Monday, October 1, 2012

ရှာမတွေ့တဲ့ အဖြေ…

"ရှာမတွေ့တဲ့ အဖြေ…"


          ဒီရက်ပိုင်းမှာ ကိုယ့်စိတ်ကို ကိုယ်ပိုပြီး နားလည်လာတယ်လို့ ခံစားရတယ်။ လနဲ့ချီပြီးရှာနေခဲ့တဲ့ ရှာမတွေ့တဲ့ အဖြေကို ကျနော် ရှာတွေ့သွားလို့ပါ။ ကျနော် တစ်နေ့တစ်နေ့ ဒီအကြောင်းတွေပဲ ထိုင်တွေးနေတာလားဆိုတော့ မဟုတ်ပါဘူး။ ကျနော့်မှာ လုပ်စရာအလုပ်တွေ အများကြီးရှိပါတယ်။ အဲဒီ့လုပ်စရာရှိတာတွေကို လုပ်နေရင်းနဲ့ပဲ ကျနော့်ရဲ့ နှလုံးသားလေးထဲမှာ နေရာယူပြီးသား ဖြစ်နေတဲ့ ခံစားချက်အဟောင်းတွေက အသစ်အသစ်ဖြစ်လို့နေတယ်။ အခုရက်ပိုင်းမှ ပိုပြီးတွေးလို့ကောင်းအောင် အချိန်နာရီတွေကပဲ ဖန်တီးပေးနေသလားပဲ။

          တကယ်တော့ အခုရက်ပိုင်းအတွင်း ကျနော်ဘာတွေလုပ်ဖြစ်လဲဆို ရုပ်ရှင်ကြည့်ဖြစ်တယ်၊ စာတွေရေးဖြစ်တယ်၊ စာတွေလဲ ဖတ်ဖြစ်ပါတယ်။ ဒါတွေနဲ့ပဲ အလုပ်ရှုပ်နေတာလား ဆိုတော့ မဟုတ်ပါဘူး။ အလုပ်ရှုပ်ချင်ယောင်ဆောင်နေတာပါ။ ဘယ်လောက်ပဲ အလုပ်ရှုပ်ချင် ဟန်ဆောင်နေပါစေ၊ ဘယ်လောက်ပဲ အဆင်ပြေနေတဲ့ ဟန်ဆောင်နေပါစေ…တကယ်တော့ ကျနော် နေရထိုင်ရတာ အဆင်မပြေပါဘူး။ ဘာကိုအလိုမကျဖြစ်နေလဲဆိုတာလဲ သေချာမသိဘူး။ ဦးနှောက်က နှလုံးသားကို သိပ်မခံစားဖို့ အမိန့်ပေးနေပေမယ့် "မင်း အမိန့်ကို ငါမနာခံနိုင်ဘူး" လို့ နှလုံးသားက ပြန်ပြီး ကြုံးဝါးလိုက်တယ်။

          အဲဒါကြောင့်နဲ့တူတယ်။ ကျနော်ကြည့်ဖြစ်တဲ့ ရုပ်ရှင်ကားတွေက များသောအားဖြင့် အချစ်ဇာတ်လမ်းတွေပဲဖြစ်နေတယ်။ အင်္ဂလိပ်ဇာတ်လမ်းတွေက အချစ်ဇာတ်လမ်းရိုက်တာ နည်းပေမယ့် ဒီရက်ပိုင်းမှာတော့ အဲဒီ့အဆိုကို ငြင်းပယ်ရလိမ့်မယ်။ ဇာတ်ဝင်ခန်း တစ်ချို့က သူနဲ့ကျနော့်ရဲ့ အတိတ်ကို ပြန်လည်တူးဆွပေးခဲ့တယ်။ ကျနော် သူနဲ့ ပထမဆုံးတွေ့တဲ့နေ့။ ကျနော်မှတ်မိနေပါသေးတယ်…သူမက ချိန်းတဲ့နေရာကို ကျနော့်ထက် စောရောက်နေတယ်။ အအေးတစ်ခွက်သောက်ရင်း ကျနော့်ကို မျှော်နေတဲ့မျက်နှာလေးကို တွေ့လိုက်ရတော့ ကျနော် အမောပြေသွားတယ်ဗျာ။ ကျနော် သူမကို မြင်လိုက်ရရင်ပဲ အလိုလို ပြုံးပျော်မိခဲ့တယ်။ ကျနော် အချိန်ရတိုင်း စဉ်းစားပါတယ်…ဘာဖြစ်လို့လဲဆိုတဲ့အဖြေကတော့ ထွက်မလာခဲ့ဘူး။

