Monday, October 7, 2013

ဘယ်တော့မှ နိုးထမလာတော့တဲ့ မိန်းကလေး

"ဘယ်တော့မှ နိုးထမလာတော့တဲ့ မိန်းကလေး"
          
         ငယ်ငယ်ကတော့ အားကစားကလွဲရင် ဘာကိုမှ စိတ်မဝင်စားခဲ့ပေမယ့် အသက် (၁၈)နှစ်ရောက်တော့ သူမရဲ့ နှလုံးသားက စကားပြောလာတယ်လို့ သူမ ခံစားခဲ့ရတယ်။ ဒါကြောင့်လည်း နှလုံးသားရဲ့ အစေခံဖို့ သူမ ဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်။ သူမ ချစ်သူ ရှိလာတော့ အရင်ကထက် ပြုံးပျော်နေတယ်လို့ သူမက ယုံကြည်တယ်။ သူမနဲ့ သူမရဲ့ ချစ်သူ အတူရှိနေတဲ့ အချိန်တွေမှာ သူမရဲ့ သူငယ်ချင်းတွေကလည်း အမြဲတမ်းမခွဲမခွာနဲ့ ရှိနေခဲ့ကြတယ်။ အချိန်တွေ တရွေ့ရွေ့နဲ့ ကုန်ဆုံးလာတော့ သူမ ပညာတော်သင်သွားဖို့အတွက် အခွင့်အရေး ရခဲ့တယ်။ အဲဒီ့အခွင့်အရေးကို သူမက လက်လွှတ်မခံတဲ့အတွက်ကြောင့် နောက်ဆုံးတော့ သူမရဲ့ ချစ်သူကို ထားရစ်ခဲ့ပြီး နိုင်ငံခြားကို ထွက်သွားခဲ့တယ်။ သို့ပေမယ့် သူမတို့နှစ်ယောက် အမြဲလိုလို အဆက်အသွယ် ရှိနေခဲ့ပါတယ်။ ဒီလိုနဲ့ တစ်နေ့တော့ သူမက ချိန်းဆိုထားတဲ့အချိန်မှာ ရောက်မလာနိုင်ခဲ့တဲ့ ကိစ္စသေးသေးလေးတစ်ခုက အစပြုလိုက်တာ သူမနဲ့ သူမချစ်သူတို့ လမ်းခွဲဖို့အထိ ဖြစ်လာခဲ့တယ်။ အစက သူမ မြတ်နိုးခဲ့တဲ့ သူ့ကို အခုမချစ်မနှစ်သက်တော့ပါ။ သူမ ထင်ထားတာနဲ့ တစ်လွဲစီဖြစ်နေလေတော့ လက်လွှတ်ဖို့ ဆုံးဖြတ်လိုက်တော့သည်။
          ထို့နောက် သူမကို အရမ်းဂရုစိုက်သည့် လူတစ်ယောက်နှင့် ဆုံစည်းခဲ့သည်။ ဒါကလည်း ကံတရားရဲ့ လှည့်ကွက်တစ်ခုပဲလား။ ဒါမှမဟုတ် သူမရဲ့ နှလုံးသားက နားမလည်တဲ့ ရင်ခုန်သံတွေကြောင့်လား။ သူမကို ချစ်မြတ်နိုးမှုတွေ အပြည့်နဲ့ စောင့်ကြိုနေတဲ့ နှလုံးသားတစ်ခုကို သူမ လက်ခံပေးခဲ့တယ်။ သူမ အတွက်တော့ ဒီတစ်ယောက်ဟာ ဘဝတစ်ခုလုံးအတွက်သာ ဖြစ်ရမယ်လို့ သူမ လက်ခံတယ်။ မတူညီတဲ့ ခြားနားမှုတွေရှိနေတဲ့ လူတွေကိုမှ သဘောကျမိတာ သူမရဲ့ အမှားဆိုတာ အစက