"မီဒီယာနဲ့ ပြည်သူ"
အခုတလောမြန်မာပြည်သူလူထုတွေအကြားမှာ ရေပန်းစားနေတဲ့ ကိစ္စတစ်ခု… အဲ့ဒါကတော့ Time Magazine ကဇူလိုင်လ (၁)ရက်နေ့ ထုတ်မှာပါတဲ့ "The Face of Buddhist Terror" ဆိုတဲ့ ခေါင်းစဉ်တစ်ခုပဲ။အဲဒီ့စာစောင်ကို မြန်မာအစိုးရက ကန့်ကွက်တဲ့ သတင်း၊ ဘယ်အဖွဲ့အစည်းတွေက ရှုံ့ချတဲ့ သတင်းစတဲ့ စတဲ့ သတင်းတွေကလည်း နေရာတကာ ပျံ့နှံ့နေတယ်။ ဒီကိစ္စက တော်တော်ကြီးတဲ့ ကိစ္စတစ်ခုပဲ။ဒီကိစ္စနဲ့ ပတ်သတ်ပြီး ဆက်မပြောခင် လူတွေရဲ့ သဘောသဘာဝလေးအကြောင်း အနည်းငယ်ပြောပြချင်ပါတယ်။
"Don’tjudge the people by the look." ဆိုတဲ့ စကားပုံကို လူတိုင်းကြားဖူးကြမှာပါ။ အမြင်(သို့) အကြည့်နဲ့တင် လူတွေကို မဆုံးဖြတ်ပါနဲ့ တဲ့။ လူတော်တော်များများက လူတစ်ယောက်ရဲ့အကြောင်းကို ဘာမှမသိပါဘဲနဲ့ သူ့ရဲ့ ဝတ်ပုံစားပုံ နှင့် ရုပ်ရည်ကို ကြည့်ပြီး သူကတော့ဖြင့်ဘာဖြစ်တယ်၊ ညာဖြစ်တယ် ဆိုပြီး ဝေဖန်ကြတယ်။ အပေါ်ယံတွေကို ကြည့်ပြီး ဝေဖန်ပိုင်းခြားဆုံးဖြတ်တာတွေဟာလုံးဝကို မှားယွင်းတဲ့ လုပ်ရပ်တွေပါ။ ဒီတော့ လူတစ်ယောက်အကြောင်း သိရအောင်က ပေါင်းသင်း၊ဆက်ဆံကြည့်မှ အဖြေရမှာလေ။ စိတ်နေစိတ်ထားကို အရင်လေ့လာကြည့်ပြီးမှ ကောင်း၊ မကောင်း ဆုံးဖြတ်ရမှာကိုမလေ့လာခင်ကတည်းက "ဘူး" ခံငြင်းနေရင်တော့ တာဝန်မဲ့တဲ့ လူတစ်ယောက် ဖြစ်သွားပြီပေါ့။
ဒီတော့ကျွန်မပြောချင်တာက Time Magazine ရဲ့ မျက်နှာဖုံးကိုပဲ ကြည့်ပြီး ဘာဖြစ်တယ်၊ ညာဖြစ်တယ်၊ကန့်ကွက်တယ်၊ ရှုံ့ချတယ်ဆိုတာ ပြောနေမယ့်အစား အဲဒီ့အထဲမှာ ဘာတွေရေးထားလည်း ဆိုတာကိုအရင်လေ့လာကြည့်သင့်တယ်လို့ ထင်တယ်။ ဘာတွေကို ဘယ်လိုတွေးပြီး ရေးထားလဲ၊ အချက်အလက်တွေဘယ်ကရလဲ၊ ခိုင်လုံတဲ့ သတင်းတွေ ဟုတ်ရဲ့လား စသည်ဖြင့် လေ့လာ၊ တွေးတော် ပြီးမှ စဉ်းစားဆုံးဖြတ်ဝေဖန်သင့်တယ်လို့ကျွန်မကတော့ ထင်တယ်။ အန်တီစု ပြောသလိုပေါ့… သူ့လက်ထဲကို magazine ကရောက်မလာသေးတော့အဲဒီ့ကိစ္စနဲ့ ပတ်သတ်ပြီး သူ့မှာ အခုလက်ရှိတော့ ပြောစရာစကား မရှိသေးဘူးလို့ အင်တာဗျူးမှာပြောသွားပါတယ်။
