဘူး။ စိတ်သဘောထားကောင်းတဲ့ အကွက်လေးကို ကြည့်ပြီးတော့ ကျမ သူ့ကို ရွေးချယ်ခဲ့တာ။ ကျမကိုယ်ကျမ အမြဲတမ်းသိနေခဲ့ပါတယ်… သူ့ကို ချစ်ခဲ့လား၊ မချစ်ခဲ့ဘူးလားဆိုတာ။ ဒါပေမယ့်…ကျမပြန်လာမယ့်နေ့ကို စောင့်နေပါတယ်လို့ ပြောတဲ့ သူ့ရဲ့ နောက်ဆုံးစကားက တစ်ချိန်ကျ ကျမဝဋ်လည်လိမ့်မယ်ဆိုတဲ့ အဓိပ္ပါယ်များလားလို့ တွေးရင်း…ဆုတောင်းမိတာက 

"ဒီဘဝမှာတော့ မဖြစ်ပါရစေနဲ့။"

No comments:

Post a Comment