သတိမထားမိခဲ့ဘူး။ အချိန်တွေကြာလာတာနဲ့အမျှ တစ်နေ့တစ်နေ့ မရိုးရအောင် ဒုက္ခမျိုးစုံနဲ့ ကြုံတွေ့ရတော့မှ သူမ ဘဝဆိုတဲ့ အဓိပ္ပါယ်ကို နားလည်လာတယ်။ ဖြစ်ချင်တိုင်းမဖြစ်နိုင်တဲ့ ဘဝဆိုတာကို သူမ တစ်နေ့တစ်ခြား သိလာတယ်။ သူမ ခံစားရမှုတွေကို မြိုသိပ်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားခဲ့တယ်။ နောက်ဆုံးတော့ ပြသနာတွေက ကြီးလာပြီး သူမရဲ့ ဂုဏ်သိက္ခာနဲ့ မာနကို ထိပါးလာတော့ သူမ ဆက်လက် မလျှောက်လှမ်းနိုင်တော့တဲ့ လမ်းကနေ ထွက်ခွာလာခဲ့တယ်။
          နှစ်ခါစလုံး နှလုံးနာခဲ့ရတဲ့ ကိစ္စတွေဖြစ်နေလို့ သူမက အားကစားနဲ့ ကုစားဖို့ ကြိုးစားခဲ့တယ်။ သူမ ဘဝမှာ အားကစားကသာ ပျော်ရွှင်မှုအပေးနိုင်ဆုံးလို့ ယုံကြည်ထားတဲ့ ခံယူချက်တွေက ဒီတစ်ချိန်မှာတော့ မှားနေသလိုလို။ သူမရဲ့အရင်က ချစ်သူနှစ်ယောက်ကို သူမက အရမ်းချစ်ခဲ့တယ်လို့ ထင်ထားတာတွေက တခဏမှာပဲ ပျောက်ကွယ်သွားတယ်။ ဒီတစ်ခါတော့ သူမ မှန်ကန်တဲ့ ချစ်ခြင်းမေတ္တာနဲ့ တွေ့ပြီလို့ ယူဆလိုက်တယ်။ သြဂုတ်လရဲ့ မိုးရေစက်များနဲ့အတူ သူမဆီကို ခိုဝင်လာတဲ့ သူတစ်ယောက်။ အရပ်အမောင်း၊ အသားအရည်၊ ရုပ်ရည်သွင်ပြင်လက္ခဏာ ဘယ်အရာမှ အပြစ်ပြောစရာမရှိအောင် ပြည့်စုံသည်ဟု သူမ ထင်မိတယ်။ သူမ ထင်သလို အားလုံးနီးပါးက ထောက်ခံပေးကြတယ်။ ဒီလိုနဲ့ သူမ၏ နှလုံးသား အနည်းငယ် ယိုင်ခဲ့တယ်။ ဒီတစ်ယောက်ကတော့ အရင်ကလူတွေလို ကွဲပြားခြားနားမှုတွေ မရှိတဲ့အတွက် သူမနဲ့လက်ရှိချစ်သူတို့ ချစ်ခရီးလမ်းက အချိန်အားဖြင့် တော်တော်ကြာရှည်ခဲ့တယ်။ တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်ချစ်လဲဆိုတာမျိုးတွေကို သူမ သိပ်သတိမထားမိ။ သို့ပေမယ့် သူမ သတိထားမိတာကတော့ သူမချစ်သူမှာ သူမ တစ်ယောက်တည်း မဟုတ်။ သူမ ရှာဖွေတွေ့ရှိသွားပြီဖြစ်တဲ့ သူမချစ်သူရဲ့ နောက်ကြောင်းဇာတ်လမ်းတွေက မရှင်းမရှင်း။ အရာရာ ပြည့်စုံသည်ဟု ထင်ထားသမျှ သဲထဲရေသွန်။ သူမက ယုံကြည်လိုက်မိပြီးမှ ယုံကြည်ခြင်းတွေကို အလွဲသုံးစား လုပ်စားကြသည်များပင်။ သူမကလည်း အစကတည်းက ပြတ်သားပြီဆို လှည့်ကြည့်သည့် မိန်းမသားမျိုး မဟုတ်လေတော့ ဒီတစ်ခါ ထွက်ခွာသွားခြင်းက နောက်ကြောင်းမလှည့်ကြောင်း အတိအလင်းကြေငြာချက်ဖြင့်ပင်။
          သူမ တန်ဖိုးထားသည်များက ယုံကြည်ခြင်း၊ ချစ်ခြင်းမေတ္တာနှင့် နားလည်မှုတို့ဖြစ်သော်လည်း သူမနှင့် ဆုံတွေ့သူများကတော့ ဒီသုံးခုလုံးကို တန်ဖိုးမထားကြ။ ပြက်ရယ်ပြုကြ၊ လှောင်ပြောင်ကြနှင့် သူမကို ခဏခဏ ထိုးနှက်ကြတယ်။ ဒီလိုနဲ့ အချိန်တွေကို ဖြတ်သန်းသွားလာရင်း အချစ်ဆိုတဲ့ ခံစားမှုတွေကို သူမ မေ့လျော့နေခဲ့တယ်။ ဘဝကို သူလိုကိုယ်လို ဖြတ်သန်းသွားလာရင်း အလုပ်ရှုပ် နေခဲ့တယ်။ သူမက လူတွေကို ယုံကြည်ပေးခဲ့တဲ့ စိတ်ဓာတ်တွေကြောင့် လူတွေကြားမှာတော့ နာမည်ကြီးခဲ့တယ်။ သို့ပေမယ့် သူမ ဘယ်သူ့ကိုမှ မမုန်းခဲ့ဖူးပါ။ လူတိုင်းကို သူမနှင့် တန်းတူ မချစ်နိုင်သေးတာကလွဲရင် ကျန်သောအရာမှန်သမျှ ပြည့်စုံလှပါတယ်။ သူမ ကျောင်းတွေ ပြန်တက်တော့ ငယ်သူငယ်ချင်းတွေနဲ့ ပြန်ဆုံဖြစ်ခဲ့တယ်။
          ငယ်သူငယ်ချင်းဆိုတော့ ငယ်ငယ်လေးတုန်းက ခင်ကြတဲ့ သူတွေပေါ့။ သူမ အတွက်ကတော့ ဘာမှထူးထူးခြားခြားမဟုတ်ပေမယ့် သူမရဲ့ ငယ်သူငယ်ချင်းတစ်ယောက်ကတော့ ဒါကို အခွင့်အရေး တစ်ခုလို့ ယူဆပြီး သူမ အနားသို့ တိုးကပ်လာခဲ့တယ်။ ဒီနှစ်တွေထဲမှာလည်း ဒီလိုတိုးကပ်လာမှုတွေကို သူမ လျစ်လျူရှုထားခဲ့တယ်။ သို့ပေမယ့် ဒီတစ်ခါမှာတော့ သူမ တွေးလိုက်သည်က ငယ်သူငယ်ချင်း။ သြော်… ငယ်ငယ်တုန်းက ခင်တယ်၊ အခုချစ်ရတဲ့ သူငယ်ချင်းချစ်သူ ဆိုတဲ့ သီချင်းတွေကလည်း ရှိနေတော့ သူမအတွက် အထူးတလည် နောက်ကြောင်းဇာတ်လမ်းတွေကို လိုက်နေစရာလည်း မလိုဘူး။ အိမ်အချင်းချင်းကလည်း ရင်းနှီးနေလေတော့ ဘာပြသနာမှ မရှိလောက်တော့ဘူး။ သူမအတွက် ဒါဟာ အဆင်အပြေဆုံးပဲလို့ သတ်မှတ်လျက် သူငယ်ချင်းချစ်သူ သီချင်းကို သူမ သီဆိုဖို့ သဘောတူလိုက်တယ်။ သူမ အတွက်တော့ တာထွက်က တော်တော်လေးကို အဆင်ပြေမှုတွေနဲ့ လွှမ်းခြုံထားခဲ့တယ်။ ဒါတွေက နောင်တစ်ချိန်မှာ ထိုးနှက်ချက်တွေ ဖြစ်လာလိမ့်မယ်လို့ ကြိုတင်မတွေးထားမိတာက သူမ အမှားပဲ။