          အဲဒီ့နေ့ကပေါ့…ကျနော် အလုပ်ရှုပ်နေတဲ့ကြားက သူ့ကို အပြေးအလွှားလေး သွားတွေ့လိုက်တယ်။ ကျနော်နဲ့သူက ဒီလိုပဲ ထမင်းစားဖို့ ချိန်းလိုက်ကြတာပါ။ "ထမင်းအတူတူစားမယ်လေ" ဆိုတဲ့ ဖုန်းထဲက စကားသံလေးကို နှစ်သက်မိလို့နဲ့တူတယ်။ ကျနော့်ကို သူ ချစ်နေတယ်ဆိုတာ ကျနော်သိပါတယ်။ ဒါပေမယ့် ကျနော် သူ့ကို ချစ်လား၊ မချစ်ဘူးလား ဆိုတာကိုတော့ သူမသိသေးဘူး။ မသိသေးဆို သူ့ကိုမှ မပြောရသေးတာ။ ကျနော် သူလက်ကလေးကို ဆုပ်ကိုင်လိုက်တော့ သူက "အဲဒါ ဘာလုပ်တာလဲဟင်" တဲ့။ ကျနော်လဲ သူမေးတော့မှ စဉ်းစားလိုက်မိတယ်။ ကျနော် ဘာလို့အဲ့လိုလုပ်လိုက်တယ်ဆိုတဲ့ အဖြေကိုပေါ့။

          ရုပ်ရှင်ရဲ့ ဇာတ်ဝင်ခန်းကပြောင်းသွားတော့ ကျနော့် အတွေးတွေလဲ နောက်တစ်နေရာကို ပြောင်းသွားခဲ့တယ်။ အခုရက်ပိုင်းမှ ကျနော်ကပဲ ပိုပြီးနုနယ်နေတာလားတော့ မသိဘူး။ ဘာမဟုတ်တာလေးကအစ လိုက်ခံစားမိနေတယ်။ မင်းသားနဲ့မင်းသမီးတို့ အမှတ်တရဓာတ်ပုံ ရိုက်ကြတော့ သူနဲ့အတူ တွဲရိုက်ထားတဲ့ ဓာတ်ပုံလေးကို ပြေးမြင်မိတယ်။ သူ့ဖုန်းနဲ့ ရိုက်ထားပေမယ့် ကျနော့်ဆီမှာလဲ အဲဒီ့ဓာတ်ပုံလေးရှိတယ်။ ကျနော်တို့နှစ်ယောက် လှတာ၊ မလှတာထက် အမှတ်တရလေး ဖြစ်နေတာကို ပိုပြီးတန်ဖိုးထားမိတယ်။ ဘာ့ကြောင့်များ ကျနော် တန်ဖိုးထားမြတ်နိုးမိလဲ ဆိုတာကိုတော့ အခုထိ ရှာဖွေနေဆဲပဲ။

          ရုပ်ရှင်ရဲ့ ခေါ်ဆောင်ရာနောက်ကို ထကြပ်မကွာ လိုက်ခဲ့တဲ့ ကျနော် နောက်ဆုံးတော့ ဒုက္ခရောက်ပြီ။ မင်းသမီးကို မင်းသားက ပြန်တွေ့တော့ ပြေးပြီးဖက်လိုက်တဲ့ ဇာတ်ဝင်ခန်း။ ဇာတ်လမ်းကနောက်ဆုံးမှ ဇာတ်ရှိန်တက်သလိုပဲ ကျနော့်ရဲ့ ရင်ခုန်သံတွေလဲ ဒီဂရီမြင့်လာခဲ့တယ်… သူ့ကို လွမ်းတဲ့ စိတ်၊ သူ့ကို သတိရတဲ့ စိတ်…အဲဒီ့နှစ်ခုက ကျနော့်ကို အတိတ်ကနေ့ရက်တစ်ခုဆီ ပြန်လည်ခေါ်ဆောင်သွားတယ်။ ကျနော်ရဲ့ ရင်ခွင်ထဲမှာ သူက တိတ်တိတ်လေးနေရာယူခဲ့တယ်။ ကျနော်သူ့ကို တင်းတင်းကျပ်ကျပ် မဖက်ထားပေမယ့် သူ ကျနော့်ရဲ့ ရင်ခုန်သံကို ကြားနေရတာတော့ သေချာပါတယ်။ ကျနော့်ရဲ့ ရင်ခုန်သံ စည်းချက်အတိုင်းသာ ရှေ့ဆက်ခဲ့တယ်။ ဒါပေမယ့် ဘာဖြစ်လို့များ ကျနော့်ရဲ့ ရင်ခုန်သံတွေနောက် လိုက်ခဲ့လဲဆိုတာကို ကျနော် မသိခဲ့ဘူး။

