Monday, December 31, 2012

လှပမှုမရှိတဲ့ စာစီစာကုံး

"လှပမှုမရှိတဲ့ စာစီစာကုံး"


          သူမကို ဇန်နဝါရီ (၂၂) ရက်နေ့မှာ မွေးခဲ့လို့ ဒီဂဏန်းက သူမကို လွှမ်းမိုးနေတယ်ဆိုတာကို သူမ သိတယ်။ သူမ အသက် (၂၂) နှစ်ပြည့်တဲ့ နှစ်က ၂၀၁၂ ပါ။ သူမအတွက် ဒီနှစ်က ပေးလိုက်တဲ့ အရသာတွေက တခြားခုနှစ်တွေနဲ့ မတူဘဲ ကွဲလွဲမှုလေးတွေ ရှိနေခဲ့တယ်။
၂၀၁၂ ကို ထုံးစံအတိုင်း သူမရဲ့ မွေးနေ့နဲ့ စတင်ဖွင့်လှစ်ခဲ့တယ်။ သူမက ထူးထူးခြားခြားလေးဖြစ်အောင် ကျင်းပချင်ခဲ့ပေမယ့် နောက်ဆုံးတော့ မိဘတွေရဲ့ အလိုကို ဖြည့်ပေးခဲ့တယ်။ အဲဒါကြောင့်နဲ့တူတယ်…သူမ ခရီးတစ်ခုထွက်ဖို့အတွက် အခွင့်ကောင်းရသွားတယ်။
          သူမရဲ့ မိဘတွေမပါဘဲ ပထမဆုံးအလည်အပတ် ခရီးစဉ်က ပုဂံညောင်ဦးကိုပါ။ ကျောင်းက သူငယ်ချင်းတွေနဲ့ တစ်ညအိပ် ခရီးကို အိမ်ကစိတ်ချလက်ချ ခွင့်ပြုလို့ သူမ အတိုင်းမသိ ဝမ်းသာခဲ့တယ်။ သူမအတွက် ပထမဆုံး အတွေ့အကြုံကတော့ ရင့်ကျက်မှု၊ ဦးဆောင်မှု၊ အနစ်နာခံမှု၊ ရိုသေလေးစားမှု၊ နာခံမှု စတဲ့စတဲ့ လူမှုဆက်ဆံရေးတွေနဲ့ ပြည့်ဝလှပနေခဲ့တယ်။ ခရီးက ပြန်လာပြီးတဲ့နောက် အချိန်တွေကို ပုံမှန်အတိုင်းပဲ ဖြတ်သန်းခဲ့တယ်။ သိပ်မကြာလိုက်ပါဘူး။ သူမ သူငယ်ချင်းအသစ်တွေ ရလာတယ်။ သူငယ်ချင်းဆိုပေမယ့် နောက်မှ ရင်းနှီးသွားကြတဲ့ တစ်စိမ်းတွေပါ။ သူမ တစ်ခါမှ အိမ်မက်မမက်ဖူးခဲ့တာက သူမ ဒီလိုလူမျိုးတွေနဲ့ ရင်နှီးခွင့်ရမယ်ဆိုတာပါ။ သူမ အတွက်တော့ သူတို့တွေက ရဲရင့်တယ်၊ ကြင်နာမှုရှိတယ်၊ ပြတ်သားတယ် နောက်ပြီး ခင်မင်တဲ့ စိတ်ဓာတ်အပြည့်ရှိကြတဲ့ ကျောင်းသားတွေပါ။
          ဒီလိုနဲ့ပဲ အချိန်တွေက သူမကို နွေရာသီထဲ ဆွဲခေါ်လာခဲ့တယ်။ သူမ ကျောင်းကိစ္စနဲ့ ပတ်သတ်ပြီး သူငယ်ချင်းတွေအများကြီးနဲ့ ခရီးတစ်ခုထွက်ခဲ့ရတယ်။ သူမ အရမ်းသွားချင်ခဲ့တဲ့ နေရာလေးကိုပေါ့။ တခြားသူတွေက အဲဒီ့နေရာမှာ ဓာတ်ပုံရိုက်လာတာကို ကြည့်ကြည့်ပြီး ဝမ်းနည်းခဲ့ရတဲ့ သူမရဲ့ အချိန်တွေဟာ အခုတော့ လန်းဆန်းတက်ကြွနေခဲ့ပြီ။ သူမရဲ့ အိမ်မက်တွေကတော့ စစ်တောင်းမြစ်ကိုကျော်လို့ ဟိုးအဝေးက သံလွင်မြစ်ရှေ့ ဇွဲကပင်ကို ရောက်နေခဲ့ပြီလေ။ စာကိစ္စနဲ့ဆိုပေမယ့် ကံကောင်းစွာနဲ့ပဲ သူမရဲ့ အိမ်မက်တွေ လက်တွေ့ဘဝထဲကို ကူးလူးလာခဲ့တယ်။ သူမ ဘဝမှာ အိမ်မက်တွေလက်တွေ့ဆန်လာတာ ဒီ ၂၀၁၂ ရောက်မှာပဲလို့ သူမခံစားခဲ့ရတယ်။
