"ကျွန်မရူးသွပ်သော အရာများ"
အချိန်ဆိုရင် Night - တစ်ယောက်တည်းနေရတဲ့ အချိန်တွေက
များသောအားဖြင့် ညဘက်တွေဆိုတော့ ညဘက်ကို သဘောကျတယ်၊ တွေးချင်တာတွေ ထိုင်တွေးနေလို့ရတယ်၊
နှောက်ယှက်မယ့်သူ မရှိဘူးလေ။
လတွေထဲမှာဆို January - နှစ်တစ်နှစ်ရဲ့ ပထမဆုံးလလဲဖြစ်တယ်၊
ကိုယ်ရူးတဲ့ အင်္ဂလိပ်စာလုံး (J) နဲ့လဲ စတယ်၊ နောက်ပြီး ကိုယ်မွေးတဲ့လမို့လို့လဲဟုတ်တယ်။
နံပါတ်မှာဆို 22 - ကိုယ့်မွေးနေ့မို့လိုလဲပါတယ်၊
ဂဏန်းနှစ်လုံးထပ်တာကို ကြိုက်တာလဲပါတယ်၊ နောက်ပြီး ကိုယ့်အတွက် မွေးနေ့အပြင် အရေးပါတဲ့
ရက်စွဲတစ်ခုလဲ ဖြစ်တယ်။
ရာသီတွေထဲမှာဆို Winter - မိုးလဲသိပ်မရွာဘူး၊
နေလဲသိပ်မပူဘူး၊ BARS တက်ရတဲ့ နေ့တွေထဲမှာ အဲဒီ့အချိန် အပျော်ဆုံးပဲ၊ ညဘက် အိမ်ပြန်ရင်
လေအေးလေးနဲ့အတူ ပြန်ဖြစ်လို့။
အရောင်တွေထဲမှာဆို Blue - တည်ကြည်ခြင်းကို
ကိုယ်စားပြုလို့လဲ ဟုတ်တယ်၊ အဲဒီ့အရောင်ကို ကြည့်လိုက်ရင် ကိုယ့်ကို သာယာမှုပေးတယ်၊
ဘယ်လောက်တောင် ရူးသွပ်လဲဆို ကိုယ်သုံးသမျှ ပစ္စည်းအများစုက အပြာရောင်တွေချည်းပဲ၊ ခုတင်နဲ့
အိပ်ယာတွေကအစ…ဖုန်းအဆုံးပဲ။
အဝတ်အစားမှာဆို - အားလုံးကို ကြိုက်တယ်ဆိုပေမယ့်
ကိုယ် လွတ်လပ်မှုရှိတဲ့ အဝတ်ကိုပဲ ဝတ်တယ်၊ ကိုယ်လွတ်လွတ်လပ်လပ်ရှိမယ့် ပုံစံမျိုးဆိုကြိုက်တယ်။
ဆံပင်အရောင် Black - အရင်ကတော့ တခြားအရောင်တွေ
ဆိုးသေးတယ်၊ ဒါပေမယ့် ဘယ်အရောင်ကမှ နဂိုအရောင်လောက်မလှဘူး ဆိုတာကို သိလိုက်တယ်၊ အဲဒါကြောင့်လက်ရှိအရောင်ကိုပဲ
ကြိုက်တယ်။
ဆံပင်ပုံစံ Dynamic - ပုံသေမရှိတာကို ကြိုက်တယ်။
ညှပ်ချင်ရင် သွားညှပ်လိုက်တာပဲ၊ ခဏခဏတော့ ပုံစံပြောင်းလေ့ရှိတယ်၊ ရိုးသွားပြီလို့ထင်ရင်
သွားပြောင်းတာ အကျင့်ဖြစ်နေပြီ။
အစားအသောက်အမျိုးအစားတွေထဲမှာဆို Shan, Italian
& Mexican Food - ရှမ်းခေါက်ဆွဲကိုတော့ အဲလောက်မကြိုက်ပေမယ့် တို့ဟူးနွေးကိုတော့
