Saturday, November 3, 2012

ချိတ်ဆက်မှုမရှိတော့တဲ့ ငါ

"ချိတ်ဆက်မှုမရှိတော့တဲ့ ငါ"


April 1 2009 တုန်းကအကြမ်းရေးထားတာလေးကို ဟိုတစ်နေ့ကမှ စာအုပ်တွေရှင်းရင်းနဲ့ ပြန်တွေ့တာပါ။ Diary ကိုအခုဘာသာပြန်ပြီး ခြယ်သလိုက်တာပါ။

၂၀၀၉ တုန်းက အမေရိကန်ပြည်ထောင်စုမှာ ပညာတော်သင် နှစ်လသွားတက်ပြီးတဲ့ နောက်မြန်မာနိုင်ငံပြန်လာတော့ အစစအရာရာဟာ အသစ်ကနေ ပြန်စနေရသလို ခံစားရတယ်။ မနက်မိုးလင်းတာနဲ့ ခံစားလိုက်ရတာက အိမ်မက်တစ်ခုကနေ လန့်နိုးလာသလိုပဲ…ဘဝမှာ တကယ်ကို မယုံကြည်နိုင်စရာကောင်းတာတွေနဲ့ ကြုံတွေ့ခဲ့ရတဲ့ နှစ်လတာ ခရီးစဉ်က ငါ့ကို လှည့်စားလိုက်ပြီလေ။ တစ်ချို့ကတော့ ပြောကြပါလိမ့်မယ်…နှစ်လတည်းသွားရတာကို စကားဖောင်ဖွဲ့ပြောနေတယ်လို့။ သူတို့လို (၁)နှစ်နေခဲ့ရတဲ့ သူတွေဆို ဘယ်လိုလုပ်မလဲလို့ မေးကြပါလိမ့်မယ်။ ဒါကတော့ လူတစ်ယောက်နဲ့ တစ်ယောက် မတူညီတဲ့ အချက်တွေပေါ်မှာပဲ မူတည်နေမှာပါ။ 

င့ါကိုငါ ယုံကြည်ထားတာက ယဉ်ကျေးမှုနဲ့ပတ်သတ်ရင် လွယ်ကူစွာပဲ သိလွယ်တတ်လွယ်တယ်။ ပြောရမယ်ဆိုရင် အချိန်ယူပြီး သင်ယူတာမျိုးတွေ ငါ့အတွက်မလိုဘူး။ ဘယ်ယဉ်ကျေးမှုကိုမဆို ငါလေ့လာရလွယ်ကူတယ်။ ဒါကြောင့်ပဲလားတော့ မသိဘူး။ ဟိုကိုရောက်ပြီးတော့ ဟိုကယဉ်ကျေးမှုတွေနဲ့ တော်တော်လေးကို ယဉ်ပါးခဲ့တယ်။ အရာရာ အထူးအဆန်းတွေကြီးပဲ ဆိုပေမယ့် ခဏလေးအတွင်းမှာပဲ အမေရိကန်လူမျိုး တစ်ယောက်လို ဖြစ်သွားခဲ့တဲ့ ငါ့ကိုယ်ငါ အံ့ဩမိတယ်။
အိမ်ကိုလွမ်းတယ်ဆိုတာတော့ ရှိပေမယ့် လွမ်းလို့ ငိုနေတဲ့ မိန်းကလေးတွေထဲမှာတော့ ငါမပါဘူး။ ရည်းစားကိုလွမ်းလို့ ငိုတဲ့သူတွေရှိပေမယ့် တကယ်တမ်းကျတော့ ငါလဲ လွမ်းတတ်ပါတယ်။ ဒါပေမယ့် မျက်ရည်ကျရလောက်အောင်အထိ ငါအားမပျော့ခဲ့ဘူး။ ပြန်ချိန်တန်ရင် အိမ်ပြန်ရမယ်ဆိုတဲ့ အသိတစ်ခုတည်းနဲ့ ကျော်ဖြတ်ခဲ့တဲ့ နာရီတွေ၊ ဆန့်ကျင်ဘက်ဖြစ်နေတဲ့ နေ့တွေညတွေနဲ့၊ နေရာဒေသ၊ ရေမြေသဘာဝ မတူညီတဲ့အနေအထားတွေကလာတဲ့ လူတွေကို သူငယ်ချင်းဖွဲ့ရင်းနဲ့ ငါရှင်သန်ခဲ့တယ်။
ယဉ်ကျေးမှုပေါင်းစုံနဲ့ ရင်ဆိုင်ကြုံတွေ့လိုက်ရတော့ ပထမက ငါနည်းနည်း တုန်လှုပ်သွားခဲ့တယ်။ သူတို့နဲ့ပေါင်းသင်းရတာ အဆင်ပြေပါ့မလားလို့ စိုးရိမ်စိတ်နဲ့ငါ့ကိုငါမေးတဲ့အချိန်တွေ ရှိခဲ့တယ်။ ဒါပေမယ့် အဆင်ပြေသွားမှာပါလို့ တွေးရင်း ခဏတာဘဝကို ဖြတ်သန်းခဲ့တယ်။ ငါက လူချစ်ခင်အောင် နေတတ်တဲ့ သူတစ်ယောက်ဆိုတော့ အဆင်ပြေမှာပါလို့ တွေးရင်းရှေ့ဆက်ခဲ့တယ်။ အစကတည်းက အမေရိကန်လူမျိုးတွေနဲ့ ကျောင်းတက်ရင်း၊ ကစားရင်း ရင်းနှီးခဲ့တဲ့ အရှိန်တွေကြောင့်နဲ့ တူတယ်…ငါ့အတွက်တော့ အခက်အခဲမရှိခဲ့ဘူး။ အားလုံးအဆင်ပြေလားဆိုတော့လဲ အဲလောက်မဟုတ်ပါဘူး။