          ခရီးကပြန်ရောက်တော့ ကျောင်းပိတ်ရက်ဖြစ်နေပြီလေ။ သူမအတွက် ပျင်းစရာကောင်းတဲ့ သင်္ကြန်ပွဲတော်ကို စိတ်ရှည်ရှည်နဲ့ ဖြတ်သန်းခဲ့တယ်။ သင်္ကြန်(နှစ်သစ်ကူး) ပွဲတော်က သူမအတွက် ပျော်စရာမကောင်းတော့တာ လွန်ခဲ့တဲ့ နှစ် နှစ်လောက်ကတည်းကပါ။ ကိစ္စတစ်ခုကို ပြန်လည်စဉ်းစားမိတိုင်း ဘယ်တော့မှပြန်မရနိုင်တဲ့ အရာတစ်ခုကို လွမ်းဆွတ်မိတိုင်း သူမ စိတ်ထဲ၊ နှလုံးသားထဲမှာ နာကျင်နေလျက်ပါ။ ဒါပေမယ့်… သူမရဲ့ သူငယ်ချင်းတွေက သူမကို ပစ်မထားကြပါဘူး။ သင်္ကြန်အပြီးမှာပဲ ဘုန်းကြီးဝတ်ကြမယ်ဆိုတဲ့ သူငယ်ချင်းတွေကြောင့် သူမပြန်လည် အသက်ဝင်လာခဲ့တယ်။ သူမ တတ်နိုင်သလောက်လေး အလှူဒါနပြုလိုက်ရလို့ ကျေနပ်နှစ်သိမ့်နေခဲ့တယ်။
          ဘာလိုလိုနဲ့ ကျောင်းပြန်ဖွင့်တော့မယ်ဆိုတာကို သိလိုက်တော့ သူမ ပြင်ဆင်စရာရှိတာတွေကို ပြင်ဆင်တယ်။ တစ်နေ့ သူမ သင်တန်းတစ်ခုတက်ဖို့ အခွင့်အရေးရခဲ့တယ်။ ကျောင်းချိန်နဲ့သိပ်အဆင်မပြေပေမယ့် သူမ နှစ်ခုစလုံးကို လက်လွှတ်မခံခဲ့ဘူး။ ဟုတ်တယ်…သူမ လောဘကြီးခဲ့တယ်။ တကယ်တော့ ပညာကိုလိုချင်တယ်ဆိုရင် လောဘကြီးရတာ သဘာဝပဲလို့ သူမ ရေရွတ်ခဲ့တယ်။ လောဘကြီးတဲ့စိတ်ကြောင့်ပဲ အဲဒီ့သင်တန်းမှာ သူမ အတွေ့အကြုံသစ်တွေ ရလာခဲ့တယ်။ သူမ တစ်ခါမှ အိမ်မက်မမက်ဖူးတဲ့ အချိန်ကို လက်တွေ့မှာ ဖြတ်သန်းနေရတာပဲ။ သူမ အတိုင်းမသိ ဝမ်းသာပီတိဖြစ်မိတယ်။
          ပျော်ပျော်နေတတ်တဲ့ သူမကို လူတိုင်းက ခင်မင်ကြတယ်။ ရိုးသားပွင့်လင်းမှုကို တန်ဖိုးထားတဲ့ သူမအတွက်ကတော့ အရာရာဟာ ချစ်ဖို့ကောင်းနေခဲ့တယ်။ ဒီသင်တန်းတစ်ခုတည်းရဲ့ ရလာဒ်က သင်တန်းတက်ပြီး ပြီးသွားရောမဟုတ်ဘူး။ သူမအတွက် ရွေးချယ်စရာလမ်းတွေအများကြီး ပေါ်လာခဲ့တယ်။ အစက သူမ မျက်စိပွင့်နေခဲ့တယ်ဆိုပေမယ့် အမြင်မကျယ်ခဲ့ဘူး။ သူမ တစ်ခါမှ မစဉ်းစားဖူးတဲ့ ကိစ္စတွေ၊ တစ်ခါမှ မမျှော်လင့်ဖူးတဲ့ အရာတွေ၊ တစ်ခါမှ စိတ်ကူးမယဉ်ဖူးတဲ့ အတွေ့အကြုံတွေကို ခဏတာလေး တို့ထိခံစားခွင့်ရခဲ့တယ်။ ခဏတာလေးဆိုပေမယ့် တစ်ဘဝစာလုံးအတွက်ကို အရေးပါတယ်ဆိုတာ သူမ သိခဲ့တယ်။
