"သူ မသိသေးတဲ့ သူမအကြောင်း"
ဒီနေ့တစ်နေ့လုံး သူမတစ်ယောက် ထိုင်မှိုင်နေသည်။
မနက်ကတည်းက သူငယ်ချင်းတွေက တွေ့ကြမယ်ဆိုလို့ အပြင်ထွက်လာပေမယ့် သူမ ပျော်ရွှင်နေတဲ့စိတ်နဲ့တော့
မဟုတ်ဘူး။ သူမ ဘာကိုအလိုမကျဖြစ်နေတာလဲ ဆိုတော့ ဒီနေ့သူနဲ့ တွေ့ရဖို့က မသေချာဘူး။
သူမ
သူ့အကြောင်းတွေးမိလိုက်တိုင်း ရင်ထဲမှာဗလောင်ဆူသွားသည်။ ဒီလိုနေ့တွေရှိမယ်ဆိုတာ သူမ
ကြိုသိနေပါသည်။ သို့သော် သူမ တကယ်တမ်း ရင်ဆိုင်လိုက်ရတော့ အင်အားတွေပျောက်ဆုံးကုန်သည်။
ဒီနေ့သူက ဟိုမှာရှိမနေဘူးလို့ သူမ ကိုကြိုအသိပေးထားသည်။
မနေ့က ဖုန်းထဲမှာ စကားတွေ အကြာကြီး ပြောဖြစ်ကြသည်။ ထို့ကြောင့် မနက်တစ်ပိုင်းကိုတော့
သူငယ်ချင်းတွေနဲ့ အချိန်ကုန်လိုက်မယ်လို့ သူမ ဆုံးဖြတ်ထားတဲ့အတိုင်း သူငယ်ချင်းတွေအလိုကျ
လိုက်လျောခဲ့သည်။ သူငယ်ချင်းတွေကို ပြီးရင် သွားစရာတစ်ခု ရှိသည့်ကိစ္စပြောပြတော့ သူမကို
သူငယ်ချင်းနှစ်ယောက်က ဝိုင်းပြီးတားကြသည်။
အမှန်တကယ်ဆို ဒီအချိန်က သူမ သင်တန်းမှာ ရောက်နေရမယ့်အချိန်။
အဲဒီ့ကိစ္စကို အချေအတင် ဆွေးနွေးနေတဲ့အချိန်မှာပဲ သူမဆီကို ဖုန်းဝင်လာသည်။ သူမ ဖုန်းကိုကြည့်လိုက်တော့
သူ့ဆီက။ ဒါနဲ့ပဲ သူမ ဆိုင်အပြင်ကိုထွက်လာခဲ့တယ်။
“အင်း…ကို ပြောလေ”
“ညီမ မလာသေးဘူးလား။ ညီမကိုစောင့်နေတာ။ ခဏနေရင်တော့
ကိုလဲသွားစရာရှိသေးတယ်။ အခုဘယ်မှာလဲ။”
“ညီမ အခု မြေနီကုန်းမှာပါ။ သူငယ်ချင်းတွေနဲ့။
ညီမ နည်းနည်းဒုက္ခရောက်နေတယ်။ အဲဒီ့ကိုလာဖို့လုပ်နေတာကို သူငယ်ချင်းတွေက မသွားနဲ့ဆိုပြီး
တားနေကြတယ်။ ကိုနဲ့သွားတွေ့တာ မဟုတ်ဘူးလို့ပြောလဲ မရဘူး။ ဘာမှကိုပြောလို့မရတာ။ ညီမက
ဒီတစ်ခါတော့ သွားမှဖြစ်မယ်လို့ ပြောတော့ တစ်ယောက်က မျက်ရည်တွေတောင်ကျလာတယ်။ ကို…ညီမဘာလုပ်ရမလဲဟင်။
ဒါနဲ့ ကိုဒီနေ့သွားစရာရှိတယ်ဆို။ အခုဘယ်အချိန်တောင်ရှိနေပြီလဲ။ နောက်ကျနေပြီမလား။”
“ကို ညီမလာမလားဆိုပြီး စောင့်နေတာ။ အခုတော့