          "The End" ဆိုတဲ့စာတန်း မထိုးခင် နောက်ဆုံးဇာတ်ဝင်ခန်းက မင်းသမီးကို မင်းသားက အနမ်းပေးတဲ့ပြကွက်။ ကျနော် နေရာဝင်ယူတာတော့ မဟုတ်ပေမယ့် သူနဲ့ကျနော့်ရဲ့ ပုံရိပ်တွေက တီဗီဖန်သားပြင်ပေါ်မှာ ပေါ်လာတယ်။ ကျနော် အနွေးဓာတ်ပေးလိုက်တဲ့ သူ့ရဲ့ နဖူးလေး… နီမြန်းသွားတဲ့ သူ့ရဲ့ ပါးပြင်လေးနဲ့ ရှက်သွေးလွှမ်းနေတဲ့ သူ့ရဲ့ အပြုံးလေး… သူအဲဒီ့တုန်းက မေးတဲ့ မေးခွန်းတစ်ခုကို ကျနော် အခုထိ မှတ်မိနေတုန်းပဲ…"ယောက်ျားလေးက မိန်းကလေးကို နှစ်နှစ်ကာကာ ချစ်ရင် နဖူးကိုပဲ နမ်းတယ်ဆိုတာ ဟုတ်လားဟင်" တဲ့။ ကျနော် ဘာပြန်ပြောရမလဲ မသိတော့တာ သေချာပါတယ်။ ဟုတ်လား၊ မဟုတ်ဘူးလားဆိုတာကို ကျနော်ကိုယ်တိုင် တကယ်မသိတာပါ။ ကျနော် သူ့ကို ရယ်ရင်း "ဟုတ်ရင်လဲ ဟုတ်မှာပေါ့" ဆိုတဲ့ မရေရာ မသေချာတဲ့ အဖြေကိုပဲ ပေးလိုက်မိတယ်။ တကယ်တော့ သူ့ကိုအမြဲတမ်း ချိုသာတဲ့ အနမ်းတွေပဲပေးချင်ခဲ့တာပါ။ ဘာလို့လဲ ဆိုတာကို စဉ်းစားရင်းနဲ့ပဲ ကျနော့် ခေါင်းတွေ ရှုပ်ထွေးလာတယ်။ အဲ့ဒါနဲ့ပဲ စဉ်းစားခန်းကို တစ်ပိုင်းတစ်ဝက်နဲ့ ဖြတ်တောက်ထားခဲ့ရတာ အကြိမ်ပေါင်း မနည်းတော့ဘူး။

          ရုပ်ရှင်ကတော့ ပြီးသွားပေမယ့် ကျနော်ရှာနေတဲ့ အဖြေကိုတော့ မတွေ့သေးဘူး။ အဖြေကို ဆက်ပြီးရှာခဲ့ပါတယ်။ ဒါပေမယ့် အဖြေက ရှာတဲ့ကြားမှာပဲ ပျောက်နေတယ်။ အဖြေကို ရှာဖို့အတွက် နောက်ထပ်နည်းတစ်ခု ရှိသေးတယ်။ အနားမှာရှိတဲ့ စာအုပ်တစ်အုပ်ကို ကောက်ကိုင်လိုက်တယ်။ "မိုးကောင်းကင်၌ တိမ်တိုက်များ"ဆိုတဲ့ ခေါင်းစဉ်နဲ့ စာအုပ်လေး လက်ထဲပါလာတယ်။ အဲဒီ့စာအုပ်ကို ကျနော် ဖတ်နေတာ တစ်ဝက်လောက်ပဲရှိသေးတယ်ဆိုတာ သတိရသွားတယ်။ အဲဒါနဲ့ စာရွက်ကလေး ခေါက်ထားတဲ့ နေရာကို လှန်လိုက်ရင်း အဖြေကိုရှာကြည့်မယ်လို့ စိတ်ကူးနေစဉ်မှာပဲ…

"အိတ်ကပ်ထဲမှာ နှင်းဧကရီပေးခဲ့သော တစ်ထောင်တန်ငွေစက္ကူလေးက ရှိနေဆဲပင်။ မိုးအောင်၏ နှလုံးသားနှင့် အနီးဆုံးနေရာမှာ ရှိနေဆဲ"

မျက်စိထဲကို တိုးဝင်လာတဲ့ စာတစ်ကြောင်း နှလုံးသားထဲအထိ ရိုက်ခတ်သွားတယ်။ ကျနော်သိလိုက်ပါပြီ… ကျနော်ဘာလို့ အဖြေကို ရှာမတွေ့ခဲ့လဲဆို ကျနော်ရှာနေတဲ့ အဖြေက ကျနော်နဲ့ နီးနီးလေးမှာ ရှိနေတာကိုး။ အခုတော့ ကျနော် နားလည်သွားပါပြီ။ ကျနော့်နှလုံးသားရဲ့ အနီးဆုံးမှာ ထားလိုက်မိတဲ့ သူမ ကသာ ကျနော့်ရဲ့ တစ်ခုတည်းသော အဖြေပါ…

ကြိုးစားပါဦးမည်…

(19.9.2012 - Wed)

No comments:

Post a Comment