          အဲဒီ့နောက်မှာတော့ ကွန်ပျူတာနဲ့ ပတ်သတ်ပြီး ပညာဒါနပြုနေတဲ့ အဖွဲ့ထဲကို ဝင်ရောက်ခဲ့တယ်။ ဘယ်ကိစ္စကိုမဆို ကူညီနေရရင်ပျော်နေတတ်တဲ့ သူမအတွက်ကတော့ ဒီအဖွဲ့ထဲဝင်တာက မထူးဆန်းခဲ့ဘူး။ သို့သော်လည်း နောက်ပိုင်းမှာ လူငယ်တွေကျင်းပတဲ့ ပညာရေးနဲ့ ပတ်သတ်တဲ့ပွဲတွေ၊ စာပေနဲ့ ပတ်သတ်တဲ့ပွဲတွေ စတဲ့စတဲ့ ပွဲတွေကို တက်ရောက်ခွင့်ခဲ့ရတဲ့ သူမ အတွေ့အကြုံအသစ်တွေနဲ့ ရင်ဆိုင်ခွင့်ရတော့ ထူးဆန်းနေခဲ့တယ်။ အရာရာဟာ သူမအတွက်သီးသန့်များ ပြုလုပ်ပေးနေသလား။ သူမ အရင်က စာအုပ်ဖတ်ရင် အင်္ဂလိပ်စာကို ဦးစားပေးဖတ်ခဲ့ပေမယ့် ဒီနှစ်ထဲမှာတော့ ဗမာစာပေကို ဦးစားပေးလာခဲ့တယ်။ စာအုပ်တွေထဲက ကိုယ့်နိုင်ငံရဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး စတဲ့ ကဏ္ဍတွေကို စိတ်ဝင်တစားဖတ်လာခဲ့တယ်။ သူမ သိလိုက်ရတာတစ်ခုက လူဆိုတာ ကိုယ့်အရည်အသွေးကိုလည်း အချိန်နဲ့ တပြေးညီ မြှင့်တင်နေရမယ် ဆိုတာပဲ။
          အချိန်နဲ့ တပြေးညီသင်ယူမှုတွေ ပြုလုပ်နေချိန်မှာပဲ အဝေးသင်တက္ကသိုလ်ကိုလည်း ဝင်ရောက်ဖြေဆိုခဲ့တဲ့ သူမ တစ်ယောက် စာမေးပွဲပြီးတဲ့အထိ မမောနိုင်မပန်းနိုင်သေးဘဲ ဆက်လက် ခရီးဆက်နေခဲ့တယ်။ ဘက်စုံထူးချွန်ပြည့်စုံတယ် ဆိုတာတော့ မရှိပေမယ့် အတတ်နိုင်ဆုံးတော့ သူမရဲ့ အချိန်တွေကို အကျိုးရှိရှိ အသုံးချနေခဲ့တာ နောက်ဆုံးတော့ ဆောင်းရာသီထဲကို ရောက်မှန်းမသိရောက်သွားခဲ့တယ်။
လုပ်နေကြအလုပ်တွေကိုလည်း လုပ်ရင်း တခြားအသစ်အသစ်တွေကိုလည်း လေ့လာရင်းနဲ့ သူမရဲ့ ဖခင်အတွက် ကြယ်တစ်ပွင့်အနေနဲ့ လင်းလက်နိုင်ခဲ့ပါသေးတယ်။ ဓမ္မပြဇာတ်မှာ ပါဝင်သရုပ်ဆောင်ရမယ်ဆိုတဲ့ သတင်းစကားက သူမကို အကြီးအကျယ်တုန်လှုပ်မှုတော့ မပေးနိုင်ပေမယ့် အကြီးအကျယ် ပျော်ရွှင်မှုကိုတော့ ပေးလိုက်ပါတယ်။ သူမ ငယ်ငယ်ကတော့ ပါဝင်သရုပ်ဆောင်ခဲ့ဖူးပေမယ့် ကလေးသရုပ်ဆောင် နေရာနဲ့ လူကြီးသရုပ်ဆောင်နေရာနဲ့က ကွာဟမှုရှိနေပြီလေ။ ကျောင်းကအပြန် ဘုရားကျောင်းကို အပြေးအလွှားသွားပြီး ပြဇာတ်တိုက်ရတဲ့ အလုပ်ကို သူမ အားရဝမ်းသာစွာနဲ့ လက်ခံခဲ့တယ်။ နောက်တော့ ပြဇာတ်ပြဖို့အချိန်ကျရောက်လာခဲ့ပြီ…