          ကွဲပြားခြားနားမှုတွေနဲ့ လက်တွဲထားတဲ့ ခရီးလမ်းက ရေရှည်မတည်တံ့ဘူး ဆိုတာ သူမ သိသွားတဲ့နောက်တော့ သူမဘက်က စတင် လက်လွှတ်လိုက်တယ်။ ဘာဖြစ်လို့လဲဆို သူမဘက်က လက်မလွှတ်လျှင် ဒီဇာတ်လမ်းမှာ သူမသာလျှင် နာကျင်မှုတွေ ခံစားရမည့် လူသားတစ်ယောက် ဖြစ်သွားလိမ့်မယ်။ သူမက နှလုံးလမ်းကြောင်းမှာ ကျွန်းများခံနေသလားဟု မှန်းစမိတယ်။ ဟုတ်ချင်လည်း ဟုတ်လိမ့်မယ်။ သူမအတွက် နှလုံးသားရေးရာက ဘယ်သောအခါမှ အဆင်မပြေခဲ့ဘူး။ အတိတ်ဘဝရဲ့ ကံကြောင့်ပဲလား။ ဒီဘဝရဲ့ ကံကြောင့်ပဲလား။ သူမကပဲ သတ္တိမရှိဘဲ ရှောင်ဖယ်ပြေးနေခဲ့လို့ပဲလား။ စဉ်းစားစရာတွေ ပြည့်နှက်နေတဲ့ သူမအဖို့တော့ နောက်ပိုင်းမှာ သူငယ်ချင်းတွေနဲ့ ခင်မင်မှုတွေကိုပဲ တိုးပွားအောင် လုပ်ဆောင်ဖို့ အားမွေးခဲ့တယ်။ အကြောင်းအမျိုးမျိုးကြောင့် နှလုံးသား တိုက်ခိုက်ခံရပြီးနောက်မှာတော့ နှစ်တိုင်း ခံစားချက်အသစ်တွေဖြစ်အောင် သူမ မွေးထုတ်ခဲ့တယ်။ လူတိုင်းလို အချစ်ဆိုတာကို ပေါ့ပေါ့ပါးပါးနဲ့ ပါးစပ်ကပြောထွက်ခဲ့တယ်။ အချိန်ကာလတွေ ကြာလာတာနဲ့အမျှ သူမလည်း ခံစားချက်တွေကို ရှေ့တန်းတင်တဲ့ကိစ္စတွေ တဖြည်းဖြည်းနဲ့ လျော့နည်းလာခဲ့တယ်။
          ဒီလိုနဲ့ ၂၀၁၂ က သူမကို လှုပ်ရှားမှုတွေ ပြန်လည်အစပျိုးဖို့ လုပ်တော့တယ်။ သူမ ဒီတစ်ခေါက် တွေ့ဆုံဖြစ်ခဲ့တဲ့ သူက တခြားသူမတွေ့ဖူးသမျှတွေနဲ့ မတူ၊ တမူထူးခြားနေလေရဲ့။ သူမရဲ့ နှလုံးသားကို ရိုက်ခတ်ခဲ့တဲ့ ဘောင်ထဲက အကြည့်တွေက သူမရဲ့ အိပ်ပျော်နေတဲ့ နှလုံးသားကို လှုပ်နှိုးလိုက်သလို။ ဟုတ်ပါတယ်။ သူမရဲ့ နှလုံးသားပြန်လည် နိုးကြားလာခဲ့တယ်။ သူမက ဒါကို အချစ်လို့ သတ်မှတ်လိုက်တယ်။ အချစ်စစ် ဟုတ်မဟုတ်ကိုတော့ သူမ သေချာမသိသေးဘူး။ ပထမတော့ သူမရဲ့ မျှော်လင့်ချက် အမှန်လို့ ထင်ခဲ့တယ်။ သူမအထင်မမှားပါဘူး။ အစကတော့ ဟုတ်ခဲ့တယ်။ သူမကို အခုချစ်သူက တော်တော်ဂရုစိုက်တယ်။ အလိုလိုက်တယ်။ အရေးပေးတယ်။ ဒါပေမယ့် လူရှေ့သူရှေ့မှာတော့မဟုတ်ဘူး။ သူမတို့နှစ်ယောက်တည်း ရှိနေတဲ့အချိန်တွေမှာ။ နောက်တော့ သူမရဲ့အချစ်ဇာတ်လမ်းက အလွမ်းဇာတ်ဘက်ကို တဖြည်းဖြည်းချင်း ပြောင်းလဲသွားနေတာကို သတိထားမိလိုက်တယ်။
          သူမ သိလိုက်တဲ့အချိန်မှာပဲ နောက်ဆုတ်ဖို့ ကြိုးစားခဲ့တယ်။ အရင်အခါတွေတုန်းကလို သူမဘက်က အရင်လမ်းခွဲဖို့ ကြိုးစားခဲ့တယ်။ ကြိုးစားသမျှ အရာမထင်ခဲ့ဘူး။ သူ့ကို အပြည့်အဝ နားမလည်လိုက်ချိန်မှာပဲ သူမကို သူက အပြီးအပိုင် စွန့်ခွာသွားခဲ့တယ်။ သူမ မဲ့ပြုံးတစ်ချက်ပြုံးရင်း အဲဒီ့တစ်ယောက်ကို လက်လွှတ်အဆုံးရှုံးခံလိုက်တယ်။ သူမကချစ်သူ ပျော်ရွှင်နေတာကိုပဲ မြင်ချင်နေမိခဲ့တယ်။ သူမ ယုံကြည်တာက အရင်အခါတွေတုန်းကလိုပဲ ခဏလေးနဲ့ မေ့ပစ်လိုက်နိုင် လိမ့်မယ်။ ဒါပေမယ့် သူမ ယုံကြည်ချက်တွေက လွဲမှားခဲ့တယ်။ အခုတော့ သူမကိုယ်သူမ နားမလည်တော့။ အရင်ကလောက် မလွယ်ကူတော့မှန်း သူမ သိရှိသွားတယ်။ ဒါကြောင့် သူမ မေ့ပစ်ဖို့လည်း မကြိုးစားတော့သလို ဘာဆိုဘာမှကို မလုပ်တော့ဘဲ ဒီအတိုင်းလေး ထားလိုက်တော့တယ်။ နောက်ပိုင်းမှာ ယုံကြည်ဖို့မလွယ်တဲ့ လူတွေအကြောင်း သူမ တဖြည်ဖြည်းနဲ့ သိလာခဲ့တယ်။ ချစ်ခြင်းမေတ္တာဆိုတာကို ဗန်းပြပြီး လုပ်ချင်တာလုပ်နေကြတဲ့ လူတွေကို သူမ ရွံမုန်းလာခဲ့တယ်။ နားလည်မှုမရှိတဲ့ လူ့ဘောင်လောက အလည် သူမရဲ့ နားလည်မှုတွေက ချောင်ထိုးခံထားခဲ့ရတယ်။
