Tuesday, August 14, 2018

ကိုယ်နဲ့ နံပါတ်များ

အစကနေ ပြောရမယ်ဆို ၂၀၀၈ ခုနှစ်ကနေ စရလိမ့်မယ်။
၂၀၀၈ ခုနှစ်မှာ နံပါတ် ၁ ကို စတွေ့တယ်။ စတွဲကြတော့ ပျော်ဖို့တော့ကောင်းသာ။ အတူတူ အားကစားလုပ်ဖူးတဲ့ အမှတ်တရတွေကတော့ အပြည့်ပဲ။ သူက ကိုယ့်ထက် ၃ နှစ် ကြီးတယ်။ ကိုယ်နဲ့ သူက ဘာသာမတူကြဘူးရယ်။ နောက် ၃ လလောက်နေတော့ ပျက်သွားတယ်။ သူ့ဆီက အမှတ်တရ အဖြစ်နဲ့ ကရင်လွယ်အိတ်တစ်လုံးရယ်၊ ခေါင်းစည်းရယ် ရလိုက်တယ်။ ကိုယ်တော့ သူ့ကို ဘာလက်ဆောင်ပေးမိလဲဆိုတာ မမှတ်မိတော့။ သူနဲ့ကိုယ် က ကိုယ်နောက်တယောက်ရလို့ လမ်းခွဲလိုက်ကြတယ်။ အခုတော့ သူက ကလေးအဖေတောင်ဖြစ်နေပြီလေ။
နံပါတ် ၂ နဲ့က ၂၀၀၉ ခုနှစ်မှာ စပြီး ဆုံဖြစ်တာ။ သူက ကိုယ်တွေမြို့ကမဟုတ်တော့ အဝေးရောက်ချစ်သူပေါ့။ တခါတလေ သူရန်ကုန်လာတဲ့ အခါတော့ တွေ့ဖြစ်ကြတယ်။ အဲ့လိုမှမဟုတ်ရင် အင်တာနက်ကနေ၊ ဖုန်းကနေပဲ စကားပြောကြရတယ်ပေါ့။ သူက ကိုယ့်ထက် ၂ နှစ်ပဲ ကြီးတာ။ ဘာသာမတူပေမယ့် ကိုယ့်ကို ဘုရားတွေလိုက်ပို့တယ်။ ဘုရားပန်းတွေ ဝယ်ပေးတယ်။ ကိုယ့်ကို အလိုလိုက်တယ်။ နောက်တော့ သူ့အမေရဲ့ ပါဝင်ပတ်သတ်မှုတွေ၊ ကိုယ့်အိမ်ကလည်း အဆင်မပြေတာနဲ့ရယ် ကိုယ်အသစ်ရသွားတာရယ်နဲ့ပဲ ဇာတ်လမ်းက ၄ လကျော်လောက်မှာ ရပ်သွားတယ်။ အမှတ်တရ လက်ဆောင်တွေထဲ နားကပ်နဲ့ ဆွဲကြိုးတွေ၊ အင်္ကျီတွေနဲ့ ခရီးသွားခဲ့တဲ့ ဓာတ်ပုံတွေ ကျန်ရစ်ခဲ့တယ်။ အခုထိ သူဘယ်တော့ မင်္ဂလာဆောင်မလဲဆိုတာ ကိုယ်စောင့်နေတယ်။ ဖိတ်စာများကိုယ့်ဆီရောက်လာမလားဆိုတဲ့ စိတ်နဲ့ပေါ့…
နံပါတ် ၃ ကို နံပါတ် ၂ နဲ့ ပြတ်ပြီးမှ စပြီးအတည်တကျ တွဲဖြစ်တယ်။ သူကတော့ ၃ ယောက်မြောက်ထဲမှာ ကိုယ်နဲ့ ဘာသာတူတဲ့ ပထမဆုံးသောသူ။ သူက ကိုယ့်ထက် အသက် ၄ နှစ်နဲ့ ၉ လကြီးတယ်။ သူကလည်း အားကစားသမားဆိုတော့ ကစားရင်းကွင်းထဲ ရန်ဖြစ်တဲ့ အမှတ်တရတွေ အများကြီးပဲ။ ထူးထူးခြားခြား သူက ကိုယ့်ကို အရမ်းသဝန်တိုတတ်ခဲ့တယ်။ သူက ရန်ကုန်ကပဲ ဆိုပေမယ့် မြို့ပြင်မှာနေတာဆိုတော့ တပတ်နေမှ တခါလောက်ပဲ တွေ့ဖြစ်ကြတယ်။ နှစ်ယောက်တည်းက လက်ချိုးရေတွက်ရင်တောင် တွဲခဲ့တဲ့ သက်တန်းတစ်လျှောက် တစ်လ မပြည့်ဘူးရယ်။ ၅ လ ၆ လလောက်ကြာတော့ ဘာကိစ္စမှလည်းမဖြစ်ဘဲ ဒီလိုပဲ အနေဝေးပြီး သွေးအေးသွားခဲ့တယ်။ နောက်တော့ သူက နယ်မှာ သင်တန်းသွားတက်ဖြစ်တယ်။ အဲ့နောက် ဖုန်းတောင် သိပ်မပြောဖြစ်ဘဲ ဒီအတိုင်း ပြတ်သွားတယ်။ သူနဲ့က ဘာလက်ဆောင်ပစ္စည်း အမှတ်တရမှ ပေးတာ၊ ယူတာမရှိလိုက်ဘူး။ ဓာတ်ပုံတောင် မှတ်မှတ်ရရ ၁ ပုံပဲလားမသိ ရိုက်ဖြစ်ခဲ့တယ်။ သူနဲ့ဆို အမြဲ အမှတ်ရနေမယ့် အရာကတော့ ကိုယ်နဲ့ မွေးနေ့၊ မွေးရက် တူတာပဲ။ အခုတော့လည်း အိမ်ထောင်ကျလို့ ကလေးတောင် ရနေပြီလေ။