ကိုလဲသွားတော့မယ်။ အဲဒီ့မှာပဲ နေလိုက်ပါတော့။ ရပါတယ် ဒီကအဲလောက် မဟုတ်ပါဘူး။ ကိစ္စမရှိဘူး။
နောက်မှအေးအေးဆေးဆေး ပြောကြမယ်လေနော်။ ဒါဆိုတာ့တာ…”
“အင်းပါ…နောက်မှဖုန်းဆက်လိုက်မယ်နော်။ တာ့တာ”
သူမ ဖုန်းသာချလိုက်ရသည်။ တကယ်တော့…သူမ စကားတွေဆက်ပြီးပြောနေချင်သည်။
သူမ ဆိုင်ထဲကိုပြန်ဝင်လာတော့ သူငယ်ချင်းတွေက သူမကို သေချာစိုက်ကြည့်နေကြသည်။ သူမဆီက
ပြောထွက်လာမယ့်အဖြေတစ်ခု။ သူမ စကားပြောဖို့ခွန်အားတွေ မရှိတော့သည့်အလျောက် ကိုယ်အမူအရာနှင့်သာ
တုန့်ပြန်မှုပြုလိုက်သည်။
ထို့နောက်တွင်တော့ သူမ စိတ်တွေတစ်စ တစ်စ မှေးမှိန်ခဲ့သည်။
သူငယ်ချင်းတွေက နောက်တစ်နေရာ သွားဖို့အတွက် စဉ်းစားနေကြသည့် အချိန်တွင် သူမ ကတော့ တွေးလက်စ
ဖြစ်ရပ်တွေကို အတွေးနယ်ချဲ့နေသည်။ သူက သူမကိုစောင့်နေတယ်တဲ့လား။ သူမ စိတ်အလိုမကျဖြစ်နေသည်။
သူရှိနေမယ်ဆိုတာကိုသာ သူမ စောစောကသိခဲ့ရရင် ဘယ်လောက်တောင်ကောင်းလိုက်မလဲ။ သူမ ခြေလှမ်းတစ်လှမ်းနောက်ကျသည်ပဲလော
သို့မဟုတ် သူမခြေလှမ်းပဲ မလှမ်းတတ်သည်လော။
ဒီနေ့မတွေ့ရလျှင် အသေချာဆုံးကတော့ နောက်တစ်ပတ်ပဲ။
သူမ ဘယ်မှမသွားချင်တော့ပါ။ သူမ တစ်ယောက်ထဲ တစ်နေရာရာမှာ ထိုင်ပြီးအေးအေးဆေးဆေး နေချင်မိသည်။
သို့သော်…သူမ စိတ်ကူးတွေကို ချိုးဖျက်ပြီးသည့်နောက် သူငယ်ချင်းများခေါ်ဆောင်ရာ နောက်သို့သာလိုက်ခဲ့သည်။
ဘယ်သွားကြမှာလဲ ဆိုတော့ သီချင်းသွားဆိုကြမလို့တဲ့။ သြော်…ကောင်းလိုက်ကြတာ… သူမ စိတ်ထဲမှရေရွတ်လိုက်ခြင်းဖြစ်သည်။
ဟိုကိုရောက်တော့ လူပြည့်နေသည်။ ခက်တာက သူမတို့
ဘယ်ကိုသွားရမလဲ စဉ်းစားရကျပ်နေလေပြီ။ သို့သော်…သူမ အကြံတစ်ခုပေးလိုက်ခြင်းသည်ပင်လျှင်
အလင်းတစ်ခုသဖွယ်။ ဒီလိုနဲ့ စိတ်နဲ့ခန္ဓာကွဲနေတဲ့ သူမ သူငယ်ချင်းတွေနောက် တကောက်ကောက်
လိုက်ခဲ့ပြန်သည်။ သေချာသည်ကတော့ သူမစိတ်တွေ သူမနဲ့အတူ ရှိမနေခြင်းပင်။ ဒါဆို သူမစိတ်တွေ
ဘယ်ဌာနေဆီမှာများ စိုက်ကပ်နေပြန်ပြီလဲ။
ဒါကတော့ ရိုးရှင်းပါသည်။ သူမဧ။်စိတ်စေတသိုက်သည်