          ဒီဇင်ဘာလရဲ့ အစကတော့ သူမအတွက် ဓမ္မပြဇာတ်နဲ့ လှလှပပဖွင့်လှစ်ခဲ့တယ်။ သူမ ကျရာနေရာကနေ ပီပြင်ပိုင်နိုင်အောင် သရုပ်ဆောင်နိုင်ခဲ့ပေမယ့် ပြီးပြည့်စုံတယ်ဆိုတာတော့ မရှိခဲ့ဘူး။ ကြည့်ရှုအားပေးတဲ့သူတွေစိတ်ထဲမှာ တစ်ခုခုကျန်ခဲ့တယ်ဆိုရင်ပဲ အောင်မြင်တယ်လို့ သူမက ခံယူထားတယ်။ သူမ ကျောင်းပျက်ရက်တွေကလည်း များနေပြီဆိုတော့ စာတွေလည်း အမှီပြန်လိုက်သင်ခဲ့ရတယ်။ ကျောင်းမပိတ်ခင် တစ်ရက်အလိုမှာ သူမ ကို သူငယ်ချင်းတစ်ယောက်က လက်ကမ်းစာစောင်တစ်ခုလာပေးခဲ့တယ်။ အမှုမဲ့ အမှတ်မဲ့နဲ့ပဲ နေလိုက်ပေမယ့် နောက်တစ်နေ့မှာ သူငယ်ချင်းက လိုက်တက်ဖို့တိုက်တွန်းလို့ သူမ သေချာဖတ်ကြည့်လိုက်မိတဲ့ စာစောင်လေးက…
          သူမကို နွံထဲကနေ ကယ်ထုတ်လိုက်နိုင်လိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။ ဒီသင်တန်းကာလက တစ်ပတ်ပဲကြာပါတယ်။ ဒါပေမယ့် သင်တန်းမှာ အိပ်ရမှာဆိုတော့ သူမ အတွက် နည်းနည်း ခက်ခဲနေခဲ့တယ်။ ဒီလိုနဲ့ သူမ အိမ်ကို ခွင့်တောင်းတော့လည်း အိမ်က ကြည်ဖြူစွာနဲ့ သဘောတူခဲ့တယ်။ သူမရဲ့ မျှော်လင့်ချက်အလင်းလေး ပိုမိုလင်းလက်လာခဲ့တယ်။ ဘယ်လိုတွေဖြစ်မယ်ဆိုတာကို သူမ ကြိုမသိခဲ့ပေမယ့် သင်တန်းအတွက် စဉ်းစားရင်း သူမ အိပ်မပျော်တဲ့ ညတွေရှိခဲ့တယ်။ သူမ အတွက် ခွန်အားဖြစ်စေမယ့် သင်တန်းတစ်ခုကို သူမ လက်လွှတ်လိုက်ရတော့မလို ဖြစ်ခဲ့တဲ့အတွက် စိတ်ပူခဲ့ရတာတွေက သင်တန်းတက်ရမယ့် ရက်ရောက်မှာပဲ သူမ စိတ်အေးခဲ့ရတယ်။
