Thursday, September 6, 2012

ဘဝတစ်ခု ပြီးဆုံးခြင်း (သို့) ဘဝတစ်ခု စတင်ခြင်း

"ဘဝတစ်ခု ပြီးဆုံးခြင်း (သို့) ဘဝတစ်ခု စတင်ခြင်း"

ကျွန်မနားထဲကို စီးဝင်လာတဲ့ အသံတွေ… 
 
“သတိမရတော့ဘူးထင်တယ်” “သတိမေ့သွားတာလား”
 “ဖုန်းတွေ့တယ်၊ ဖုန်းထဲမှာ ဆက်သွယ်လို့ရမယ့် သူတော့ရှိမှာပါ။”
“ဒါဆို မြန်မြန်ဆက်ကွာ၊ အချိန်ဆွဲမနေနဲ့တော့။”
“တိုက်သွားတဲ့ကားက ဘယ်ရောက်သွားပြီလဲ” “ဂျစ်ကားအနီလေ… ငါတွေ့လိုက်ပါတယ်”
“မြန်မြန် ဆေးရုံပို့ကြလေ၊ ဘာလုပ်နေကြတာလဲ”


တဖြည်းဖြည်းနဲ့ အသံတွေက ဝေးဝေးသွားသည်။ တစ်စတစ်စနှင့် ပျောက်ကွယ်သွားသည်။ နောက်ဆုံးတော့ ကျွန်မ ဘာမှမကြားရတော့ပေ။

ကျွန်မ ဘယ်လောက်ကြာကြာ သတိမေ့သွားသည်ကို မသိတော့။ ဘယ်ရောက်နေသလဲ ဆိုတာကို သိရှိဖို့ရန်အတွက် ကျွန်မ မျက်လုံးဖွင့်လိုက်သည်။ အလင်းရောင်တစ်ခု မျက်စိကို စူးသွားသည်။ တော်တော်လေးကို လင်းနေတော့ နေတောင်အတော်မြင့်နေပြီဟု ထင်မိသည်။ လိုက်ကာကြားထဲကနေ ဝင်ရောက်လာတဲ့ အလင်းတစ်ခုပါ။ သေချာတာကတော့ လျှပ်စစ်မီးနဲ့ ဒီလောက်အလင်းမပေးနိုင်ဘူး ဆိုသည်ကို ကျွန်မ သိသည်။ 

ကျွန်မ ပတ်ဝန်းကျင်ကို ဝှေ့ဝဲကြည့်လိုက်သည်။ အခန်းလေးက ချစ်စရာလေးပါ။ တစ်ခန်းလုံးမှာ ရှိတဲ့ ပစ္စည်းတော်တော်များများက အပြာရောင်တွေနဲ့ချည်းပဲ။ ကုတင်ပေါ်မှာ ရှိတဲ့ အိပ်ယာခင်း၊ စောင်နဲ့ ခေါင်းအုံးရဲ့ အစွပ်တွေအားလုံးက အပြာရောင်နုနုလေးတွေ။ ဒီအရောင်ကို ကျွန်မ အကြိုက်ဆုံးဆိုတာ ကျွန်မ အမေနှင့် သူငယ်ချင်းများသာ သိသည်။ ထို့ကြောင့် သူတို့ ပြောင်းပေးထားသည်ဟုလဲ တွေးတောမိသည်။ ဘေးမှာရှိတာတွေကတော့ ပရိဘောဂတွေ စားပွဲတစ်လုံး၊ ခုံနှစ်ခုံ၊ လေအေးပေးစက် တစ်လုံး၊ ပြတင်းပေါက်နှစ်ခု၊ ပစ္စည်းထည့်ဖို့လား အဝတ်ထည့်ဖို့လားမသိတဲ့ ဘီဒိုတစ်ခု နဲ့ တံခါးနှစ်ခုလဲ ရှိသည်။ ကျွန်မ၏ အမြင်မမှားလျှင် ကျွန်မ ဆေးရုံတစ်ရုံကိုတော့ ရောက်နေပြီ။ 