အငမ်းမရကို စားတယ်။ အီတလီခေါက်ဆွဲကို အငမ်းမရကြိုက်တာ အရသာကြောင့်လဲ ပါတယ်၊ သူတို့ပြင်ဆင်တဲ့ပုံစံကြောင့်လဲ
ပါတယ်။ မက်ကဆီကန် အစားအစာကတော့ ကိုယ့်ရဲ့ အရူးသွပ်ဆုံးပါပဲ၊ စပ်တယ်ဆိုပေမယ့် ဒီအစပ်ကိုတော့
ခံနိုင်ရည်ရှိတယ်။
ပစ္စည်းတွေနဲ့ ပတ်သတ်လာရင်တော့ Toys &
Stationery - အရုပ်တွေဆိုပေမယ့် တိရိစ္ဆာန်အရုပ်တွေကို ပိုရူးတယ်၊ လူရုပ်တွေကို မကြိုက်ဘူး။
စာရေးကိရိယာတွေကတော့ အားနေရင်ကို ဝယ်ပြီးစုထားလေ့ရှိတယ်၊ သူများကိုလဲ မပေးဘူး၊ ကိုယ်တိုင်လဲ
မသုံးဖြစ်ဘူး၊ အလှကြည့်တဲ့ သဘောမျိုးပေါ့။
ပန်းဆိုရင် Ceylon Ironwood - ကံ့ကော်ပန်းရနံ့ကို
ရှူရှိုက်ရင်း တစ်ခါက ကိုယ်မူးသွားသေးတယ်၊ အဲဒီ့နောက်ပိုင်းကစပြီး ကံ့ကော်ပန်းကို ရူးခဲ့တာ၊
ဘုရားမှာလှူရင်တောင် ကံ့ကော်ပန်းပါမှ၊ နောက်ပြီး ကိုယ့်ပုတီးက ကံ့ကော်သားနဲ့လုပ်ထားတာ။
နောက်ထပ်ကြိုက်တာတစ်ခုရှိသေးတယ် Dark - အမှောင်ထဲကနေ
ကိုယ်ကကြည့်နေရင် သူတို့ကို ကိုယ်ကမြင်ရပြီး ကိုယ့်ကိုတော့ သူတို့ကလွယ်လွယ်နဲ့ မမြင်နိုင်ဘူးဆိုတဲ့
စကားကို ကြိုက်လို့ အမှောင်ထုကို နှစ်သက်မိသွားတာ၊ ဘယ်တုန်းကမှတော့ အမှောင်ကမ္ဘာထဲမှာ
မနေဖူးဘူး။
ရူးတဲ့ကာတွန်းကားကတော့ Tom & Jerry - ဘယ်လောက်ပဲ
စိတ်တွေလေးလံနေပါစေ၊ ဘယ်လောက်ပဲ စိတ်ရှုပ်နေပါစေ၊ ကြောင်နဲ့ ကြွက်က ကိုယ့်ရဲ့ ကယ်တင်ရှင်ပါ၊
တခြားကာတွန်းတွေကိုလဲ ကြည့်ပါတယ်၊ မရိုးသွားတာက အဲဒီ့နှစ်ကောင် ရန်ဖြစ်နေတာပဲ။း)
အားကစားတွေထဲမှာဆို Softball, Volleyball &
Hash Run - မိဘအမွေ ဆက်ခံလိုက်တဲ့သဘောပေါ့၊ ပထမ နှစ်ခုကတော့ အလှည့်နဲ့ကစားတယ်၊ မိုးတွင်းဆို
ဘော်လီဘောကစားတယ်၊ ဆောင်းတွင်းနဲ့နွေဆို ဆော့(ဖ်)ဘော ကစားတယ်၊ ကိုယ်ငယ်ငယ်လေးကတည်းက
အဲဒီ့နှစ်ခုကို ဖက်ပြီးမွေးလာခဲ့တာ… အခုဆို ၂၂ နှစ်တောင်ရှိပြီပေါ့။ Hash Run ကတော့
စနေနေ့တိုင်းရှိတယ်၊ အားတဲ့ရက်မှ သွားပြေးဖြစ်တယ်။
