Wednesday, August 8, 2012

ကြောက်စိတ်ပြယ်တဲ့ည

"ကြောက်စိတ်ပြယ်တဲ့ည"

ဒီညကို ဘယ်လိုကျော်ဖြတ်ရမလဲ လို့စဉ်းစားနေတုန်း

“ဝေါ…ဝေါ…ဝေါ…”

ဆိုတဲ့ အသံနဲ့ အတူ မိုးတွေပြိုကျလာတယ်။ ဒီလိုအချိန်မျိုးဆိုရင်တော့ မိုးရွာတာကို အပြစ်မမြင်ပါဘူး။ အခန်းထဲမှာ ဇိမ်ယူနေလို့ရတဲ့အချိန်ဖြစ်နေတော့။ ဒါပေမယ့်… မိုးရွာရင် စိတ်က အလိုလိုနေရင်းကို လွမ်းနေတယ်။ ဘယ်သူ့ကိုလဲဆိုတာကို သေချာမပြောနိုင်ပေမယ့် တစ်ယောက်ယောက်ကို လွမ်းနေတာတော့ သေချာပါတယ်။ 

လွမ်းတဲ့စိတ်ကို ဖျောက်ဖျက်ပစ်ဖို့အတွက် အင်တာနက်သုံးတာပဲ ကောင်းပါတယ်ဆိုတဲ့အသိက ဝင်လာတယ်။ နာရီကိုကြည့်လိုက်တော့ ၁၂ နာရီထိုးတော့မယ်။ ဒီအချိန်ထိ မအိပ်သေးဘဲ ဘာတွေလုပ်နေမိတာလဲ။ တကယ်တော့ ကျွန်မ အိပ်ပျော်သွားမှာကို ကြောက်နေမိတာပါ။ 

လူတော်တော်များများ အိပ်မောကျနေတဲ့အချိန်မှာ ကျွန်မ ငုတ်တုတ်ထိုင်နေတယ်။ လူတော်တော်များများ အိပ်ပျော်နေကြတဲ့အချိန်မှာ ကျွန်မ ဟိုတွေးဒီတွေး တွေးနေတယ်။ သူများတွေ အိမ်မက်ကမ္ဘာမှာပျော်မွေ့နေကြတဲ့အချိန်မှာ ကျွန်မကတော့ လက်တွေ့ဘဝနဲ့ တိုက်ပွဲဝင်နေတယ်။

ဒီရက်ပိုင်းအတွင်းမှာ ကျွန်မ အိပ်ရမှာကို ကြောက်နေတယ်။ အိပ်ယာထဲသာ ဝင်ခဲ့ရတဲ့ရက်တွေများပေမယ့် တကယ်အိပ်ပျော်ခဲ့လားဆိုတာ ကိုယ်တိုင်ပဲသိပါတယ်။ အိပ်မပျော်တဲ့စိတ်ကို အတင်းအိပ်ဖို့အမိန့်ပေးခဲ့ရတဲ့ ရက်တွေက မရေမတွက်နိုင်အောင်ပါပဲ။

ဘာဖြစ်လို့လဲ။ ပြန်နိုးထမလာတော့မှကို စိတ်ပူနေမိတာလား။ မနက်ဖြန်ဆိုတာကို ရင်မဆိုင်ချင်လို့များ ဒီလိုဖြစ်နေတာလား။ သူနဲ့ မျက်နှာချင်းမဆိုင်ချင်လို့များလား။ ဒါတွေမှမဟုတ်ရင်…ဘာတွေကြောင့်များ ဒီလိုဖြစ်နေတာလဲ။ စဉ်းစားနေရင်း နာရီကိုကြည့်မိတော့ ည ၁ နာရီကျော်သွားပြီ။ 

ညတစ်ညရဲ့ တစ်ဝက်ကိုတောင် ရောက်နေပြီပဲ။

 “ဂီ…ဂီ…ဂီ… ဂီ…ဂီ…ဂီ… ဂီ…ဂီ…ဂီ…”
ဒါက ကျွန်မအတွက် ရိုးနေပြီ ဖြစ်တဲ့ ငှက်ဆိုးထိုးသံ။ သူများတွေပြောတာတော့ ငှက်ဆိုးထိုးသံကြားရတဲ့ သူက ကံမကောင်းဘူးတဲ့။ နှစ်နဲ့ချီပြီးကြားနေရတဲ့ အသံဆိုတော့ ရိုးနေပေမယ့် အဲဒါကြောင့်ပဲလားတော့ မသိဘူး။ နှစ်နဲ့ချီပြီးကို ကံမကောင်းဖြစ်နေတော့တာပဲ။ ဒါပေမယ့်…ထူးထူးဆန်းဆန်း ဒီညကျမှ သူက ပိုပြီးအသံကျယ်နေတယ်။ ဒါပေမယ့် ခဏပါပဲ။ တဖြည်းဖြည်းနဲ့ အဲဒီ့အသံပျောက်သွားတယ်။ 