နံပါတ် ၄ နဲ့က ၂၀၀၉ ခုနှစ်ထဲမှာပဲ ဇာတ်လမ်းစခဲ့တယ် ထင်တာပဲ။ သိနေတာကတော့ AC မှာ သင်တန်းတက် ဖြစ်ကတည်းကပါ။ သူက ရှမ်းပြည်မှာနေတာများပြီး ရန်ကုန်ကို အလည်လောက်ပဲ လာဖြစ်တဲ့ လူ။ သူနဲ့ကိုယ်က တကယ်တော့ ဘာသာ ၂ ခုလုံးကို ကိုးကွယ်တဲ့ သူတွေ။ ရယ်တော့ ရယ်ရတယ်နော်။ ကိုယ်နဲ့ကလည်း ဒီလိုပဲ ကြိုက်တယ်ဆိုတာလောက်ပဲ။ သူက ကိုယ်နဲ့ ရွယ်တူဆိုတော့ သူငယ်ချင်းလိုလည်း ပေါင်းတယ်။ ထူးထူးခြားခြား တစ်ခါလားပဲ အင်းယားကန်မှာ သွားထိုင်ဖူးကြတယ်။ အနေဝေးရင်းကနေပဲ သွေးအေးခဲ့ကြတယ်။ အမှတ်တရ သိပ်မရှိသလို… မှတ်မှတ်ရရ ဖြစ်စရာဆိုလို့ သူ့ရဲ့နာမည်ဟာ မြန်မာ့သမိုင်း စာအုပ်ထဲမှာ ပါပါနေတာ တစ်ခုပဲ။ အခုတော့ လုံးဝ အဆက်အသွယ်ပြတ်ပြီး ဘယ်ကမ္ဘာရောက်နေမှန်းတောင် ကိုယ်မသိတော့ပါ။
နံပါတ် ၅ ကတော့ နည်းနည်းလေး ထူးဆန်းတယ်။ ၂၀၁၀ နှစ်စမှာ စခဲ့တဲ့ ဇာတ်လမ်း။ အလုပ်မှာ စတွေ့ဖြစ်ခဲ့ကြတယ်။ မှတ်မှတ်ရရ Valentines’ Day မှာ ချောကလက်တစ်ခု ပေးတဲ့ ဇာတ်လမ်းကနေ စတာပဲ။ နောက်တော့ ကိုယ်နဲ့ သူ တစ်ယောက်နဲ့ တစ်ယောက် သဘောကျခဲ့ကြတယ်။ သူ့ကို သဘောကျပြီးကာမှ သူ့မှာ အမြွှာညီ ရှိတာကို ကိုယ်သိခဲ့တယ်လေ။ အံ့သြစရာပဲနော်။ သူကလည်း ကိုယ့်လို ဗုဒ္ဓ၊ ခရစ်ယာန်။ အလုပ်က တစ်ချို့သိကြပေမယ့် တစ်ချို့ကတော့ မသိကြဘူးရယ်။ လူရှေ့သူရှေ့ တွဲသွားတွဲလာလည်း မလုပ်ဖူးသလို အပြင်မှာ၂ ယောက်တည်း ချိန်းတွေ့တာမျိုးလည်း မလုပ်ဖူးဘူး။ တွဲတယ်သာပြောရတာ ဘယ်လို relationship မျိုးလည်း ကိုယ့်ဟာကိုယ်လည်းမသိ။ အစ်ကိုတယောက် ရသလိုလည်း ပျော်ခဲ့တယ်။ နောက် ဧပြီလ ရောက်တော့ သူက သူနဲ့ လက်ထပ်မယ့် အမျိုးသမီးဆိုပြီး ကိုယ်တွေဆီကို ခေါ်လာခဲ့တယ်။ သူ့ထက် အသက်တော်တော်ကြီးတယ်။ ကိုယ်နဲ့သူတောင် ၆ နှစ်လောက် ကွာသလားလို့။ နောက်တော့ သူတို့ မင်္ဂလာဆောင်ဖို့ အချိန်ရောက်လာတယ်။ ကိုယ့်ကို သူပြောခဲ့တဲ့ စကားအခုထိ အမှတ်တရနဲ့ ရှိနေတုန်းပဲ သူ မင်္ဂလာဆောင်ခါနီး တပတ်အလို… ကိုယ်နဲ့သူ တွေ့ခဲ့တာ သိပ်ကို နောက်ကျခဲ့တယ်တဲ့၊ အခုအချိန်မှာ သူ ဘယ်လိုမှကို နောက်ပြန်လှည့်မလာနိုင်တော့ဘူးတဲ့လေ။ သူက သူတို့ မင်္ဂလာပွဲကို လာရောက်ချီးမြှင့်ဖို့ ဖိတ်တဲ့ ကိုယ့်ရဲ့ ပထမဆုံး ချစ်သူပေါ့။ ဒါပေမယ့် ကိုယ် မသွားခဲ့ပါဘူး။ ဒီလိုနဲ့ပဲ သူကိုယ့်ကို ထားသွားခဲ့တယ်။ မင်္ဂလာဆောင်ပြီးနောက် တခါတွေ့ဖြစ်ကြသေးတယ်။ ဒါပေမယ့်လည်း ဘယ်လိုမှ မဖြစ်နိုင်တော့တဲ့ အရာတစ်ခုလေ။