ကျွန်မ ဟိုကြည့်ဒီကြည့် ကြည့်နေတုန်းမှာပဲ…တံခါးတစ်ခုပွင့်လာတယ်။ မာမီဝင်လာသည်ကို တွေ့လိုက်ရတော့ အရမ်းဝမ်းသာမိသည်။ ဒါကြောင့် ကျွန်မ မာမီ့ကို ခေါ်ဖို့အတွက် ကုတင်ပေါ်ကနေထဖို့ ကြိုးစားလိုက်သည်။ ကျွန်မ၏ ခန္ဓာကိုယ်တစ်ခုလုံး လေးလံနေသည်။ လှုပ်လို့မရဖြစ်နေသည်။ တစ်ခုခုတော့ ထူးဆန်းနေပါပြီ။ မာမီက ကျွန်မ သတိရလာတာကိုတွေ့တော့ တော်တော်လေးကို ပျော်သွားသည်။ ပျော်လွန်းလို့ မျက်ရည်တွေကျလာသည်။

“ဘေဘီဂျေး သတိရလာပြီလား သမီးရယ်။ ခဏလေးနော်။ မာမီ ဆရာဝန်သွားခေါ်လိုက်ဦးမယ်။ ခဏအဲဒီ့အတိုင်းလေးနေနော်။” ဆိုပြီး ကျွန်မ မျက်စိရှေ့ကနေ ပျောက်သွားသည်။ ကျွန်မ လှမ်းခေါ်ဖို့အားပြုလိုက်သည်။ သို့သော်…အသံက ကိုယ်တိုင်ပဲကြားနိုင်သည့် နှုန်းဖြစ်နေသည်။ ခဏနေတော့ မာမီပြန်ရောက်လာသည်။ ဆရာဝန်တစ်ယောက်နှင့် သူနာပြုနှစ်ယောက်ပါလာသည်။ ကျွန်မ ကို ဟိုလိုစမ်းသပ်လိုက် ဒီလိုစမ်းသပ်လိုက်လုပ်သည်။ ကျွန်မ၏ မျက်လုံးကို ဖွင့်ခိုင်းထားပြီး လက်နှိပ်ဓာတ်မီးနဲ့ ထိုးထားသည်။ ပြီးမှ သူလိုချင်သော အဖြေရသည်ထင်၏။ မာမီ့ဘက်သို့လှည့်ကာ

“အန်တီ…အခြေအနေကောင်းပါတယ်။ သူ့ သတိပြန်ရလာပြီဆိုတော့ သိပ်စိုးရိမ်စရာ မရှိတော့ပါဘူး။ ဒါနဲ့ သူသတိလစ်နေတာ ဘယ်လောက်ကြာသွားပြီလဲ ဆရာမ”
“ရက်ပေါင်း ၉၀ ပါဆရာ” “သူ…ဒီကိုရောက်တဲ့နေ့က စက်တင်ဘာ ၉ရက်နေ့ပါ။ အခုက ဒီဇင်ဘာ ၈ရက်တောင် ရှိနေပြီလေ။”
“အေး။ ကောင်းပြီ…လူနာကို လိုတာရှိရင် လုပ်ပေးလိုက်ပါ။ အောက်စီဂျင်ပေးထားတာကို ဖြုတ်ထားလိုက်လို့ရပါပြီ။ ဆရာရှိနေမှာပါ။ ဘာမှမပူပါနဲ့” လို့ ကျွန်မဘက်လို လှည့်ကြည့်ပြီး ပြောသွားသေးသည်။ သူတို့တွေထွက်သွားတော့မှ မာမီက ဖုန်းဆက်သည်။ ဒယ်ဒီ့ဆီကို ဆက်နေသည်ဆိုတာတော့ သိသည်။ ဒါကြောင့်ဘာမှမပြောဘဲ မာမီဖုန်းပြောပြီးသည် အထိစောင့်နေလိုက်သည်။ ကျွန်မ ဝါးတားတားမှတ်မိသည်များက မျက်လုံးထဲမှာ ရုပ်ရှင်ပြသလိုပေါ်လာသည်။