ခဏနေတော့ မိုးသံကိုပြန်ကြားရတယ်။ မိုးတော်တော်ရွာနေလား သိချင်လို့ အိမ်ရှေ့ခဏထွက်ကြည့်မိတော့ ကောင်းကင်ကြီးက ပန်းနုရောင်အလွှာလိုက်အလွှာလိုက်နဲ့။ သြော်…သူငိုနေတာကို ဘယ်သူ့မှမသိကြပါလားနော်။ မျက်ရည်စက်တွေကျနေတာ အပြိုင်အဆိုင်ပါပဲ။ သူလဲ ငိုနေရတဲ့ရက်တွေများတော့ ကြည်လင်မနေနိုင်တော့ဘဲ အရောင်တောင်ပြောင်းနေပြီ။  အခုအချိန်မှာ သူနဲ့ကျွန်မ နှစ်ယောက်ပဲ နားလည်တဲ့ အသံမဲ့ဘာသာစကားတွေနဲ့ ကျွန်မ အချိန်ကုန်လိုက်မိတယ်။

နည်းနည်းလေးအေးလာတော့ ကျွန်မ သတိထားလိုက်မိတယ်။ ကျွန်မမိုးတွေ ရွှဲရွှဲဆိုနေပြီပဲ။ ဒီအတိုင်းနေရင်တော့ နေမကောင်းဖြစ်မှာ သေချာနေပြီ။ နေမကောင်းဖြစ်ရင် အဖေနဲ့အမေပဲ ကျွန်မအတွက်နဲ့ အလုပ်ရှုပ်ရဦးမှာလေ။ ကျွန်မ အခန်းထဲပြန်ဝင်လာပြီး အဝတ်အစားလဲလိုက်တယ်။ 

သူများပြောတာတော့ အချိန်တွေကို မြန်မြန်ကုန်စေချင်ရင် အိပ်တဲ့နည်းက အကောင်းဆုံးပဲတဲ့။ သူတို့ပြောတာဟုတ်မှာပါလေလို့ တွေးလိုက်ပြီး အိပ်ယာထဲဝင်ခဲ့တယ်။  အိပ်မပျော်နိုင်တဲ့စိတ်ကို အတင်းအိပ်ဖို့ ချော့သိပ်နေပေမယ့် မနက်ဖြန် ဆိုတဲ့အတွေးက ပေါ်လာပြန်တယ်။ မနက်ဖြန်ပြီးရင် သဘက်ခါ…နောက်လာဦးမယ်။ အရှေ့မှာဖြတ်သန်းရမယ့် နေ့ရက်တွေ အများကြီးကျန်ရှိနေသေးသည်။ ဘယ်တော့မှရှောင်လွှဲလို့မရဘူး ဆိုတာသိနေပေမယ့် ကျွန်မကြောက်နေတယ်။ 
 အချိန်တွေကို မြန်မြန်သာကုန်စေချင်နေပေမယ့် တကယ်တမ်း အဲဒီ့နေ့ကိုရောက်လာမှာကိုတော့ ကြောက်မြဲကြောက်နေသေးတယ်။
“ကြောက်စိတ်က ကျွန်မကို လှုပ်နှိုး၊ ဘုရားရှိခိုး” တဲ့။ ဟုတ်သားပဲ…ကျွန်မ ဘုရားရှိခိုးဖို့ မေ့နေလိုက်တာ။ နေ့တိုင်းလုပ်နေကြအလုပ်တစ်ခု လုပ်ဖို့ကျန်နေသေးလို့ထင်တယ် အိပ်မပျော်နိုင်သေးတာ။ ဘုရားရှိခိုးအပြီးမှာတော့ မိုးသံတိတ်သွားသလို ကျွန်မရဲ့စိတ်လဲ ကြည်လင်သွားတယ်။ အမြဲတမ်း ဘုရားရှိခိုးပြီးရင် မေမေနဲ့ဖေဖေကို ဦးသုံးကြိမ်ချကန်တော့ပြီးမှ အိပ်လေ့ရှိသည့်အလျောက် သူ့အတွက်လဲ ကျွန်မ ဆုတောင်းပေးတယ်။
အဓိက ကတော့ ကျန်းမာရေးပေါ့။ ကျွန်မချစ်တဲ့သူတွေအတွက် ကျွန်မလုပ်ပေးနိုင်တာ များများစားစားဘာရှိမှာလဲ။ အခုအချိန်မှာတော့ ကျွန်မစိတ်ထဲကနေ လှိုက်လှိုက်လှဲလှဲ မေတ္တာပေးနိုင်တာပဲ ရှိပါတယ်။ ကြောက်စိတ်နဲ့အိပ်ရမယ့် နောက်ထပ်ညတစ်ညလို့ ထင်ခဲ့ပေမယ့် ကျွန်မပေးတဲ့ မေတ္တာတွေက ကျွန်မကို ရောင်ပြန်ဟပ်ပြီထင်တယ်။ ကြောက်စိတ်ပြယ်တဲ့ညမှာ ကျွန်မ သူ့ကို လှိုက်လှိုက်လှဲလှဲ ပြုံးပြမိတယ်…..ကြည်လင်နေတဲ့ကောင်းကင်ကြီးရယ်
နရီ
(1/August/2012)

No comments:

Post a Comment