အချစ်ဆုံးနဲ့ အရူးသွပ်ဆုံး တိရိစ္ဆာန်တွေက
Tiger, Snake, Penguin, Dragon & Dog - ကျားကိုဘာလို့ ချစ်လဲဆိုတော့ သူတို့က ရဲရင့်တယ်၊
နောက်ပြီး သူတို့ရဲ့ မျက်နှာတွေက ကြည်လင်နေတယ်၊ အဓိက ကမျက်လုံးအိမ်၊ အရမ်းကို စူးရှတယ်လေ၊
တနင်္လာနေ့မွေးလို့လဲ ပါမယ်ထင်တယ်။ မြွေကိုကြိုက်တာကတော့ ရိုးရှင်းတဲ့ ခန္ဓာကိုယ်ရှိနေလို့၊
နောက်ပြီး သူ့ရဲ့ မွေးရာပါ လျင်မြန်မှု၊ တက်ကြွမှုနဲ့ ငြိမ်သက်မှု တို့ကို သဘောကျလို့။
ပင်ဂွင်းငှက်တွေကို ကြိုက်တဲ့ပထမဆုံး အချက်ကတော့ စည်းလုံးမှုရှိလို့၊ နောက်ပြီးတော့
သူတို့ရဲ့ အော်သံကိုလဲ သဘောကျတယ်၊ ငယ်ငယ်ကဆို ကာတွန်းကားကြည့်ပြီး ပင်ဂွင်းတွေလို လိုက်အော်လို့
အမေကတောင် ဆူသေးတယ်။ နောက်ထပ် သတ္တဝါတစ်ကောင်ကတော့ စိတ်ကူးယဉ်ဆန်တယ်၊ နဂါးဆိုတာက ပုံပြင်ဒဏ္ဍာရီတွေထဲမှာပဲ
ရှိတယ်ဆိုပေမယ့် ကိုယ့်အတွက်ကတော့ တကယ်ရှိတယ်၊ ဘာနဲ့မှ နှိုင်းယှဉ်လို့မရတာကတော့ မီးခိုးမှုတ်ထုတ်နိုင်တဲ့
အချက်ပဲ၊ သူ့ကို ရုပ်ရှင်တစ်ခုကြောင့် ကြိုက်သွားတာ…Dragon’s heart ဆိုတဲ့ နာမည်နဲ့
ရုပ်ရှင်ပါ။ ခွေးကို ငယ်ငယ်လေးကတည်းက ချစ်တာ၊ သူတို့က လူတွေရဲ့ တကယ့် မိတ်ဆွေကောင်းတွေပါ…
best friend လို့တင်စားကြတယ်လေ၊ လိမ္မာတယ်၊ ပါးနပ်တယ်၊ မိသားစုကို သိတယ်၊ စည်းကမ်းလဲရှိကြတယ်။
ပြောရင်းနဲ့ အိမ်က Jackie ကိုတောင် သတိရမိတယ်း(
ကိုယ်ဝါသနာပါတာတွေက Sports, Writing,
Listening Music & Travelling - ကိုယ်က အားကစားလုပ်နေရရင် ပျော်နေတာ၊ သူများတွေက
အားတဲ့အချိန်တွေမှာဆို ရုပ်ရှင်ကြည့်ကြတယ်၊ သီချင်းနားထောင်ကြတယ်၊ ကိုယ်ကတော့ အားတာနဲ့
ကစားဖို့ကိုပဲ တွေးနေမိတယ်၊ ကျန်တာတွေက နောက်မှပေါ၊ နောက်ပြီး ဘောလုံးပွဲကြည့်ရတာကိုလဲ
ကြိုက်တယ်၊ အားကစားသမားတွေထဲမှာဆို David Beckham ကို အသေရရ အရှင်ရရ ရူးသွပ်တယ်၊ သူပြောင်းတဲ့အသင်းတိုင်းကို