အဲဒီ့နေ့က ကျွန်မ အဝေးသင်ကျူရှင်သွားတက်ရန် အိမ်ကစီးနေကြဆိုက်ကားနဲ့ လမ်းထိပ်ကို ထွက်လာခဲ့သည်။ မှတ်မိပါသည်…အဲဒီ့နေ့ကရာသီဥတုသာယာနေသည်။ အရင်လိုပဲ ဆိုက်ကားဆရာနဲ့ စကားပြောရင်း လမ်းထိပ်ကိုရောက်လာသည်။ လမ်းထိပ်ရောက်တော့ ထုံးစံအတိုင်း ဆိုက်ကားဆရာက ရပ်နေကြနေရာမှာ ဆိုက်ကားကိုရပ်လိုက်သည်။ ကျွန်မလဲ ဆိုက်ကားပေါ်ကဆင်းမည် အပြုတွင် အနောက်မှအသံကျယ်ကြီးတစ်ခု ကျွန်မဆီသို့ ပိုမိုနီးကပ်လာနေခဲ့သည်။ ကျွန်မ လှည့်ကြည့်ဖို့အချိန်မရလိုက်သလို ဆင်းပြေးဖို့အချိန်ဆို ပိုလို့တောင် ဝေးပါသည်။

အဲဒီ့မှာပဲ ကျွန်မကားနှစ်စီးကြားရောက်သွားတော့သည်။ အနောက်ကဂျစ်ကားရဲ့ အရှေ့ကသံဗန်ပါ(ခေါ်)သံတိုင်တွေနဲ့ ကျွန်မရဲ့ အနောက်ကျောပြင်တို့ တွေ့ဆုံခိုက်တွင် ကျောပြင်မှာ ပွန်းပဲ့သွားသည်ကို ကျွန်မခံစားလိုက်ရသည်။ ထို့နောက်တွင် အရှေ့က လေးဘီးကားကို ဝင်ဆောင့်သည့်အခိုက် သံတိုင်တွေနှင့် ကျွန်မခေါင်းရိုက်မိသည်။ ဒီအချိန်အထိ ကျွန်မ သတိရှိနေသေးသည်က ကံကောင်းသည်။ သို့သော်... အနောက်က ဝင်တိုက်သည့်ကားက အရှိန်မသေသေးပေ။ ထို့ကြောင့်ကားနှစ်စီးအကြားညပ်မိနေသည့်အလျောက်သာ ဆိုက်ကားပေါ်ထိုင်နေရသည်။

ထိုအချိန်အနောက်ကားပေါ်သို့ ကောင်လေးတစ်ယောက် တက်သွားသည်ကို လှမ်းမြင်လိုက်ရပြီးနောက်မှာတော့ ဘယ်ဘက်ခါးမှ နာကျင်မှုဝေဒနာကို ခံစားလိုက်ရသည်။ ကျွန်မ အားထည့်ပြီး အော်လိုက်သည်။ တကယ်ပါ…အဲဒီ့နာကျင်မှုကို ကျွန်မ မခံစားနိုင်ပါ။ ကျွန်မ တော်တော်နာကျင်ပြီးနောက်တော့ ဘာမှမမှတ်မိတော့ပေ။ ဘာမှလဲမမြင်ရတော့ပေ။ မူးလဲသွားတာလား၊ မေ့သွားတာလား ဆိုတာ ကိုယ်တိုင်တောင် မသိလိုက်ပါ။
အခုပြန်စဉ်းစားလဲ အဖြေကထွက်မလာပါ။ ဒါကြောင့် မာမီကိုမေးဖို့ကြည့်လိုက်တော့ သူလဲဖုန်းပြောလို့ပြီးသွားပြီလေ။ မာမီနဲ့စကားပြောရင်း ကိုယ့်ကိုကိုယ် ကြည့်မိတော့ ခါးမှာပတ်တီးတွေ ပတ်ထားတာမြင်လိုက်ရတယ်။