          ဒါကြောင့် နောက်တစ်ယောက် ချစ်ဖို့နဲ့ နောက်တစ်ခေါက် ချစ်ဖို့ကို သူမ ကြောက်နေခဲ့တယ်။ လက်ဆုပ်လက်ကိုင် ပြစရာမရှိတဲ့ အချစ်စစ် ဆိုတာကို သူမ အယုံအကြည်မရှိတော့။ မင်္ဂလာဆောင်ခြင်း၊ လက်ထပ်ခြင်းဆိုတာတွေကို သူမ ကအပိုအလုပ်တွေလို့ မြင်လာခဲ့တယ်။ သူမရဲ့အမြင်တွေက အစွန်းတစ်ဖက်ကို ရောက်နေခဲ့တယ်။ အရာရာကို အကောင်းမမြင်နိုင်တော့။ ဆိုးဖို့ဖြစ်လာတာတွေလို့ပဲ သူမက ယုံကြည်ထားလိုက်တော့တယ်။ တစ်ခါတစ်လေမှာ သူမ အကြောင်းပြချက်မရှိ ထိုင်ရယ်နေတယ်။ တစ်ခါတစ်လေကျပြန်တော့ ဘာကို စဉ်းစားပြီး ပြုံးပျော်နေမှန်း မသိရ။ လောကကြီးကို လှောင်ရယ်တဲ့ အကြည့်တွေနဲ့ ကြည့်တယ်။ လူတွေကို မထိမဲ့မြင်ပြုတတ်လာခဲ့တယ်။ သူမ နေထိုင်ချင်တဲ့ ပုံစံက အဲ့လိုပုံစံမဟုတ်။ သူမ ယုံကြည်ခဲ့သည်က အချစ်စစ်။ အရာရာကို အောင်နိုင်သော အချစ်စစ်။ ဒါဆို သူမ ဘာဆက်လုပ်မလဲ…။ တကယ်တော့ သူမ ရှာဖွေနေတာမဟုတ်သော အချစ်စစ်သည် သူမဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့သည်ကို သူမ သတိမမူမိလိုက်ခြင်းပင်။
          ၂၀၁၃ အစမှာ သူမ အဲဒီ့လူတစ်ယောက်နဲ့ ဆုံခဲ့ပါသေးသည်။ သူမက အမှုမဲ့အမှတ်မဲ့ နေလိုက်ပေမယ့် အဲဒီ့တစ်ခါ အမှတ်မထင်ထားတာက တကယ်တော့ သူမ အတွက် အချစ်စစ် တစ်ခုဖြစ်နေမှန်း ၂၀၁၃အလည်လောက် ရောက်မှ သိရှိသွားသည်။ သူမရဲ့ အံ့သြခဲ့ရမှုတွေက ဒုနဲ့ဒေး။ သူမနဲ့ သူမရဲ့အချစ်စစ်တို့ အရာရာကို ရင်ဆိုင်ဖို့အတွက် အင်အားတွေပြည့်လာတော့ နှစ်နဲ့ချီပြီး ပျောက်ကွယ်နေတဲ့ ရယ်မောသံတွေကို ပြန်ကြားခဲ့ရသည်။ ရယ်မောနေတဲ့ ပုံရိပ်တွေကို ပြန်မြင်ခဲ့ရသည်။ နောက်ဆုံးတော့ သူမ အချစ်စစ်ကို ရှာဖွေတွေ့ရှိသွားသည်။ ဘယ်တော့မှ မသေနိုင်တဲ့အရာတစ်ခု။ ဘယ်အရာကိုမဆို အနိုင်ယူနိုင်တဲ့ အရာတစ်ခုက အချစ်စစ်ဆိုတာကို သူမ အစကတည်းက ယုံကြည်ပြီးသားပါ။ အခု သူမ ချစ်နေတဲ့ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာတွေက အဲဒီ့လူကိုလည်း ကြည်နူးမှု၊ ပြုံးပျော်မှု၊ သာယာပျော်ရွှင်မှုတွေကိုပဲ ပေးနေပါသည်။ သူမအတွက် အဲဒီ့လူက ရှားရှားပါးပါး လူတစ်ယောက်၊ ဘယ်သူနဲ့မှ မတူတဲ့ လူတစ်ယောက်။