တကယ်ကပြည်သူလူထုတွေ အနေနဲ့ မီဒီယာကို ဘယ်လိုအသုံးပြုနေသလဲ ဆိုတဲ့ အပေါ်မှာ အများကြီး အခြေခံနေပါတယ်။မီဒီယာကို ကိုယ်က သုံးနေတာလား၊ မီဒီယာက ကိုယ့်ကိုအသုံးပြုနေတာလား… စဉ်းစားစရာ တစ်ခုပါပဲ။ဟုတ်ပြီ… ကိုယ်က မီဒီယာကို သုံးနေတဲ့ ပြည်သူတစ်ယောက်ဆိုရင် မီဒီယာတစ်ခုတည်းကိုပဲ ဖတ်ပြီးအဲဒီ့တစ်ခုတည်းကိုပဲ ယုံကြည်နေလို့မရဘူး။ တခြား ဂျာနယ်၊ စာစောင်တွေ၊ သတင်းမီဒီယာတွေကိုလည်းကိုးကားသင့် ကိုးကားဖတ်ရမယ်။ မှီငြမ်းသင့်ရင် မှီငြမ်းရမှာပဲ… ဒါကကိုယ် မီဒီယာကို အသုံးပြုနေတဲ့ပြည်သူတစ်ယောက်ဖြစ်မှာ။ အဲ့လိုမှမဟုတ်ဘဲ ကိုယ့်ကို မီဒီယာက အသုံးချနေတာဆိုရင်တော့ ဒီမီဒီယာ တစ်ခုတည်းက သတင်းကိုပဲ ယုံကြည်ပြီး ဒီသတင်းကိုပဲ လိုက်ပြောနေရင် အဲဒီ့မီဒီယာရဲ့အသုံးတော်ခံဖြစ်သွားမှာပေါ့။
မီဒီယာဆိုတာက သူရတဲ့ သတင်းကို သူတင်ပြမှာပဲ။ သူပြောချင်တာ၊ သူတင်ပြချင်တာကို သူရေးသားဖော်ပြမှာပဲ။ဒါက မီဒီယာတွေရဲ့ အလုပ်။ ကိုယ်တို့လို ပြည်သူတွေရဲ့အလုပ်ကတော့ အဲ့လိုရေးသားထားတာတွေကိုဖတ်ရှုပြီး ဟုတ်မဟုတ် စဉ်းစား၊ လက်ခံသင့်ရင် လက်ခံမယ်၊ လက်မခံသင့်ရင် လက်မခံရုံပဲလေ။ကြားခံအဖြစ်အသုံးပြုနေကြတဲ့ မီဒီယာကို ယုံကြည်သင့်တဲ့အပိုင်းတွေရှိသလို မယုံကြည်သင့်တဲ့သတင်းအမှားတွေ ပါလာရင်လည်း ကိုယ့်ဘက်က ရေကို ရေစစ်နဲ့ စစ်သလို စစ်ယူရမှာပေါ့။ မီဒီယာကပြောသမျှအကုန် ယုံရမယ်လို့ ပြောတာမဟုတ်သလို၊ ပြောသမျှကို မယုံရဘူး၊ လက်မခံရဘူးလို့ပြောနေတာလည်း မဟုတ်ပါဘူး။ အဓိက ကကိုယ်နဲ့ပဲ ဆိုင်ပါတယ်။
မီဒီယာကိုမဖြစ်မနေသုံးနေရတဲ့ ပြည်သူတွေအတွက် ပြောချင်တာတစ်ခုက တစ်ခုတည်းကို ဖတ်ပြီး တစ်ခုတည်းကိုမျက်စိမှိတ်ယုံနေမယ့်အစား နယ်ပယ်စုံက မီဒီယာတွေကိုလိုက်လေ့လာဖတ်ရှုပြီး မျက်ကွင်းကျယ်ကျယ်နဲ့ကြည့်ရမယ်အချိန်ကို ရောက်နေပါပြီလို့ တိုက်တွန်းရင်း ကျွန်မ ဒီနေရာမှာပဲ အဆုံးသတ်လိုက်ပါတော့တယ်။
No comments:
Post a Comment