“မာမီ…ဘေဘီဂျေး ခါးက ဒဏ်ရာဘယ်လောက်ကြီးလို့ တစ်ပြင်လုံးကို ပတ်တီးပတ်ထားတလဲဟင်” ဆိုတော့သူက “မာမီလဲဘယ်သိပါ့မလဲ…ဆရာဝန်ကိုပဲမေးကြည့်ရမှာပေါ့။ ဘာဖြစ်လို့လဲ အခုနာနေလို့လား”လို့ စိုးရိမ်စိတ်နဲ့ ကျွန်မကို ပြန်မေးတယ်။
ကျွန်မက ခေါင်းခါပြရင်းနဲ့
“မာမီ…ဘေဘီဂျေး အဝေးသင်စာမေးပွဲ မဖြေလိုက်ရဘူးပေါ့။ ဘာလို့အဲလောက် အကြာကြီးသတိလစ်သွားရတာလဲ။ ဒါနဲ့ ဒယ်ဒီကော…အလုပ်သွားတာလား”
“အင်း…ဟုတ်တယ်။ ဒယ်ဒီက အလုပ်မှာ။ ညနေတော့ သူလာလိမ့်မယ်။ ပြီးတော့ နင့်သူငယ်ချင်းတွေလဲလာလိမ့်မယ်။”
“မာမီ…ဘေဘီဂျေး အခုလမ်းထလျှောက်လို့ ရပြီလား။”
“နေပါဦး။ ဆရာဝန်ကိုမေးရဦးမယ်လေ။ နင်လုပ်ချင်တိုင်းလုပ်လို့ရမယ်ထင်နေလား။ သတိရလာတာနဲ့ ဇာတ်လမ်းကစပြီ။”
“သြော်…မာမီ ဒါနဲ့လေ… သူဖုန်းဆက်သေးလားဟင်”
“ဆက်တယ်။ ငါက နင်မရှိဘူးလို့ပြောထားတယ်။ နိုင်ငံခြားထွက်သွားတယ်လို့ပြောလိုက်တယ်။ နင့်အဲဒီ့အကောင်နဲ့ မပြတ်သေးဘူးလား”
“မာမီကလဲ ဘာလို့သူ့ကို အဲ့လိုပြောရတာလဲ။ သူနဲ့ဘေဘီဂျေးနဲ့က ဘာမှမဆိုင်တော့ပါဘူး။ တခြားသူတွေလိုပဲ သူငယ်ချင်းလိုပါပဲ။”

အမေဘာမှပြန်မပြောတော့ပေ။ ကျွန်မကို စိတ်ဆိုးသွားပြီထင်သည်။ ဘယ်တတ်နိုင်မလဲလေ။ ကိုယ်ချစ်ရတဲ့သူကို အတင်းစွတ်စွဲတာကိုတော့ ဘယ်သူကလက်ပိုက်ကြည့်နေနိုင်မှာလဲ။ ညနေ စုပြည့်လာမှပဲ သူ့အကြောင်းမေးတော့မယ်ဆိုပြီး စိတ်ရှည်စွာနဲ့ပဲ စောင့်နေမိတယ်။