သူရှိရာနေရာ၌ တည်ရှိနေပေမည်။ သူမဧ။် အတွေးအပိုင်းအစများသည် သူရှိရာနေရာ၌ တွယ်ကပ်နေပေမည်။
သူမဧ။် စိတ်ကူးအိမ်မက်များသည် သူရှိရာနေရာ၌ ခိုလှုံနေပေမည်။
သူမ သူငယ်ချင်းတွေနှင့် အတူတူထိုင်နေသော်လည်း
သေချာသည့်အကြောင်းအရာတစ်ခုမှာ သူမ မပျော်ရွှင်ပါ။ ဒီနေ့ သူမ မျှော်လင့်ထားသည်များနှင့်
လုံးဝဆန့်ကျင်ဘက်ဖြစ်နေသည်သာ။ သူမ တွေးထားသည်များနှင့် လုံးဝကွာခြားနေသည်သာ။ သူမ ကြံရွယ်ထားသည်များနှင့်
လုံးဝမတူညီသည်သာ။
သူမ အကြောင်းကို သေချာသိကြသည်ဟု ဆိုရသော သူမဧ။်
သူငယ်ချင်းများသည် အခုတော့ သူမ ကိုနားလည်မှုမပေးနိုင်ကြတော့ပေ။ သူမ ခံစားနေရသည်ကို အခုအချိန်မှာ
ဘယ်သူမှသိနိုင်မည် မဟုတ်ပါ။ သိတာမသိတာကိုလဲ သူမ ဂရုမစိုက်ပါ။ သူမ ဂရုစိုက်သည့် အချက်တစ်ချက်မှာ
သူငယ်ချင်းများပြောကြသော သူ့အကြောင်းသာလျှင်ဖြစ်တော့သည်။
သူမဧ။်အရှေ့တွင် သူ့အကြောင်းမကောင်းပြောလျှင်
သူမတစ်ခါမှငြိမ်မနေခဲ့ပါ။ အဲလိုစိတ်မျိုးရှိလို့ပဲ သူမကို လူတိုင်းကအပြစ်ပြောနေကြပြီ။
သို့သော်…သူမဧ။် ခံစားချက်နှင့် ယုံကြည်ချက်ကိုတော့ ဘယ်သူကမှ ပြောင်းလဲမပစ်နိုင်သေး။
သူမ ဒီနေ့ သူမဧ။် သူငယ်ချင်းများကို သိပ်ကိုသေချာ တိကျတဲ့အဖြေတစ်ခု ပေးလိုက်သည်။
“ဘယ်သူ့ကြောင့်မှ ငါတုန်လှုပ်မှာမဟုတ်ပါဘူး။
ဘယ်သူတွေဘယ်လိုပဲတားတားပါ… င့ါမှာနောက်ဆုတ်ဖို့ အစီအစဉ်မရှိဘူး။ နောက်ပြီး…နင်တို့နဲ့
ငါ့မိဘတွေက ငါတို့နှစ်ယောက်ရဲ့ အကြောင်းပြချက် ဘယ်တော့မှမဖြစ်စေရဘူး။”
အိမ်အပြန်လမ်းကတော့ တိတ်ဆိတ်မှုတွေ လွှမ်းခြုံနေသည်။
ဒုတိယမြောက် အိမ်အပြန်ဆိုတာကို သူမ အိမ်ရောက်မှ သိတော့သည်။ သူမဧ။် အမေက အဆင်သင့် ထိုင်စောင့်နေသည်။
သူမနှင့် စကားပြောဖို့အတွက်ဆိုတာ သူမကြည့်လိုက်သည်နှင့် သိသည်။ သူမနှင့် သူမဧ။် အမေတို့
အကြိတ်အနယ် စကားပြောကြသည်မှာ အခုနှင့်ဆိုလျှင် ဒုတိယအခေါက် ဖြစ်သည်။ ဒါကြောင့်လည်း
သူမဧ။် ဒုတိယမြောက်အိမ်အပြန် ဖြစ်လေသည်။ သူမ မျက်နှာကို ကြည့်ပြီး သူမဧ။် အမေက…