နံပါတ် ၆ ကတော့ ကိုယ်တစ်ခါမှ သဘောမကျဖူးခဲ့တဲ့ ပုံစံနဲ့ လူတစ်ယောက်။ သူက ကိုယ့်ထက် အသက်ကြီးပေမယ့် ကိုယ့်ကို အစ်မတစ်ယောက်လိုပဲ သဘောထားတယ်။ သူနဲ့က ခဏတွဲဖြစ်ခဲ့တယ် ဆိုပေမယ့် သူက ကိုယ့်မှာ တခြားတစ်ယောက်ရှိနေတာကို သိတယ်။ သူနဲ့ အမှတ်တရကတော့ ကိုယ့်ကို ရေမွှေးတွေ လက်ဆောင်ပေးတာပဲ။ နောက်ပြီး သူနဲ့ အတူတူ သွားဝယ်ဖြစ်ခဲ့တဲ့ ဂျင်းဘောင်းဘီ။ အခု ဝလာတော့လည်း အဲ့ ဘောင်းဘီက မတော်တော့ဘူးရယ်။ ၂ နှစ်လောက်တော့ စွဲစွဲမြဲမြဲ ဝတ်ဖြစ်ခဲ့တယ်။ နောက်ပြီး သူနဲ့ကိုယ့်မှာ နားကပ် ဆင်တူ တစ်စုံ ရှိခဲ့ဖူးတယ်။ ဆေးသမားနဲ့ တူလို့ သူကို့ လူတစ်ချို့ ဝိုင်းကြည့်တာ ခံခဲ့ရဖူးတယ်။ နောက်တော့ ကိုယ်နဲ့သူ ဒီလိုပဲ ပြတ်တယ်လည်းမပြော မကြိုက်တော့ဘူးလည်း မပြောဖြစ်ဘဲ ဇာတ်လမ်းပြီးသွားတယ်။ အခုတော့ သူလည်း ကလေးအဖေ ဖြစ်နေပြီလေ။ သြော် သူတို့တွေက သူတို့ဘဝထဲ သံယောဇဉ် အမျှင်တန်းတွေ မွေးထုတ်နေတုန်း ကိုယ်ကတော့
နံပါတ် ၇ နဲ့ ကိုယ်နဲ့ ဟိုးငယ်ငယ်လေးကတည်းက သူငယ်ချင်းတွေ။ အမှတ်မထင်ဘဲ ပြန်ဆုံရင်းက တစ်ယောက်နဲ့ တစ်ယောက် သဘောကျနေတယ်ဆိုတာ သိကြပြီး လက်တွဲဖြစ်ခဲ့ကြတယ်။ အသက်က ရွယ်တူ၊ သူငယ်ချင်းလည်းဖြစ်ဆိုတော့ တော်တော်လေးကို အဆင်ပြေခဲ့ကြတယ် အစပိုင်းမှာပေါ့။ သူကလည်း ကိုယ်ရွေးတဲ့ လူတွေထဲက ဘာသာမတူသူ နောက်တစ်ဦးပဲလေ။ ဒုတိယမြောက် ကရင်လူမျိုးတစ်ယောက်ပေါ့။ သူနဲ့ကိုယ် ၁ နှစ်လောက် တွဲဖြစ်ခဲ့ကြတယ်။ ၂၀၁၀ နှစ်ကုန်ကနေ ၂၀၁၁ နှစ်ကုန်လောက်အထိပဲ။ အကုန်လုံးအဆင်ပြေနေတဲ့ကြားကပဲ ပြဿနာက ဘယ်ကစတယ်မသိ။ သူ့အမိုးက သဘောမတူဘူးတဲ့လေ။ ဒီလိုပါပဲ ကိုယ်နဲ့ အဆင်ပြေတဲ့ လူတွေနဲ့ တွေ့တဲ့အခါ ယောက်ခမတွေနဲ့ ဓာတ်မတည့်တာ ဘာဖြစ်လို့လဲမသိ။ ကိုယ်ကတော့ သူတို့ကို ဘာမှတောင်မလုပ်မိပါဘဲ… နောက်တော့မှ သိတယ်။ ကိုယ်သဘောကျမိတဲ့ လူတွေက မားမား boy တွေ ဖြစ်နေတာကိုး။ ငယ်သူငယ်ချင်းမကလို့ ဘယ်သူပဲ ဖြစ်နေပါစေ။ ကိုယ့်ကို မမှန်မကန်တွေ လုပ်ရင်တော့ ကိုယ့်ဘက်ကပဲ စပြီး စွန့်လွှတ်တတ်ခဲ့တယ်။ သူနဲ့ ပေးစားမယ့် မိန်းကလေး တစ်ယောက်ရှိတယ် ဆိုတာ သိရပြီးနောက် ကိုယ်ပဲ သူ့ကို လမ်းခွဲကြရအောင်လို့ ပြောလိုက်တယ်။ အခုတော့ သူ မင်္ဂလာ ဆောင်တော့မယ် ပြောတာကြားမိတယ်။ ဘယ်တော့ ဖိတ်စာရောက်လာမလဲတော့ မသိသေးဘူး။ အမှတ်တရကျန်ခဲ့တာဆိုရင် ကိုယ့်ဆီမှာ သူပေးဖူးတဲ့ ဝက်ဝံရုပ်နဲ့ အကျီင်္တစ်ထည်ပဲ။ အရုပ်ကတော့ အခုချိန်ထိ အိပ်ယာဘေးမှာ ရှိနေဆဲပါ။ ကိုယ့်ဆီက သူ့ကိုပေးဖူးတဲ့ အကျီင်္ကတော့ ဘယ်ရောက်နေလဲမသိတော့။