          သူကလည်း သူမကို ပျော်ရွှင်ခြင်းတွေနဲ့ ချစ်ခြင်းမေတ္တာတွေကိုပဲ ပေးနေသည်။ သူမ အတွက်တော့ သူနဲ့အတူရှိနေချိန်တွေဟာ သိပ်ကို ဝမ်းသာဖွယ်ရာ အချိန်တွေသာ ဖြစ်နေသည်။ သူမတို့နှစ်ယောက်ရဲ့ အချစ်တွေ တည်တံ့ခိုင်မြဲနေဖို့အတွက် သူတို့နှစ်ယောက် ကြိုးစားရဦးမည်။ မည်သည့်အချိန်အထိလည်း ဆိုတာကိုတော့ သူမတို့လည်းမသိကြ။ တစ်နေ့တော့ သူမကို သူက ရင်ဖွင့်သည်။ သူ့ရဲ့အတိတ်အကြောင်း တွေကို သူမကို ပြောပြသည်။ အတိတ်ဆိုပေမယ့်လည်း သူမအတွက်က သက်ဆိုင်နေသည်ဟု ခံစားမိနေသည်။ သူမကို မနာကျင်စေချင်သူသည် ဒီကမ္ဘာပေါ်တွင် သူတစ်ယောက်တည်းသာ ရှိလိမ့်မည်။ သူမ ချစ်သောသူသည်လျှင်လည်း သူတစ်ယောက်တည်းသာ ဖြစ်လေသည်။ သူ့အတိတ်ကို သိသွားခဲ့တဲ့ သူမ တစ်ယောက်၊ ဘာတွေတွေးမှန်းမသိ တွေးပြီး ဆုံးဖြတ်ချက်တစ်ခုကို သူမ ချလိုက်သည်။
          ကိုယ့်ကိုကိုယ် သတ်သေမှုက အဖန် ငါးရာငါးကမ္ဘာ ခံရမည်ကို သူမ သိသောကြောင့် သူမက သေဆုံးဖို့အတွက် ဖန်တီးထားခြင်းမျိုးမဟုတ်ဘဲ အိပ်စက်ခြင်းကိုပေးသော… ချိုမြိန်သော အဆိပ်ရည်တစ်ခွက်ကို သောက်လိုက်သည်။ ဘယ်သူ့မှမသိအောင် ဒီကိစ္စကို ပိပိရိရိ လုပ်လိုက်ပေမယ့် အခင်ဆုံးသူငယ်ချင်းကတော့ သိလိုက်သည်။ ထို့ကြောင့် ဒီအဆိပ်ကို ပျက်ပြယ်စေနိုင်သည့်နည်းလမ်းကို သူမ၏ သူငယ်ချင်းက ကြိုတင်ရှာဖွေထားခဲ့သည်။ တကယ်တော့ ဒါဟာ သာမာန်အဆိပ်ရည် တစ်ခွက်မဟုတ်။ မှော်ပညာဖြင့် ဖန်တီးထားသော အဆိပ်ရည်သာ။ ထို့အတွက်ကြောင့် သူမ အတွက် အဆိပ်ဖြေဆေးရှိနေလေသည်။ ဖြေဆေး၏ နိယာမမှာ အချစ်စစ်ဖြင့် နမ်းသော အနမ်းတစ်ပွင့်။ သို့သော် ထိုအနမ်းသည် လူတွေသိသော နာမည်ကြီးလှသည့် နှုတ်ခမ်းပေါ်က အနမ်းမျိုးမဟုတ်။ အိပ်ပျော်နေသူ၏ နဖူးပေါ်သို့ သွန်းချလောင်းရမည့် အနမ်းတစ်ပွင့်သာ ဖြစ်သည်။ အဆိပ်ဖြေရမည့် နည်းလမ်းကို သူမ၏ သူငယ်ချင်းများ သိကြသော်လည်း… မည်ကဲ့သို့ ရှာဖွေကြမည်နည်း။ အချိန်အကန့်အသတ်မရှိသည့် အိပ်စက်ခြင်းဖြစ်သော်လည်း