Tuesday, August 14, 2018

ကိုယ်နဲ့ နံပါတ်များ

အစကနေ ပြောရမယ်ဆို ၂၀၀၈ ခုနှစ်ကနေ စရလိမ့်မယ်။

Wednesday, September 14, 2016

ကိုယ် မသောက်ဖြစ်ခဲ့သော ဝိုင်



"ကိုယ် မသောက်ဖြစ်ခဲ့သော ဝိုင်"




အကြိမ်ကြိမ်အခါခါ ထုတ်သုံးမိတဲ့

ဖြူစင်ခြင်းတွေကို

နေ့နေ့ညည လျှော်ဖွတ်နေရလို့…

လက်တွေလည်း အေးစက်ပြီး နူးနေပြီ။



အနှစ်နှစ်အလလ ပျောက်ကွယ်နေတဲ့

ရယ်မောခြင်းတွေကို

အသက်ပြန်သွင်းဖို့

မကြာမကြာဆိုသလို ဟာသကားတွေကြည့်ပြီး

လူလည်း ဂျိုကာရုပ်ဖြစ်နေပြီ။



အကြိမ်ကြိမ်အခါခါ ချုပ်ကိုင်ခံနေရတဲ့

နှလုံးသားတစ်ခု

လွတ်လပ်စွာသံစုံမြည်ဟီးဖို့

ခဏခဏ ခရီးတွေ ထွက်ရပါများပြီး

လူလည်း ဒဏ္ဍာရီခရီးသည်ကို ဖြစ်လို့။



အနှစ်နှစ်အလလကြာအောင် သိမ်းထားရတဲ့

နှစ်ချို့နေတဲ့ ဝိုင် ပုလင်းကိုလည်း

ကိုယ်ဟာထိုင်ငေးရင်း…

သူ့ရဲ့ အရသာကို

စိတ်ကူးနဲ့ မြည်းစမ်းကြည့်နေတာ

အနှစ်နှစ်အလလကြာခဲ့ပေါ့။


(8.July.2016)

အမည်မရှိကဗျာ



"အမည်မရှိကဗျာ"

အတိတ်မှာ ငါ…
ဘာမှားခဲ့လည်းဆိုတာ
လည်ပြန်လှည့်ကြည့်ရင်း
လမ်းလျှောက်ခဲ့မိတော့
ပစ္စုပ္ပန်မှာ…
ခလုတ်တိုက်မိပြီး
အနာဂတ်ထဲ
မှောက်လဲတယ်။

(11.July.2014)

မသဲကွဲဘူး



"မသဲကွဲဘူး"

 မသဲကွဲဘူး
ကိုယ်နာမည်ရဖို့အတွက် လုပ်နေတာလား
ကိုယ့်ပတ်ဝန်းကျင်အတွက် လုပ်ပေးနေတာလား
မသဲကွဲဘူး။

ကိုယ်ဂုဏ်တက်ဖို့အတွက် လုပ်နေတာလား
ကိုယ့်ဆွေမျိုးသားချင်းတွေအတွက် လုပ်ပေးနေတာလား
မသဲကွဲဘူး။

ကိုယ်ကောင်းစားဖို့အတွက် လုပ်နေတာလား
ကိုယ့်လူမျိုးတွေ ကောင်းစားဖို့အတွက် လုပ်ပေးနေတာလား
မသဲကွဲဘူး။

ကိုယ်နေရာရဖို့အတွက် လုပ်နေတာလား
ကိုယ့်နိုင်ငံ ရပ်တည်နိုင်ဖို့အတွက် လုပ်ပေးနေတလား
မသဲကွဲဘူး…

ဘယ်တော့မှ မသဲကွဲခဲ့ဘူး…

တခါတလေမှာ ကိုယ်ကျိုးအတွက်
လူမျိုးရေးက ခေါင်းစဉ်တပ်ခံရသလို
တခါတလေမှာ
ဘာသာရေးက ခုတုံးလုပ်ခံရတယ်။

များသောအားဖြင့်တော့
နေရာယူချင်၊ နေရာလိုချင်တဲ့ လူတွေကြောင့်
နိုင်ငံ ဟာ ခဏခဏ စတေးတာခံရတယ်။

(27.July.2016)