Sunday, July 8, 2012

ရှိနေသင့်သေးရဲ့လား.....

"ရှိနေသင့်သေးရဲ့လား....."

မနေ့ညက ၁၁နာရီလောက်မှ အိပ်ဖြစ်တော့ မနက်က နောက်ကျမှ နိုးတယ်။ မနက်ပိုင်း မိုးကလဲ ကောင်းနေတော့ အိပ်ယာထဲမှာပဲ ကွေးနေတာ ၉နာရီကျော်လောက်မှ အမေလာနှိုးလို့ မထချင်ပဲ ထခဲ့ရတယ်။ ညကအိမ်မက်ဆိုးတွေမက်လို့ မနက်မိုးလင်းတာနဲ့ အဲဒီ့အိမ်မက်တွေကို မေ့ပစ်ဖို့အတွက် မိုးလင်းတိုင်းလုပ်နေကြဖြစ်တဲ့ ကျွန်မဖုန်းထဲက ဓာတ်ပုံလေးကိုကြည့်ဖို့ ဖုန်းဖွင့်လိုက်တော့…..
Missed Call နှစ်ခုတွေ့လိုက်ရတယ်။ ကျွန်မသူငယ်ချင်း ည ၁နာရီလောက်က ဆက်ထားတာ။ ကျွန်မစိတ်ထဲထူးဆန်းနေတာနဲ့ပဲ သူ့ဆီကိုဖုန်းပြန်ခေါ်လိုက်တယ်။ အဲဒီ့တော့မှ ကျွန်မသိလိုက်ရတာက ဒီနေ့မနက်မိုးက ကျွန်မ မကြားချင်တဲ့ သတင်းကို ယူဆောင်လာတယ် ဆိုတာပဲ။

“ဒီငြိမ်းလင်းတို့ကို ညကလာခေါ်သွားတယ်”တဲ့။ ကျွန်မအံ့သြသွားတယ်။ ဘယ်စကားကစပြောရမလဲတောင် မသိတော့ဘူး။ ခေါင်းတစ်ခုလုံးလည်း ထူပူသွားတယ်။ ခက်တော့တာပဲ။ ဒါမျိုးက လုံးဝမဖြစ်သင့်ဘူးလေ။ သူငယ်ချင်းက ကျွန်မကိုစိတ်ပူလို့ ညကလှမ်းပြီး ဖုန်းဆက်တာတဲ့။ ကျေးဇူးပါပဲ…သူငယ်ချင်းရယ်
အဲဒီ့စကားကြားပြီးတဲ့နောက် ဘာလုပ်ရမလဲ စဉ်းစားနေတုန်း သူက “စည်သူ့ဆီကို ဖုန်းဆက်လိုက်၊ သူက အဲဒီ့အကြောင်းတွေပိုသိတယ်”တဲ့။ ဒီနေ့ကျင်းပမယ့်ပွဲရှိတာကို ကျွန်မကြားပါတယ်။ ဒါပေမယ့် ပွဲကျင်းပဖို့ကို လုပ်ခွင့်မပေးဘူးလို့ ဟိုတစ်နေ့က သတင်းနားထောင်ရင်း ကြားလိုက်ရတယ်။ ဒါပေမယ့် ကျွန်မသူငယ်ချင်းတွေအကြောင်းကို ကျွန်မသိပါတယ်။ သူတို့က ရဲရင့်တယ်၊ ပြတ်သားတယ်။ နောက်ပြီး လွယ်လွယ်နဲ့ လက်လွှတ်တတ်တဲ့ လူတွေမဟုတ်ဘူးဆိုတာကိုလည်း ကျွန်မယုံကြည်ထားတယ်။

ဖုန်းဝင်သွားတော့ စည်သူနဲ့လဲ ဖုန်းပြောဖြစ်တယ်။ သစ်လွင်နဲ့လဲ ဖုန်းပြောလိုက်ရတယ်။ အဲဒီ့တော့မှ ဘယ်သူတွေပါသွားလဲဆိုတာကို သေသေချာချာ သိလိုက်ရတယ်။ တကယ်ပါပဲ။ လာခေါ်သွားတဲ့လူတွေနဲ့ ခေါ်ဖို့လွှတ်လိုက်တဲ့လူတွေကို ကျွန်မတော်တော် စိတ်ပျက်မိတယ်။ ဘာမဟုတ်တာလေးကို အကြောင်းပြပြီး ခေါ်သွားကြတယ်။

ဒီသတင်းကြားပြီးတဲ့နောက် ကျွန်မရင်ထဲက မေးခွန်းလေးတစ်ခု ထွက်ကျလာတယ်…..

“ကျွန်မတို့ရဲ့ လွတ်လပ်တယ်ဆိုတဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းနေတဲ့ နိုင်ငံမှာဒါမျိုးတွေ ရှိနေသင့်သေးရဲ့လား”

(7/7/2012)
နရီ

No comments:

Post a Comment