          International Youth Fellowship (IYF) ကဖွင့်လှစ်တဲ့ ပထမဆုံးသင်တန်းမှာ သင်တန်းသူ အဖြစ်တက်ရောက်ခဲ့ပြီးတဲ့နောက်မှာလဲ စိတ်ကူးထဲကအတိုင်း နောက်ဆုံးရက်မှာ သူမ ပျော်ရွှင်မှုတွေကို ပွေ့ပိုက်ခွင့်ရခဲ့ပါသေးတယ်။ သူမ သူငယ်ချင်းတွေအများကြီး ရလိုက်တဲ့ အတွက် သူမအတွက် တန်ဖိုးမဖြတ်နိုင်ခဲ့ပါဘူး။ ဒီ့အပြင် "စိတ်ဖွင့်ခြင်း" ဆိုတာဘာကိုဆိုလိုသလဲ သိရှိခွင့်ရတဲ့အပြင် တခြားဗဟုသုတတွေကိုပါ မြည်းစမ်းခွင့်ရခဲ့တဲ့အတွက် ရတနာတွေထဲက ရတနာတစ်ခုကို လက်ဝယ်ရရှိခဲ့သလိုပဲလို့ သူမ ခံယူခဲ့တယ်။ ဒီရတနာက သူမ အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ပါးပါပဲ… သူမ အသက် ၂၂ နှစ်ပြည့်တဲ့ ၂၀၁၂ က သူမအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာတွေ အများကြီး ပေးသွားသလို…သူမ လက်လွှတ်လိုက်ရတဲ့ ရတနာတွေလည်း အများကြီးပါပဲ။
တခြားသူတွေအတွက်တော့ ၂၀၁၂ က ကံကောင်းတဲ့ နှစ်လို့ ပြောကြပေမယ့် တခြားလူတွေကျပြန်တော့ ကံမကောင်းတဲ့နှစ်လို့ သတ်မှတ်ကြမှာပဲလေ။ ကိုယ့်သမိုင်းကိုယ်ရေးခဲ့ကြတာဆိုတော့ နိဂုံးကိုလည်း ကိုယ်ပဲ ရေးရမှာပေါ့။ ဒီနှစ်ထဲက ဖျက်ရာတွေပါနေတဲ့ စာမျက်နှာတွေကို နောက်နှစ်မှာ ဖျက်ရာမပါအောင် ရေးနိုင်ဖို့ ကြိုးစားရမယ့်အပြင် တခြားစာမျက်နှာတွေမှာပါ ဖျက်ရာတွေမပါမိအောင်လို့ လုပ်ရမှာက လူတိုင်းရဲ့ တာဝန်ပါ။ လူဆိုတာ ပြီးပြည့်စုံတယ်လို့ မရှိပါဘူး… ဒါပေမယ့် အတတ်နိုင်ဆုံး အမှားနည်းအောင် လုပ်ရမှာက ကိုယ့်ရဲ့အလုပ်ပါ။
တစ်နှစ်လုံးကို ပြန်လည်သုံးသပ်မယ်ဆိုရင် ပျော်ရွှင်စရာတွေပြည့်နှက်နေတယ်လို့ ခံစားရသလို ဝမ်းနည်းကြေကွဲစရာတွေနဲ့လည်း ပြည့်နှက်နေခဲ့တယ်။ နိဒါန်းလှခဲ့ပေမယ့် စာကိုယ်မှာ မပိုင်ဆိုင်လိုက်ရတဲ့ ရတနာ (အခွင့်အရေး) တွေရှိသလို လက်လွှတ်ဆုံးရှုံးခံလိုက်ရတဲ့ လူတွေလည်း ရှိခဲ့တယ်။ နိဂုံးမှာတော့ တစ်ချို့က လက်တို့ပြောပြီးမှ လမ်းခွဲသွားကြတယ်။ တစ်ချို့က တစ်ဆင့်စကားကနေ လမ်းခွဲသွားကြတယ်။ တစ်ချို့က လူသိရှင်ကြား ကြေငြာပြီးမှ လမ်းခွဲသွားကြတယ်။ တစ်ချို့က အပြီးအပိုင် လမ်းခွဲသွားကြတယ်။ တစ်ချို့က ပြန်လာမယ်ပြောပြီးမှ လမ်းခွဲသွားကြတယ်။
တစ်ချို့ကတော့… အချိန်တန်ရင် သူ့ဟာသူ ပြန်လာလိမ့်မယ်လို့ ပြောပြီး လမ်းခွဲသွားတယ်…
ပြန်စဉ်းစားကြည့်တော့ ဘဝက လှဖို့မလိုပါဘူး…သဘာဝကျဖို့ပဲ လိုတာပါ။

No comments:

Post a Comment