နံပါတ် ၈ (ကျွန်မရဲ့ ၈ ယောက်မြောက် နားပေါက်) သူက ကိုယ်နဲ့ ကျောင်းမှာတွေ့တာ။ စတွေ့တုန်းကတော့ ဘာကောင်လဲပေါ့ (ကန်တော့)။ သူက ကိုယ့်ထက် အသက်ကြီးတယ်၊ ဘယ်လောက်ကြီးလဲတော့ မမှတ်မိ၊ ခရစ်ယာန်ဘာသာ ကိုးကွယ်တယ်။ ဒါပေမယ့် ဂေါ်လိုက်တာဆိုတာလေ ကို်ယ်တောင် လိုက်မမှီဘူး။ သူနဲ့ကိုယ် သိတာက ၂၀၁၀ ကတည်းက ဒါပေမယ့် ၂၀၁၂ လောက်ရောက်မှပဲ ဇာတ်လမ်းစဖြစ်တာ။ ကျောင်းကခရီးသွားပြီး အပြန်… သူနဲ့ကိုယ် အပြင်မှာ ချိန်းဖြစ်ကြတယ်။ ကျောင်းမှာတော့ ကိုယ်တို့ မတွဲဖြစ်ခဲ့ဘူး။ ကိုယ်အရင်က ဆံပင်ရှည်ထားတဲ့ ယောက်ျားတွေကို အဲ့လောက်ထိ မကြိုက်ခဲ့ဘူး။ သူနဲ့တွေ့မှ ကိုယ်ပြောင်းလဲသွားတာလားမသိ။ သူ့မတိုင်ခင် အရင်လူတွေ ဆံပင်အရှည်ထားရင် အတင်းလိုက် ညှပ်ခိုင်းခဲ့တာ။ ထူးတော့ထူးဆန်းပါဘိနော်။ ဒီလိုပဲ ခဏတဖြုတ် တွဲလိုက်တယ်ပဲ ရှိတယ်။ အပြင်မှာလည်း ၂ ခါလောက်ပဲ တွေ့ဖြစ်ကြတယ်။ အမှတ်တရ အဖြစ်နဲ့တော့ စာအုပ်တစ်အုပ် လက်ဆောင်ရဖူးတယ်။ ကိုယ့်ကို ပထမဆုံး စာအုပ်လက်ဆောင်ပေးတဲ့ ချစ်သူပေါ့။ စာအုပ်လက်ဆောင်ပေးပြီးနောက် ကိုယ်နဲ့ သူ အဆက်အသွယ်ပြတ်ခဲ့တယ်။ ဒီလိုပဲ မယ်မယ်ရရ အကြောင်းပြချက်တော့ မရှိလိုက်ပါဘူး။ နောက် ၁ နှစ်လောက်ကြာတော့ သူ မင်္ဂလာဆောင်သွားတယ်။ အခုတော့ သူလည်း ကလေးအဖေစာရင်းထဲ ဝင်သွားပြီ။
နံပါတ် ၉ (တကယ်တော့ နံပါတ် ၉ သာပြောရတာ သူက စပြီး ကိုယ် နားပေါက် မဖောက်ဖြစ်တော့တာပါ)။ လူကိုတော့ ရေတွက်ရလွယ်အောင် နံပါတ်နဲ့ပဲ ဆက်ရေးသွားမယ်။ သူက ကိုယ်သဘောကျခဲ့ဖူးတဲ့ လူတွေထဲ ထူးထူးခြားခြားနဲ့ ကွဲပြားထွက်နေတဲ့ လူတစ်ယောက်။ စာရေးဆရာလား၊ နိုင်ငံရေးသမားလားဆိုတာ ကိုယ်လည်း သေချာကွဲကွဲပြားပြားမသိခဲ့ဘူး။ ၂၀၁၂ မေလလောက်မှာ သင်တန်းတခုတက်ရင်း သူနဲ့ စသိခဲ့တယ်။ ပျော်ဖို့တော့ ကောင်းခဲ့ပါတယ်။ သူက ကိုယ့်ထက် ၁၀ လောက်ကြီးတယ်။ ဒုတိယမြောက် ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူပေါ့။ ကိုယ်နဲ့ အဆင်ပြေလောက်မယ်လို့တော့ ထင်ထားတာပဲ။ သူနဲ့ကိုယ့်ကြား သိပ်ကို ထူးခြားတာကတော့ ၁ လပဲ တွဲဖြစ်ခဲ့တယ်။ ပြတ်တဲ့အကြောင်းက ရိုးရှင်းပါတယ်။ အရင်တယောက်ဆီ သူ ပြန်သွားချင်လို့ဆိုပြီး ကိုယ့်ကို လမ်းခွဲသွားတာ။ ကိုယ့်ဘက်က စပြီး သဘောကျခဲ့တာပါ။ ဒါပေမယ့် သူလည်း သဘောကျလို့ တွဲဖြစ်ခဲ့ကြတာပဲလေ။ မဟုတ်ဘူးလား။ သူနဲ့အမှတ်တရဆိုရင် အမေကိုယ်တိုင် ဝယ်ပေးထားတဲ့ ဆင်တူလက်စွပ်ကို တူတူ ဝတ်ဖြစ်ခဲ့တယ်။ သူ့ဆီက လက်ဆောင်ရဖူးတဲ့ စာအုပ်တစ်အုပ်ကတော့ ကိုယ်နဲ့အတူတောင် ရှိမနေတော့ဘူး။ နောက်ပြီး သူ့မွေးနေ့မှာ မှတ်မှတ်ရရ လမ်းခွဲခဲ့တာ။ မိုးတွေရွာတဲ့ နေ့တစ်နေ့မှာပေါ့။ ဒီလိုအသေးစိတ်တွေကအစ ကိုယ် မှတ်မိနေခဲ့တယ်။ သေလောက်အောင် ချစ်ခဲ့တာတော့ မဟုတ်ပေမယ့်လည်း… တကယ် ချစ်ခဲ့တဲ့ ချစ်သူပါလေ။ အခုတော့လည်း သူ့လမ်းသူလျှောက်၊ ကိုယ်လည်း ကိုယ့်လမ်းကိုယ်လျှောက်နဲ့… လွန်ခဲ့တဲ့ ၄ နှစ်က အဖြစ်အပျက်တွေက အဟောင်းတွေပဲပေါ့။ ဒါပေမယ့် သူ အခုထိ မိန်းမ မရသေးဘူးရယ်။
နံပါတ် ၁၀ နဲ့ ကိုယ်နဲ့က ကိုယ် ၉ တန်းလောက်ကတည်းက ရင်းနှီးနေပြီးသား။ အစ်ကိုလို ငယ်ငယ်ကတည်းက ခင်လည်း ခင်တယ်၊ ချစ်လည်း ချစ်တယ်။ ကြားထဲမှာ လုံးဝမတွေ့ဖြစ်ခဲ့ကြတာ ၂၀၁၂ ရောက်တော့ ပြန်ဆုံခဲ့တယ်။ ကိုယ်က ငယ်ငယ်ကတည်းက သူ့ကို crush ခဲ့တဲ့ လူဆိုတော့ ပြန်တွေ့ရတော့လည်း ပျော်တာပေါ့။ သူက ကိုယ် အသည်းကွဲနေတယ်ဆိုတာကို သိတယ်။ ဘယ်သူနဲ့ ကြိုက်ခဲ့တယ်ဆိုတာကိုလည်း သိတယ်။ ပြောမယ်ဆို အစ်ကိုတယောက်လို သဘောထားနေပေမယ့် သူနဲ့ကိုယ် တွဲဖြစ်ခဲ့ကြတယ်။ ကိုယ် စဉ်းစားမိတယ်။ အရင်တယောက်ကို ကိုယ် တကယ်ကော ချစ်ခဲ့ရဲ့လားလို့။ တကယ်က ကိုယ် အသည်းကွဲနေရမှာ မဟုတ်လား။ ထားပါတော့လေ… သူနဲ့ကိုယ် အပြင်မှာ ၁ ခါ ၂ ခါတော့ ချိန်းတွေ့ဖြစ်ကြတယ်။ သူက ကင်မရာ တစ်လုံးကိုင်ပြီး ဟိုရိုက်ဒီရိုက် လုပ်နေတတ်တဲ့ လူတစ်ယောက်။ ဒါပေမယ့် တခါမှ ကိုယ့်ကိုတော့ ဓာတ်ပုံမရိုက်ပေးခဲ့ဖူးဘူး။ သူနဲ့ကိုယ့်ကြား တခါတလေ နားလည်မှု လွဲတာလေးတွေတော့ ရှိတယ်။ နောက်တော့လည်း ဒီလိုပဲ ဘာမှဆက်ဖြစ်မလာတော့ဘူး။ သူက ကိုယ့်သူငယ်ချင်းတစ်ယောက်ကို အသေအလဲ ကြိုက်တယ်ပြောတယ်။ တကယ် လက်ထပ်ယူဖို့အထိ သူ ရည်ရွယ်တယ်တဲ့လေ။ အဲ့လိုနဲ့ပဲ ကိုယ်လည်း သူ့ကို စွန့်လွှတ်ခဲ့တယ်။ အမှတ်တရကတော့ မရှိသလောက်ပဲ။ ကိုယ်က လမ်းခွဲလိုက်ပေမယ့် သူက စိတ်သိပ်မပြတ်သားသေးတော့ ကိုယ့်ကို သူ့မွေးနေ့မှာ လာဖို့ ချိန်းတယ်။ ကိုယ်မသွားခဲ့ပါဘူး။ ကိုယ့်ဘက်က ပြတ်သားရမယ်လေ။ အဲ့နောက် သူ စိတ်ဆိုးသွားတယ်။ ဘယ်လောက်ထိ စိတ်ဆိုးလဲဆို ကိုယ့်ကို fb မှာပါ block သွားတဲ့အထိပဲ ဆိုပါတော့… တခါတလေတော့ သူ့သတင်းတွေ၊ အတင်းတွေ ကြားမိပါတယ်။ ခုထိ အတည်တကျ မရှိသေးဘူးတဲ့။ အဲ့သတင်းကြားတော့ ကိုယ် မဲ့ပြုံးတစ်ချက် ပြုံးမိလိုက်တယ်။