စုပြည့်နဲ့ သီရိအပြင် ဖူးဖူးပါ ပါလာတော့ ပိုပြီးအားရှိသွားတာပေါ့။ ကျွန်မ ဘာကို သိချင်နေလဲဆိုတာ သူတို့အားလုံးသိပါတယ်။ ကျွန်မ သူတို့ဆီက မျှော်လင့်နေတဲ့စကားတွေက သူ့အကြောင်းတွေပါပဲ။ သူအခုဘယ်မှာလဲ။ ဘာတွေလုပ်နေလဲ။ ကျွန်မကိုကော သတိရနေရဲ့လား။ ဒါမှမဟုတ် နောက်တစ်ယောက်နဲ့ပျော်နေပြီလား။ ဒါတွေကို ကျွန်မ အရမ်းသိချင်နေပါသည်။ သို့သော်…သူတို့ကိုကြည့်ရသည်မှာ ကျွန်မကိုတွေ့ရသည်ကို မပျော်မရွှင်ဖြစ်နေကြသည်။
သူတို့တစ်ခုခုကိုတော့ သိထားနေနှင့်ပြီးလေပြီ။ အဲဒီ့အရာက ကျွန်မကိုဘယ်လိုသက်ရောက်မှု ရှိစေမှာလဲ။ ကျွန်မအရမ်းကြားချင်နေတဲ့ သူ့အကြောင်းကို သူတို့ ပြောဖို့ အခက်တွေ့နေသည်။ ကျွန်မ ဒီနေ့ သတိပြန်ရပြီဆိုတာကို သူသိလား။ သူ့တစ်ယောက်တည်းကိုပဲ စောင့်နေတယ်ဆိုတဲ့ မိန်းကလေးက ကျွန်မ ဆိုတာကို သူသိရဲ့လား။ သူ့အပေါ်မှာ နားလည်မှုအပေးနိုင်ဆုံး မိန်းကလေးက ကျွန်မ ဆိုတာကိုကော သူသိပြီလား။

ထားလိုက်ပါ…ဒါတွေက အရေးမကြီးပါဘူး။ အရေးကြီးတာက သူနေကောင်းဖို့ပါ။
“ဟဲ့…နင်တို့တွေ ငါ့ကိုလာကြည့်တာ ပြုံးပြုံးပျော်ပျော်လဲ မရှိဘူး။ ဒီနေ့မှ သတိပြန်ရလာတာလေ။ နင်တို့ ငါ့အတွက် ဝမ်းမသာဘူးလား”
“အင်း…ဝမ်းသာတာပေါ့ သူငယ်ချင်းကြီးရယ်။” “နင်ကလဲ…ငါတို့ကဝမ်းမသာဘဲနေမလားဟ” “အောင်မလေး…နင်အဲလိုပြုံးနေတာလေးကို မြင်ရလို့ငါကတော့ ကျေနပ်နေတာ”
“အေး၊ ဒါဆိုလဲ ပြောတော့ ငါကြားချင်လှပြီ။ သူဘာတွေလုပ်နေလဲ”
“စုပြည့် နင်ပြောလိုက်ဟာ…”
“ဘာကိစ္စ ငါကပြောရမှာလဲ နင်ပြောပါလား သီရိမရဲ့”
ဖူးဖူးက “တော်တော့ ဘယ်သူ့မှမပြောနဲ့တော့ ငါပဲ အစအဆုံးပြောပြလိုက်တော့မယ်” ဆိုပြီး ကျွန်မ ဘက်ကို လှည့်ပြီး “နင် သူ့အကြောင်းဘာသိချင်တာလဲ”
“ငါလား…အကုန်သိချင်တာပေါ့ဟ။ ငါနေမကောင်းဖြစ်နေတုန်း သူဘာတွေလုပ်နေလဲ။ သူကော နေကောင်းရဲ့လား။ သူ့မိသားစုကော အခြေအနေ ဘယ်လိုလဲ။ ငါ့ကိုကော သတင်းမေးသေးလား။ ဒါနဲ့ ငါ့အမေက သူ့ကို ငါနိုင်ငံခြားသွားပြီလို့ လိမ်ထားတယ်။ အဲဒါကိုကော သူယုံလား။ နောက်ပြီး တခြားဘာတွေထူးသေးလဲဟာ”
“နင်မေးတာတွေကို တစ်လုံးမကျန်တော့ ငါမဖြေနိုင်ဘူးနော်။ ငါတို့သိသလောက်တော့ ပြောပြမယ်။ သူအရင်ကလိုပဲ အေးအေးဆေးဆေးနဲ့ သူ့အလုပ်သူလုပ်နေတယ်။ နေကတော့ ကောင်းပါတယ်။ ငါတို့တွေ့တိုင်း အလုပ်ရှုပ်နေတာကလွဲလို့။ သူ့မိသားစုလဲ အဆင်ပြေပါတယ်။ သူတို့ကို နင် စိတ်ပူစရာမလိုပါဘူး။ ငါတို့နဲ့တွေ့ရင်တော့ နင့်အကြောင်းမေးပါတယ်။ နင့်အမေနဲ့သူနဲ့ စကားတွေတော်တော်ပြောဖြစ်ခဲ့ကြတယ်။ ဘာတွေပြောကြလဲဆိုတာ သိချင်ရင်တော့ သူ့ကိုမေးကြည့်ကြည့် အဲလိုမှမဟုတ်ရင်တော့ နင့်အမေကိုပဲမေးကြည့်တော့။ သူက နင်နိုင်ငံခြားသွားရင် အင်တာနက်သုံးမယ့်လူ ဆိုတာ သိနေတော့ နင့်အမေကို ယုံမလား စဉ်းစားပေါ့ဟာ။ ထူးတာတွေတော့ ရှိတယ်။ ဒါပေမယ့်…”