သူတို့နိုင်ငံရဲ့ ယဉ်ကျေးမှုတစ်ချို့ကိုတော့ ငါတော်တော် ကြိုက်နှစ်သက်မိတယ်။ ဒါပေမယ့် သူတို့ဆီမှာလဲ နေရာဒေသအလိုက် မတူတာတွေတော့ ရှိတယ်။ ငါတို့နိုင်ငံက တိုင်းရင်းသားလူမျိုးပေါင်းစုံပဲ။ တိုင်းရင်းသားတွေ တစ်စုနဲ့ တစ်စု မတူသလိုပေါ့။ အဲဒီ့မှာနေတုန်းခဏ အဲဒါတွေကို လေ့လာရင်းနဲ့ ငါနယ်ကျွံခဲ့တယ်လို့ ဆိုရမယ်။ အမေရိကန်တွေရဲ့ ယဉ်ကျေးမှုတွေနောက် တစ်ကောက်ကောက်လိုက်ရင်းနဲ့ပေါ့။

ဒီကိုပြန်ရောက်တော့ ကွာခြားချက်တွေက ငါ့ကို ပြန်လည်လှုပ်နှိုးခဲ့တယ်။ အိမ်မက်ကနေ နိုးလာပြီးတဲ့ နောက်ပိုင်းမှာ ငါဟာလွဲချော်မှုတွေ တစ်ခုပြီးတစ်ခုနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့တယ်။ မြန်မာ့ လူမှုရေးနယ်ပယ်မှာဆို လုံးဝကို ချိတ်ဆက်မှုကင်းတဲ့ လူတစ်ယောက်ဖြစ်ခဲ့တယ်။ ဒါကလဲ ငါတော်တော် နစ်ဝင်သွားပြီဖြစ်တဲ့ ယဉ်ကျေးမှုရဲ့ လွှမ်းမိုးမှုကြောင့်ပဲ ဆိုတာ ငါသိလိုက်တယ်။ ငါ့ သူငယ်ချင်းတွေနဲ့ ငါအမြင်ချင်းမတူကြတော့ဘူး။ ဒါကြောင့် သူတို့နဲ့စကားပြောဆိုတဲ့အခါ ခက်ခဲလာခဲ့ရတယ်။ ငါ့ရဲ့ ရည်မှန်းချက်အကြောင်းကို ငါ့မိဘတွေနဲ့ ဆွေးနွေးတိုင်ပင်တဲ့အခါ မောပန်းလာခဲ့ရတယ်။ အသိမိတ်ဆွေတွေနဲ့ ဆက်ဆံတဲ့အခါ အလွဲလွဲအချော်ချော် ဖြစ်ခဲ့တယ်။ တကယ်တော့ အမြင်ချင်းမတူကြတဲ့အခါမှာ ပြဿနာတွေ တက်လာကြတာ သဘာဝပါ။ ငါက သူတို့တွေကို နားလည်ပေးနိုင်ပေမယ့်...တစ်ချို့တစ်ချို့သော လူတွေက ငါ့နေရာကို ဝင်မကြည့်ခဲ့ကြတော့ ချိတ်ဆက်မှုတွေ ပြတ်တောက်ကုန်ပြီပေါ့။ 

အဲဒီ့လူတွေနဲ့ ပြန်လည်ချိတ်ဆက်ဖို့ ကြိုးစားရင်း အချိန်တွေကုန်ခဲ့တဲ့…
Jill

No comments:

Post a Comment