နံပါတ် ၁၁ က ဘယ်တစ်ယောက်ပါလိမ့်လို့ မနည်းစဉ်းစားလိုက်ရတယ်။ ခုနှစ်တွေအလိုက် ပြန်ကြည့်တော့မှ မှတ်မိတယ်။ သူက ကိုယ့်ထက် ငယ်တယ်။ ထူးထူးခြားခြား ငယ်တဲ့လူတွေထဲ သူက ပထမဦးဆုံးလူပဲ။ ဗုဒ္ဓဘာသာ၊ ဘုရားဒါယိကာသမား။ အိမ်နီးနားချင်းဆိုတော့ မကြာမကြာ တွေ့ဖြစ်ခဲ့တယ်။ ကျောင်းကအပြန် လမ်းထိပ်မှာ လာလာကြိုတတ်တယ်။ ကလေးကို ကြိုက်မိပါလားဆိုပြီး အစကတော့ ရယ်မိတယ်။ ကိုယ် သူနဲ့ ဆုံမိပေမယ့်လည်း အခုထိ ကိုယ် ရှာဖွေနေတာကို မတွေ့သေးဘူးလေ။ ကိုယ့်ဘာကိုယ်လည်း ဘာရှာနေတာလဲဆိုတာ မသိပါဘူး။ တကယ်က ကိုယ် လူတစ်ယောက်ကို အတည်တကျနဲ့ ရေရှည်လက်တွဲဖို့ အကြိမ်ကြိမ် အခါခါ ကြိုးစားဖူးပါတယ်။ ဒါပေမယ့် ဖြစ်မလာခဲ့ဘူး။ အခုလည်း အဲ့လိုပဲ။ ဘာအကြောင်းပြချက်မှလည်း ခိုင်ခိုင်လုံလုံ မရှိဘဲ ဒီလိုပဲ သူ့ကို လက်တွဲဖြုတ်ခဲ့တယ်။ ကိုယ် ရက်စက်ရာကျနေမလားဆိုတာ ကိုယ် မစဉ်းစားခဲ့ဘူး။ နောက်တော့ အစ်မနဲ့ မောင်လေးလိုပဲ သဘောထားပြီး ခင်မင်ခဲ့ကြတယ်။ သူလည်း ကိုယ်နဲ့ ပြတ်ပြီးနောက် တခြားသူတွေနဲ့ တွဲသွားတွဲလာတော့ တခါတလေ တွေ့မိပါတယ်။ အခုတော့ တကယ့်မောင်လေးတယောက်လိုပဲ။ သြော်… အမှတ်တရက သူ ကိုယ့်ကို မွေးနေ့လက်ဆောင်ပေးတဲ့ ခွက်… အနမ်းတွေ အပြည့်နဲ့ပေါ့။ တော်တော် ချစ်ဖို့ကောင်းတဲ့ ကလေးပါ။
နံပါတ် ၁၂ က ၂၀၁၂ ရဲ့ အပိတ်… ကိုယ် သူနဲ့ ဘဝတစ်ခု ထူထောင်ဖို့အထိ တွေးမိခဲ့ဖူးတယ်။ သူက ကိုယ့်အတွက် တတိယမြောက် ကရင်ခရစ်ယာန်။ သူနဲ့ကိုယ်က ပြဇာတ်မှာ စပြီးတွေ့ဖြစ်ခဲ့ကြတာ။ ကိုယ့်ထက် ၃ နှစ်ကြီးတယ်။ လူရိုးလူဖြောင့်။ ကိုယ်နဲ့ စခင်ကတည်းက သူ့ညီမနဲ့လည်း ကိုယ့်ကို မိတ်ဆက်ပေးတယ်။ အိမ်တွေကလည်း အဆင်ပြေလောက်တယ်လို့ဆိုပြီး လက်တွဲခဲ့ကြတယ်။ သူက သင်္ဘောသားဆိုတော့ ၁ နှစ်မှ တခါ ပြန်လာတယ်။ ပြန်လာတဲ့အချိန်တော့ တွေ့ဖြစ်ကြပါတယ်။ အစကတော့ အေးအေးဆေးဆေးပါပဲ။ နောက် ရေရှည်လက်တွဲဖို့ စဉ်းစားကြတော့ ထင်ထားသလို ဖြစ်မလာခဲ့ပါဘူး။ ဒီလိုပဲ သူပြန်ထွက်သွားလိုက် အဆက်အသွယ်ပြတ်လိုက်၊ သူပြန်လာရင် တွေ့ဖြစ်လိုက်နဲ့ ၂၀၁၂ နှစ်ကုန်ကနေ ၂၀၁၅ နှစ်ကုန်အထိ ဘာမှန်းမသိနဲ့ပဲ ပြီးသွားကြတယ်။ အမှတ်တရ လက်ဆောင်လေးတွေတော့ ခုထိရှိသေးတယ်။ ကရင်အကျီင်္တစ်ထည်၊ လက်ကောက်တစ်ကွင်းနဲ့ ကိုယ့်ကို သူက ထားခဲ့တာလား။ ကိုယ်က သူ့ကို စွန့်လွှတ်လိုက်တာလား ဆိုတာတော့ မသဲကွဲခဲ့ဘူး။ သူ့ကို အမှတ်မထင်ဘဲ fb မှာ ရှာတွေ့တဲ့ နေ့က သူ တခြားမိန်းကလေးတစ်ယောက်နဲ့ ရိုက်ထားတဲ့ ဓာတ်ပုံနဲ့ အရမ်း ချစ်တယ်ဆိုတဲ့ စာသားတွေ။ အခုတော့ ဆုတောင်းပါတယ်… သူတို့ရဲ့ ဘဝ သာယာလှပပါစေလို့။ ကိုယ့်ကို သတိမရလည်း နေပါစေ… ကိုယ် ဒီဘဝမှာ ပျော်နေပါတယ်။