“ဒါပေမယ့် ဘာဖြစ်လဲ။ ဆက်ပြောလေဟာ။ နင်ကလဲ တန်းလန်းတော့ မထားခဲ့ပါနဲ့။ ငါပြောတာ စကားကိုပြောတာနော်။ နင်တို့တွေ ပေါက်ကရတွေလျှောက်တွေးမနေကြနဲ့ဦး။” ဟု ရယ်မောစွာပြောလိုက်သော်လည်း သူတို့သုံးယောက် လိုက်မရယ်ကြပါ။ ကျွန်မ အတွက်သေချာနေသည်က မကောင်းသတင်းပဲဖြစ်လိမ့်မည်။
“ငါ…အစစအရာရာ ပြင်ဆင်ထားပြီးပါပြီဟာ။ နင်တို့ ငါ့ကို ပြောဖို့အားနာမနေပါနဲ့။” လို့ သူတို့ကို ပြောလိုက်တော့မှ…

စုပြည့်က “အေးပါ။ အဲဒါဆိုလဲ ပြောမယ်။ နင့်စိတ်ကိုတော့ နင်အသိဆုံးပါပဲ။ နင်အဆင်သင့်ဖြစ်ပြီ ဆိုရင်တော့ ငါပြောမယ်။ သူနောက်လထဲမှာ စေ့စပ်မှာ။ ဖိတ်စာကတော့ ငါတို့ဆီကို ရောက်မလာသေးဘူး။ ဒါပေမယ့် ဘယ်သူနဲ့လဲ ဆိုတာကိုတော့ နင်သိမှာပါ။ ငါတို့အားလုံးလဲ သိနေတယ်လေ။”

“သြော်…ဟုတ်လား။ နောက်လဆိုတော့ ငါ့မွေးနေ့လဲရှိတယ်လေ။ ငါလဲနေကောင်းပြီဆိုတော့ သွားပြီး ဂုဏ်ပြုပေးလို့ရတာပေါ့။ ဒါပေမယ့် ငါ သိပ်ပျော်ဘူးဟာ။” မျက်လုံးအိမ်ကတော့ ဝမ်းနည်းတယ်ဆိုတာကို သက်သေပြနေသလို ကျွန်မ ရင်ထဲမှ ထွက်ကျလာသော စကားများကို သူငယ်ချင်းများက လက်မခံနိုင်သည့်အဆုံး ကျွန်မကို အခန်းထဲမှာ တစ်ယောက်တည်းထားခဲ့ကာ ထွက်သွားကြတော့သည်။