သူမ အချစ်စစ်နှင့် ချစ်သောသူကို မည်သူသိမည်နည်း။ သို့သော်… သိသောသူ တစ်ယောက်တော့ ရှိသည်။ ထိုသူသည် တခြားသူမဟုတ်။ သူမကို အချစ်စစ်နှင့် ချစ်ခဲ့ဖူးသော သူသာဖြစ်သည်။ ထိုအကြောင်းကို သိသောသူအခြားမရှိ။ နှစ်ယောက်တည်းသာ သိသော ကိစ္စတစ်ခု ဖြစ်နေသောကြောင့် အဖြေရှာရခက်နေလေပြီ။
          သူမ၏ သူငယ်ချင်းများက နည်းလမ်းမျိုးစုံဖြင့် သူမ၏ ချစ်သူအဟောင်းများကို ရှာဖွေကြသည်။ တစ်ယောက်ပြီးတစ်ယောက် လာရောက်ကူညီကြသည်။ သူမကို ချစ်ခဲ့ဖူးသော သူမှန်သမျှ သူမအနားမှာ ဝိုင်းအုံနေသည်။ သို့သော် သူမ တကယ်ချစ်သော သူတော့မပါ။ တစ်နေ့တော့ သူမ၏အကြောင်းက နေရာအနှံ့အပြားကို ပျံ့နှံ့သွားသည်။ သူမက ပြုံးပြုံးလေး အိပ်ပျော်နေလေသည်။ သူမ၏ နဖူးပြင်မှာတော့ သူမ ချစ်ခဲ့ဖူးသူများ၏ အနမ်းများဖြင့် ပြည့်နှက်နေလေသည်။ သို့သော် အားလုံးက လက်လျှော့ အရှုံးပေးခဲ့ကြလေပြီ။ သူမ၏ သူငယ်ချင်းများကလည်း မည်ကဲ့သို့ ရှာဖွေရမှန်းမသိအောင်ကို ခေါင်းပူနေခဲ့ကြသည်။ ထိုသီတင်းကို သူမအချစ်စစ် အချစ်မှန်နှင့် ချစ်ရသော၊ သူမကို အချစ်စစ် အချစ်မှန်ဖြင့် ချစ်သောသူ ကြားမကြားတော့ မသိ… သူမကတော့ ထိုလူ သူမ ရှေ့သို့ ဘယ်သောအခါမှ ရောက်လာလိမ့်မည် မဟုတ်ကြောင်း ယုံကြည်ထားသောကြောင့် သူမသည် တစ်သက်လုံး ငြိမ်းချမ်းစွာ အိပ်စက်နေသော မိန်းကလေးတစ်ယောက် ဖြစ်သွားတော့သည်…

“Enchanted” ရုပ်ရှင်ကားကို ကြည့်အပြီးမှာ ရေးဖြစ်တဲ့ ကျွန်မ၏ အိမ်မက်ဆန်ဆန် ဇာတ်လမ်း။ ကျွန်မ စိတ်ကူးမိတာက ကိုယ်ချစ်တဲ့သူက ကိုယ့်ကိုချစ်လျက်နဲ့ ကိုယ့်ကိုမနမ်းဘဲနေသွားရင် ဆိုတဲ့အတွေးဝင်လာလို့ ရေးဖြစ်သွားတာပါ။ အင်းပေါ့လေ… ကျွန်မရဲ့အချစ်စစ်နဲ့ ချစ်ရတဲ့သူက သူ့ဘက်ကလည်း အချစ်စစ်နဲ့ ချစ်လျက်နဲ့ ထားခဲ့ရင်လည်း တသက်လုံး နိုးထမလာတော့ပါဘူးလို့ ပြောရင်း… အဆုံးသတ်နှုတ်ဆက်လိုက်ပါတယ်။ ကျေးဇူးတင်ပါတယ်။

No comments:

Post a Comment