နံပါတ် ၁၃ က ၂၀၁၃ ခုနှစ်မှာ စခဲ့တယ်။ နံပါတ် ၁၂ နဲ့က ဘာမှန်းမသိတဲ့အပြင် ဘယ်လိုတွေမှန်းလဲ မသဲကွဲခဲ့တော့ အသစ်ထပ်တွေ့တယ်ပဲ ထားပါတော့။ အဲ့လိုနဲ့ အခုတွေ့တဲ့ တစ်ယောက်ကို မြင်မြင်ချင်းကို သဘောကျမိခဲ့တယ်ဆိုပါတော့။ သူကလည်း သင်္ဘောသားပဲ။ ကိုယ့်ထက် ၃ နှစ်ကြီးပြီး ဗုဒ္ဓဘာသာ ကိုးကွယ်တယ်။ သူနဲ့စတွေ့တဲ့နေ့က သူက ဆံပင်အရှည်နဲ့။ လုံးဝ ကိုယ်ကြိုက်တဲ့ ပုံစံ။ ဒီလိုနဲ့ သူနဲ့ကိုယ် ဇာတ်လမ်းစဖြစ်ခဲ့တယ်။ စတာလည်း ရက်အတိအကျ သိပ်မမှတ်မိခဲ့ဘူး။ သူက ကိုယ့်ရဲ့ ဒုတိယမြောက် ကင်မရာမန်း။ သူ့အပေါ်ကိုယ်က သစ္စာမရှိဘူးလို့ ထင်မိတယ်။ ဒါမှမဟုတ်… အနေဝေးလို့ပဲလား။ ကိုယ့်ဟာကိုယ်လည်း ဘာမှန်းသေချာမသိ… ဇာတ်လမ်းက အေးအေးကြီးနဲ့ ပြီးသလိုလို မပြီးသလိုလို။ အဲ့လိုနဲ့ပဲ သူက ရည်းစားအသစ်ရသွားရော။ ကိုယ်လည်း အေးဆေးပါပဲ။ ဘာလို့ စိတ်ဆိုးတာတွေ၊ ရန်ဖြစ်တာတွေ မလုပ်တာလည်း စဉ်းစားလို့မရဘူး။ အမှတ်တရလည်း များများစားစားမရှိဘူး။ ဓာတ်ပုံတောင် ၂ ပုံပဲ မှတ်မှတ်ရရ။ ပြတ်သာပြတ်သွားတယ်… သူ့မိသားစုနဲ့ ကိုယ်နဲ့က သိပ်ချစ်ကြတာ။ ဟီး အဲ့လိုကိုအဆင်ပြေတာ။
နံပါတ်မှာ ၁၄။ သူကတော့ သွေးလှူပွဲမှာ စသိတဲ့ ကိုကို။ ကင်မရာမန်းလိုလို နိုင်ငံရေးသမားလိုလိုနဲ့။ ကိုယ်တောင် ဘာလိုလို ညာလိုလို ဖြစ်သွားသေးတယ်။ သူနဲ့က တခါဆိုမှ တခါပဲ ချိန်းတွေ့ဖူးတယ်။ မှတ်မှတ်ရရ Junction Square ပတ်ကြတယ်။ နောက်ပြီး ရုပ်ပြောင်ထိုင်ဆွဲကြတယ်။ နောက်တော့ အဲ့ ရုပ်ပြောင်ပုံကို သူပဲ သိမ်းထားလိုက်တယ်။ ကြားထဲမှာ ပွဲတွေဘာတွေရှိရင်တော့ တွေ့ဖြစ်ကြပြီးနောက် ပျောက်သွားတယ်။ သူလည်း သူ့ဘဝနဲ့သူ ဆက်လျှောက်ရင်း ဟိုတနေ့ကတော့ သူ့ချစ်သူကို အိမ်လိုက်ပို့ရင်း လမ်းမှာဆုံကြတယ်။ အစ်ကို တစ်ယောက် ပြန်တွေ့ရသလိုပဲ… နှုတ်ဆက်ဖြစ်ခဲ့တယ်။ သူ့ချစ်သူက ကိုယ်တွေအိမ်နားမှာနေတာလေ။ မင်္ဂလာဆောင်ဖြစ်ဖို့ကတော့ သိပ်မလိုတော့ဘူးလို့ ထင်ရတာပဲ။