အားပေးတယ်၊ နည်းနည်းတော့ တစ်ကိုယ်ကောင်းဆန်ချင်ဆန်လိမ့်မယ်၊ ဒါပေမယ့် ကိုယ်ကြိုက်တဲ့သူကိုတော့
အပြည့်အဝ အားပေးတယ်လေ။
စာရေးရတာကို ဘယ်ကတည်းက ဝါသနာပါလဲဆိုတော့ (၇)
တန်း (၈) တန်းလောက်ကတည်းကပါ၊ ဒါပေမယ့်...ကဗျာရေးတာတော့ မဟုတ်ဘူး၊ ဆောင်းပါးသဘောမျိုး၊
ဝတ္ထုသဘောမျိုးစာတွေရေးတာ။ အခုနောက်ပိုင်းတော့ ပိုပြီးရေးဖြစ်တယ်၊ စာပေအသိုင်းအဝိုင်းက
လူတွေနဲ့ပေါင်းမိလို့ထင်တယ်၊ ပျောက်နေတဲ့ အိမ်မက်တွေပြန်ပေါ်လာတယ်။
သီချင်းနားထောင်တာကို ဝါသနာပါတာလဲ (၈) တန်းနှစ်လောက်က
စတာပဲ။ R ဇာနည်ကိုကြိုက်ရာကနေ သီချင်းတွေကို လိုက်နားထောင်ဖြစ်လာတာ၊ အခုနောက်ပိုင်းတော့
Rock ဂီတကို ရူးသွပ်ခဲ့တယ်။
နောက်ဆုံးတစ်ခုလို့တော့ ထင်တာပဲ…ခရီးသွားရတာကို
တော်တော်လေးကြိုက်တယ်၊ မရောက်ဖူးတဲ့နေရာတွေဆို ပိုပြီးသွားချင်တယ်၊ ရောက်ဖူးတဲ့နေရာကိုလဲ
နောက်တစ်ခေါက်ပြန်သွားပြီး ပြောင်းလဲမှုတွေကို လေ့လာတာမျိုး သဘောကျတယ်၊ တကယ်လုပ်ချင်တာက
National Geographic တို့ Discovery တို့လိုရုပ်သံလိုင်းတွေကနေ လွှင့်တဲ့ နေရာတစ်နေရာကို
သွားရောက်လေ့လာမှုမျိုးတွေကို လုပ်ချင်မိတာ၊ သူတို့တွေရိုက်ပြတာကို ဒီအတိုင်းထိုင်ကြည့်နေရတာထက်
ကိုယ်တိုင်သွားပြီး လေ့လာတွေ့ရှိတာကို ပြန်လည်တင်ပြရတာမျိုးကို ပိုခုံမင်မိတယ်၊ ဒါကြောင့်လဲ
အဲလိုမျိုးအလုပ်တွေလုပ်ဖို့အတွက် ကြိုးစားနေတယ်၊ ဖြစ်နိုင်ရင် ခရီးသွားဆောင်းပါးတွေလဲ
ရေးချင်တယ်၊ အတွေ့အကြုံ ဖလှယ်ပွဲတွေလဲ လုပ်ချင်တယ်၊ အဲဒါမျိုးတွေကြောင့် ခရီးသွားရင်းစာရေး၊
ပြီးရင်ရောက်တဲ့နေရာမှာနေပြီး အဲဒီ့ကဒေသခံတွေကို အားကစားသင်ပေး….အဲဒီ့ဘဝက ကိုယ့်ရဲ့
အိမ်မက်ပဲ…အဲဒီ့ဘဝကို ကိုယ်ရူးသွပ်မိတယ်၊ နောက်တစ်ခုစဉ်းစားထားတာက Bermuda
triangle လို့ခေါ်တဲ့ နေရာကို မသေခင်သွားကြည့်ချင်တာ၊ သိပ်တော့မထူးဆန်းပေမယ့် အဖြေရှာမရဖြစ်နေတဲ့နေရာဆိုတော့