“အခုမှ ဘယ်ကပြန်လာတာလဲ။ နင်အခုတလော အပြင်ပဲထွက်နေတယ်နော်။
ဒါနဲ့ ဒီနေ့ သင်တန်းသွားတာမဟုတ်လား။ ဟွန်း…ဟိုတစ်ယောက်နဲ့မှ တွေ့ခဲ့ရဲ့လား။ ငါမပြောချင်လို့
ကြည့်နေတာလို့မထင်နဲ့နော်။ ငါ နင့်ကို စောင့်ကြည့်နေတာ။ ကိုယ့်အသိစိတ်ဓာတ်နဲ့ကို ပြင်မလားလို့
စောင့်နေတာ။”
သူမ စိတ်ညစ်လာရသည့်အပြင် သူမဧ။် အမေလေသံများကြောင့်
စိတ်ပိုလေသွားတော့သည်။ သို့သော်…သူမ တစ်ခွန်းမှ ပြန်မပြောလျှင်လည်း ရန်ရှာဦးမည်။ ထို့ကြောင့်
သူမက
“ဒီနေ့ သင်တန်းမသွားဖြစ်လိုက်ပါဘူး။ ဟိုနှစ်ကောင်ဆွဲထားလို့
မသွားလိုက်ရဘူး။ စိတ်ညစ်လာရတဲ့အထဲ အမေကလဲ တစ်မျိုး။”
“နင်ကဘာကို စိတ်ညစ်ရတာလဲ။ အောင်မလေး…ပျော်ပါးပြီးမှပြန်လာပြီးတော့များ။
ဘာဖြစ်လာလို့လဲ…ပြောစမ်းပါဦး။”
“သူတို့နှစ်ယောက်ပေါ့…သမီးကို ဟိုတစ်ယောက်
ကိစ္စနဲ့ ပတ်သတ်ပြီးပြောလိုက်ကြတာ။ နားကိုပူနေတာပဲ။ Lecture တွေရိုက်လိုက်ကြတာ။ အခုတစ်ခါ
အမေကလဲ ပြောပြန်ပြီ။”
“ဟဲ့... သူတို့က နင့်ကို ဂရုတစိုက်နဲ့ ပြောကြတာလေ။
ငါကလဲ နင့်ကို ငါ့သမီးမို့လို့ပြောတာ။ နင့်ကို လူဖြစ်အောင်လို့ မွေးပေးထားတာက ငါပါအေ။ အမေဆိုလို့
နင့်မှာ ဒီအမေတစ်ယောက်ပဲရှိတယ်။ နောက်တစ်ယောက်လိုချင်ရင်တောင် မရနိုင်ဘူး။ ယောက်ျားတို့၊
ရည်းစားတို့ ဆိုတာက တစ်ယောက်တည်း ရှိတာမဟုတ်ဘူး။ အမျာကြီးပဲ…နောက်ပိုင်း နင်တွေ့ဦးမှာပါ။
ဘာလို့များ သူ့တစ်ယောက်တည်းပဲ ရှိတယ်လို့တွေးနေလဲ မသိပါဘူးအေ။”
သူမ ပြန်လည်ချေပဖို့ မရည်ရွယ်ထားပေမယ့် လွှတ်ကနဲပါးစပ်ကနေထွက်သွားတာက
“အမေပြောတာ ဟုတ်ပါတယ်။ အမေနဲ့ လုံးဝပုံစံတူ၊
စိတ်တူကိုယ်တူ နောက်တစ်ယောက် မရှိနိုင်ပါဘူး၊ ရလဲမရနိုင်ပါဘူး။ အဲဒီ့လိုပါပဲ အမေရယ်…သမီး
ချစ်တဲ့သူကလဲ သူနဲ့တူတဲ့လူ နောက်တစ်ယောက် မရှိပါဘူး။ သမီးအတွက်ကတော့ ဖေဖေ၊မေမေနဲ့ သူက
ကမ္ဘာပေါ်မှာ တစ်ယောက်တည်းသော သူတွေပါပဲ”
နရီ
(10 July 2012)
No comments:
Post a Comment