နံပါတ် ၁၅ လို့တော့ မတပ်ချင်ဘူး။ ဘာလို့ဆို သူနဲ့ကိုယ်က တကယ်တမ်းက ဘာမှန်းမှမသိတာ။ အခုထိလည်း ဘာမှဆက်ဖြစ်မလာဘူးလေ။ ၂၀၁၃ နဲ့ ၂၀၁၄ ကြားကာလက ကိုယ် My Man တစ်ယောက်နဲ့ အလုပ်ရှုပ်နေခဲ့တယ်။ ၂၀၁၅ နွေရာသီမှာ နံပါတ် ၁၅ နဲ့ စတွေ့ခဲ့တယ်။ ခရီးသွားရင်း တွေ့ခဲ့ကြတာ။ ကိုယ်က ပွင့်ပွင့်လင်းလင်းသမားဆိုတော့ ပွင့်လင်းစွာပဲ ပြောပြမယ်။ သူကစပြီး ကိုယ့်ကို fb account တောင်းတယ်။ ကိုယ်တိုင်ပဲ သူ့ဖုန်းထဲကနေ ကိုယ့်ကိုရှာပြီး add လိုက်တယ်။ ဒီလိုကနေ ဇာတ်လမ်းစတယ်။ ဘာဇာတ်လမ်းလဲ ဆိုတာတော့ ကိုယ်လည်း မသိ။ ရင်ထဲရှိတဲ့အတိုင်းပြောရမယ်ဆိုရင်တော့ သူ့ကို သဘောကျမိတယ်။ ဒါပေမယ့် တွဲဖို့အတွက်ကြတော့... အင်း ကိုယ် နည်းနည်း စဉ်းစားသွားပြီ။ ကိုယ်နဲ့သူ type ချင်းမတူဘူးပဲ။ ဒီလိုနဲ့ သူ ခရီးသွားရင် ကိုယ့်အတွက် လက်ဆောင်တခုမဟုတ် တခု ပါလာတတ်ပြီး ကိုယ် ခရီးသွားရင်လည်း သူ့အတွက် တခုခု ဝယ်လာတတ်တယ်။ သူငယ်ချင်းလားဆို ဟုတ်တယ်။ ချစ်သူလားဆို မဟုတ်ဘူး။ သဘောကျလားဆို ကျတယ်။ ကြိုက်လားဆို မကြိုက်ဘူးလို့တော့ ကိုယ်ဖြေချင်တယ်။ ဘာသာမတူတာတွေဘာတွေ ကိုယ် အစကတည်းက မစဉ်းစားထားဘူး။ ဒီလိုပဲ ပေါ့ပေါ့ပါးပါးပဲ။ ဘာလို့လည်းဆို သူကိုယ်တိုင်က အေးဆေးဖြစ်နေလို့ ဒီလိုနဲ့ သူနဲ့ကိုယ့်မှာ အမှတ်တရတွေ ရှိခဲ့တယ်။ မကြာခဏဆိုသလို သူ သတိရရင် ကိုယ့်ဆီဖုန်းဆက်တယ်။ တစ်နေ့ သူ့ကို သိပ်သတိရတာနဲ့ ကိုယ့်သူငယ်ချင်းကို တိုင်ပင်ပြီး ကိုယ်တို့ အပြင်ထွက်ကြတယ်။ သူနဲ့လည်း ချိန်းဖြစ်ခဲ့တယ်။ အဲ့ညက ကိုယ်တို့ ၇ မိုင်က ဆိုင်မှာထိုင်ဖြစ်တယ်။ အစကတော့ အားလုံးပေါင်းမှ ၅ ယောက်။ နောက်တော့ သူ့ဆီကို ဖုန်းဝင်လာတယ်။ သေချာပါတယ်။ မိန်းကလေးတယောက်ဆီက ဖုန်းဆိုတာ ကိုယ်ထင်နေတဲ့အတိုင်း ဖြစ်လာတယ်။ မိန်းကလေးတစ်ယောက် ရောက်လာတယ်။ ဒီလိုနဲ့ သူက မိတ်ဆက်ပေးပြီးနောက် ဒီမိန်းကလေးနဲ့ သူ့ရဲ့ပတ်သတ်မှုကို ကိုယ် သိလိုက်ပါပြီ။ သူ့ကို ကျေးဇူးတင်တယ် သိလား။ ကိုယ်နဲ့သူ ဘာလဲဆိုတာ ပိုသေချာသွားပြီလေ။ သူငယ်ချင်း၊ အသိမိတ်ဆွေထက် မပိုဘူး။ ဒီလိုနဲ့ပဲ ကိုယ် ဘာဇာတ်လမ်းမှန်းမသိတဲ့ ဇာတ်လမ်းကို အဆုံးသတ်လိုက်တယ်။ ဒီတိုင်းလေးပဲ ကောင်းပါတယ်…
နံပါတ် ၁၆ လား။ ဘယ်သူ့ကို တပ်ရမှန်းမသိလိုက်ခင်မှာပဲ ၂၀၁၆ ကုန်သွားပြီ။။။
နံပါတ်မှာ zero...
ကိုယ့်မှာ ဘယ်တုန်းကမှ နံပါတ်အတပ်မခံခဲ့ရဖူးတဲ့ လူတစ်ယောက် ရှိတယ်။ သူ့ကို ကိုယ်က ကိုယ် ၈ တန်းနှစ် ကတည်းက ကြွေခဲ့ရတာ။ သူ့လောက် တခြားဘယ်သူ့ကိုမှလည်း မချစ်ခဲ့ဖူးဘူး။ အချစ်ဦးလည်း သူပဲ အချစ်ဆုံးလည်း သူပါပဲ။ ပြောရမယ်ဆိုရင် ကိုယ့်အတွက် My Man ဆိုသူပေါ့။
(29.December.2016)

No comments:

Post a Comment