ကျွန်မ တစ်ယောက်တည်းနေချင်သည်တော့ မဟုတ်ပေမယ့် သူတို့ထားခဲ့သည်ကပင် ကျွန်မ အတွက် အခွင့်အရေးတစ်ခုရလိုက်သလိုပင်။ ကျွန်မ သူ့ဆီက စကားတစ်ခွန်းတော့ ကြားချင်မိသေးသည်။ ထို့ကြောင့် အမေ့ဖုန်းကို လှမ်းဆွဲရင်း သူ့ဖုန်းနံပါတ်ကို အလွတ်ရတော့ နှိပ်လိုက်သည်။ 09******* ဖုန်းမဝင်ခင် အတွေးတစ်ခုက ခေါင်းထဲဝင်လာသေးသည်။ တော်ကြာနေ သူနဲ့စေ့စပ်မယ့်သူ လာကိုင်ရင်ဘယ်လိုလုပ်ရပါမလဲပေါ့။ လာကိုင်တော့လဲ ဘာဖြစ်လို့လဲ။ သူနဲ့ပြောချင်လို့ပါလို့ ပြောလိုက်ရုံပေါ့ လို့ စိတ်ထဲမှာ ကြိုတင်စာစီရင်း ရင်တွေခုန်နေမိတယ်။ ဖုန်းဝင်သွားတော့ သူကိုယ်တိုင်လာကိုင်သည်။ သူက ကျွန်မ အမေဖုန်းကို သိတော့ ကျွန်မဆက်မှန်းသူပြီပေါ့။

“ဟဲလို…ပြောပါ” သူ့အသံက အရင်ကလိုပဲ ကြည်လင်နေပါသည်။
“ဟုတ်ကဲ့…ကေခိုင်ပါ။ ကို မှတ်မိပါတယ်နော်။ မေ့များနေပြီလားလို့။”
“အင်း…မှတ်မိပါတယ်ဗျာ။ ဘာကိစ္စရှိလို့လဲ။ နေကောင်းသွားပြီမလား”
“အင်း။ ကောင်းသွားပါပြီ။ ကို့ ကို မေးစရာလေးရှိလို့ပါ”
“မေးလေ။ ရပါတယ်”
“ကို စေ့စပ်တော့မယ်ဆို”
“သြော်…ဒါလား။ ဟုတ်တယ်။ နောက်လထဲမှာပါ။ ရက်ကတော့ သေချာမသတ်မှတ်ရသေးဘူး။ ယာယီအားဖြင့်တော့ ၂၂ ရက်နေ့လောက်ဖြစ်မယ်”
“ဟင်…ဟုတ်လား။ အဲဒါ ဘေဘီဂျေး မွေးနေ့လေ။ အဲဒီ့နေ့ဆိုရင်တော့ လာနိုင်မယ်မထင်လောက်ဘူး ကိုရယ်။ တစ်ခြားရက်ပြောင်းလို့လဲ တိုက်တွန်းလို့က မကောင်းဘူးနော်။ ဟီးဟီးဟီး”
“ဟာ….ညီမ မလာနိုင်လို့ ဘယ်ဖြစ်မလဲ။ စေ့စပ်ပွဲကို ညီမ မပါပဲနဲ့ ကိုတစ်ယောက်တည်း ဘယ်လိုသွားကျင်းပရမှာလဲ”

ကျွန်မခေါင်းထဲရှုပ်ထွေးသွားသည်။ သူက ဘယ်လိုပြောလိုက်တာပါလိမ့်။ ညီမ မပါဘဲ တစ်ယောက်တည်းကျင်းပလို့မရဘူး။ အဲဒီ့စကားက ဘာကိုဆိုလိုတာပါလိမ့်… ဖုန်းကို ကိုင်ထားရင်း ကျွန်မတွေးနေတာ သူ့ကိုစကားပြန်ပြောဖို့တောင် ဘယ်ကစပြောရမလဲ မသိတော့ပါ။ ကျွန်မ အခန်းတံခါးပွင့်လာသည်။ ဘယ်သူဝင်လာသလဲဆိုတာကို ကျွန်မ မတွေ့ရသေးပါ။ လမ်းလျှောက်လာနေသည့် လူတွေကတော့ တော်တော်များများသည်။ ခြေသံတွေတော်တော်များနေသည်။
ဘယ်ကလူတွေလဲ။ ဘာလာလုပ်ကြတာလဲ။ ဒီမှာ သူနဲ့ စကားပြောလို့ကောင်းနေတုန်း ဘယ်က အဖျက်သမားတွေလာကြပြန်ပြီလဲ။ စိတ်ညစ်လိုက်တာ။ ဒီနေ့မှ သတိရလာတာတောင် လူကိုအနားပေးဖို့ အစီအစဉ်မရှိကြဘူး ထင်တယ်။