သူများတွေရှာတဲ့အဖြေကို ထိုင်စောင့်နေရတာထက် ပိုတိကျတာက ကိုယ့်ရဲ့မျက်စိနဲ့ မြင်လိုက်ရတဲ့၊
ကိုယ့်ရဲ့ ဦးနှောက်နဲ့ တွေးလိုက်ရတဲ့ အဖြေလေ…
ကိုယ်က နွေရာသီဆို ခရီးထွက်ရတာကြိုက်တယ်၊ ငယ်ငယ်လေးကတည်းက
မိသားစုနဲ့နွေရာသီဆို ခရီးထွက်နေကြ၊ အခုတော့ အဲဒါကို လွမ်းနေရပြီလေ၊ သုံးယောက်လုံးအားမယ့်အချိန်ရဖို့က
တော်တော်လေးကို ခက်နေတယ်၊ ဒါပေမယ့် တစ်နေ့တော့ အဲလိုအချိန်တွေ ပြန်ရမယ်လို့ ယုံကြည်တယ်။
မိုးရာသီရောက်ရင်တော့ Hash Run (အပြေး)အဖွဲ့နဲ့
သွားပြီးပြေးရတာကို ခုံမင်တယ်၊ မိုးရွာထဲမှာ ထီးမပါဘဲပြေးရတာ၊ ရွှံ့ဗွက်ထဲမှာ ဖိနပ်ကျန်ခဲ့လို့
လက်နဲ့ နှိုက်ယူရတာ၊ ကျွတ်ကသွေးစုပ်ပြီး ဆင်းသွားတဲ့အခါ အရက်နဲ့လောင်းချရတာ၊ အဲဒါတွေက
ကိုယ့်အတွက်တော့လုံးဝ အမှတ်တရတွေပါပဲ။
ဆောင်းတွင်းရောက်ပြန်တော့ အနောက်ပိုင်းတက္ကသိုလ်ကို
ဘတ်(စ်)ကားစီးပြီး အဝေးသင်သွားတက်ရတာ၊ Sweet Decemberကြိုတဲ့အရသာ၊ Christmas ဆိုအိမ်မှာဧည့်သည်တွေကို
ဧည့်ခံရတာ၊ New Year တွေကို တစ်ယောက်တည်း အိပ်ရင်းဖြတ်သန်းရတာ၊ အဲဒါတွေက တခြားဘယ်အရာတွေနဲ့မှ
မလဲနိုင်တဲ့ ကိုယ့်ရဲ့ရာသီအလိုက် ရူးသွပ်မှုတွေပါ။
လူတိုင်းမှာ ရူးသွပ်မှုမျိုးစုံ ရှိကြမှာပါ။
တစ်ယောက်နဲ့တစ်ယောက်ကလဲ တူချင်မှတူကြပါလိမ့်မယ်။ သူရူးသွပ်လို့ ကိုယ်ကပါလိုက်ရူးသွပ်တယ်
ဆိုတာထက် သူရူးသွပ်တဲ့အရာကို ကိုယ်ကလေ့လာရင်း ကိုယ်ကပါ နှစ်သက်သွားတာ၊ ကိုယ်ကိုယ်တိုင်ကကို
ရူးသွပ်သွားတာမျိုးတွေလဲ ရှိပါတယ်။ အချိန်တွေအလိုက်ပြောင်းလဲနေတဲ့ အသက်တွေကို ပိုင်ဆိုင်ထားကြတဲ့
လူတိုင်း ကြိုက်နှစ်သက်မှုတွေဟာလည်း ပြောင်းလဲသွားတာတွေတော့ ရှိကြမှာပါ။ ပြောင်းလဲသွားတဲ့အပေါ်မှာ
ဘဝင်မကျတာမျိုးတွေ မဖြစ်စေဘဲ ကိုယ့်စိတ်ထဲကကို လှိုက်လှိုက်လှဲလှဲ လက်ခံပေးလိုက်ပါ။
(14 September 2012)
2:00 pm
No comments:
Post a Comment