သူ ကျွန်မ ကို ဖုန်းထဲကနေ လှမ်းခေါ်သည်။“အင်း…ဘာတွေတွေးနေတာလဲ။ တော်ပြီ။ ဖုန်းချလိုက်တော့ မျက်နှချင်းဆိုင်ပဲ စကားပြောတော့မယ်”
“ဟင်…ဘာပြောသွားတာလဲ။ ကို….ဟဲလို….ဟဲလို….ဟဲလို”

ကျွန်မ ဖုန်းလဲချပြီးရော လူတွေအများကြီး ကျွန်မ ကုတင်ဘေးမှာ ဝိုင်းပြီးကြည့်နေကြသည်။ ထို့နောက်တွင်တော့ လူအုပ်ကြားမှ သူ ထွက်လာသည်။ သူ့လက်ထဲမှ ပါလာသော ပန်းနုရောင် ဖိတ်စာတစ်စောင်ကို ကျွန်မကို လှမ်းပေးသည်။ အားဆေးသွင်းထားသော ညာဘက်လက်က လှုပ်လို့မရသောကြောင့် ဘယ်လက်ဖြင့်သာ လှမ်းယူရင်း သူ့ကို သေချာစိုက်ကြည့်နေမိသည်။ သူက 

“ဖတ်လေ။ စာဆိုတာ ဖတ်ဖို့ပေးတာ”

အဲဒီ့တော့မှ ဖိတ်စာကိုသေချာကြည့်ရင်း ဖိတ်စာပေါ်မှာ ရိုက်ထားသော စာလုံးများကို ကျွန်မ မြင်လာတော့သည်။
“မောင်……….” နှင့် “မ……….”
တို့၏ စေ့စပ်မင်္ဂလာ
ဖိတ်ကြားလွှာ

ကျွန်မ နာမည်နဲ့ သူ့နာမည်ကို ရိုက်ထားတာပဲ။ ကျွန်မကို ရင်တုန်အောင်လုပ်တဲ့ ကျွန်မ သူငယ်ချင်းများက အဲဒီ့တော့မှ ထွက်လာကြပြီး…

“ငါတို့တွေ သရုပ်ဆောင်လုပ်စားလို့ရပြီ။ ဟုတ်တယ်မလား စုပြည့်နဲ့ သီရိ။ အိုင်တင်အပြည့်နဲ့ပဲနော်။ ဟားဟားဟား။…”

“ဟုတ်ပါ့ ဟုတ်ပါ့… ငါတို့ကတော့ စံပါပဲ”

“အေး။ ဒါနဲ့ ဘေဘီဂျေး နင်ကြိုက်တဲ့ သီချင်းတစ်ပုဒ် ငါ့ဖုန်းထဲမှာရှိတယ်။ နင်အခုနားထောင်မလား”

“ဘာသီချင်းလဲ”

“နင်ပဲ အဲဒီ့ခေါင်းစဉ်ကို သေလောက်အောင် ကြိုက်ပြီးတော့။ ငါ့ဖုန်းထဲမှာ ရှိတာတွေထဲက အဲဒီ့တစ်ခုပဲ နင်ကြိုက်တာလေဟာ။ နာမည်က “My Happy Ending”


လွန်ခဲ့တဲ့ ၂ နှစ်က တကယ့်ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ခုအပေါ်မှာ အခြေခံထားတာပါ။

No comments:

Post a Comment