Wednesday, June 20, 2012

စိတ်ကူးအိမ်မက်တွေအတွက် ကြိုးစားနေသူ


 "စိတ်ကူးအိမ်မက်တွေအတွက် ကြိုးစားနေသူ"

Janus Arony said "In dreams and in love there are no impossibilities!"


ဒီစာသားလေကို ကျွန်မနားလည်သလို ဘာသာပြန်ကြည့်တော့ "စိတ်ကူးအိမ်မက်တွေနဲ့ အချစ်တွေမှာ မဖြစ်နိုင်တာမရှိပါဘူး။" လို့အဖြေထွက်လာတယ်။ တစ်ခြားသူတွေက ဘယ်လိုယူဆလဲတော့ မသိပေမယ့် ကျွန်မရဲ့ အမြင်လေးနဲ့ ပတ်သတ်ပြီး အနည်းငယ်ပြောပြချင်ပါတယ်။


လူတွေအားလုံး အိမ်မက်မက်ကြပါတယ်။ အိမ်မက်တစ်ခါမှ မမက်ဖူးဘူးဆိုတဲ့ လူကလိမ်နေတာပါ။ သူ့ဘဝမှာ အိပ်နေတုန်း မမက်ရင်တောင်မှ နိုးနေတဲ့အချိန်မှာတော့ မက်မိမှာပါပဲ။ အိမ်မက်မှာ နှစ်မျိုးပဲရှိပါတယ်။ အိပ်ပျော်နေတုန်းမက်တဲ့ အိမ်မက်ရယ်၊ စိတ်ကူးယဉ်ပြီးမက်တဲ့ အိမ်မက်ရယ်ပေါ့။ တစ်ချို့ကတော့ စိတ်ကူးအိမ်မက်တွေကို လေထဲမှာ အိမ်ဆောက်နေကြတာလို့ ပြောကြပါတယ်။ ဘယ်သူတွေက ဘယ်လိုပဲပြောပြော၊ ဘယ်သူတွေက ဘယ်လိုပဲဝေဖန်ကြပါစေ "လူတိုင်းလူတိုင်းမှာတော့ စိတ်ကူးအိမ်မက်တွေ ရှိနေမြဲပါပဲ။" 


တစ်ချို့ကလည်း စိတ်ကူးအိမ်မက်ဆိုတာ ရည်မှန်းချက်လို့ ပြောကြပါတယ်။ ဒါကလည်း တစ်ချို့လူတွေအတွက် ပြောလို့တော့ရပါတယ်။ ဒါပေမယ့် တစ်ချို့က ကိုယ်ရည်မှန်းထားတာလဲရှိတယ်။ နောက်ပြီး စိတ်ကူးအိမ်မက်တွေလဲ ရှိနေပါသေးတယ်။ ဒါပေမယ့် အားလုံးက ကိစ္စတစ်ခုခုကို လုပ်တော့မယ်ဆိုရင် အရင်ဆုံးတော့ စဉ်းစား၊တွေးတောကြရ၊ စိတ်ကူးနဲ့ ပုံဖော်ကြရတာပဲလေ။ နောက်မှသာ လက်တွေ့လုပ်ဆောင်ကြတာပါ။ ဒီတော့ စိတ်ကူးအိမ်မက်ဆိုတာ လူတိုင်းမှာရှိတဲ့အရာတစ်ခုပဲ။ ကိုယ်မပြောပြဘဲ  ကိုယ့်စိတ်ကူးထဲကအတွေးတွေကို ဘယ်သူကမှ မသိနိုင်ပါဘူး။ မသိနိုင်သလို "ဘယ်သူကမှလည်း တားဆီးပိတ်ပင်လို့မရနိုင်ပါဘူး။"


စိတ်ကူးအိမ်မက်တွေဆိုတာ အသက်အပိုင်းအခြားအလိုက် ဖြစ်ပေါ်လာတဲ့ အရာတွေပါ။ အဲဒါတွေက ဦးနှောက်ရဲ့ ဖွံ့ဖြိုးမှုအောက်မှာ မူတည်နေသလို စိတ်ခံစားချက်တွေအပေါ်မှာလည်း မူတည်နေပါတယ်။ လူတစ်ယောက်စီမှာ စိတ်ကူးအိမ်မက်ပေါင်း ရာနဲ့ထောင်နဲ့ ချီပြီးရှိနေနိုင်ပါတယ်။ စာဖတ်ပရိသတ်ကို ကျွန်မမေးချင်တာလေးက "စိတ်ကူးဥာဏ်ရွှင်လာတဲ့ အရွယ်ကစပြီး အခုအချိန်အထိ ကိုယ့်စိတ်ကူးအိမ်မက်တွေထဲက ဘယ်နှစ်ခုလောက် လက်တွေ့အကောင်အထည်ဖော်ပြီးကြပြီလဲ။ ဘယ်နှစ်ခုလောက်ကတော့ အောင်မြင်မယ့် လမ်းကြောင်းပေါ်မှာ ရောက်နေပြီလဲ။ နောက်ပြီးဘယ်နှစ်ခုကိုတော့ လက်လွှတ်လိုက်ရပြီးပြီလဲ။" ဒါတွေကို စဉ်းစားမိ၊တွေးတောမိကြရဲ့လား။


ကိုယ့်စိတ်ကူးအိမ်မက်တွေက တစ်ခါတစ်လေ သူများတွေကို ထိခိုက်မှုတွေဖြစ်စေနိုင်တယ်။ တစ်ခြားသူတွေအတွက် အဆိပ်အတောက်လည်း ဖြစ်စေနိုင်ပါတယ်။ အဲဒီ့အခါ ဘယ်လိုလုပ်ကြမလဲ။ ကိုယ့်စိတ်ကူးအိမ်မက်တွေကို ဒီအတိုင်းသိမ်းထားလိုက်တော့မှာလား။ ဘယ်သူ့မှ မသိအောင် ဝှက်ထားလိုက်တော့မှာလား။ "ဒါမှမဟုတ် စိတ်ကူးအိမ်မက်တွေကို စာအုပ်ထဲမှာပဲ ချရေးထားလိုက်တော့မှာလား။"


တကယ်တော့ စိတ်ကူးအိမ်မက်ဆိုတာ ကိုယ်တိုင်အကောင်အထည်ဖော်ရမယ့် အရာတွေပါ။ ဒါပေမယ့် ကိုယ့်အိမ်မက်တွေက တစ်ခြားသူတွေကို ထိခိုက်နိုင်မှုရှိလား။ တစ်ခြားသူတွေကို နစ်နာမှုတွေပေးမှာလား ဆိုတာကိုတော့ အကောင်အထည်မဖော်ခင် ကြိုပြီးတွေးထားသင့်ပါတယ်။ ကိုယ့်ဘက်ကလည်း ကိုယ့်စိတ်ကူးတွေကို အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ထားမယ်။ နောက်ပြီး တစ်ခြားသူတွေကိုလည်း မထိခိုက်စေဘူးလို့ သေချာသုံးသပ်ပြီးသွားပြီဆိုရင်တော့ အိမ်မက်တွေကို လက်တွေ့ဘဝထဲကို ဖိတ်ခေါ်လိုက်ပါ။ "ကိုယ်ကလိုလိုလားလားနဲ့ ဖိတ်ခေါ်လိုက်ရင်တော့ စိတ်ကူးအိမ်မက်တွေဟာလည်း ပျော်ပျော်ပါးပါးနဲ့ ကိုယ့်ဘဝထဲကို ဝင်ရောက်လာမှာပါ။" မကြိုးစားကြည့်သေးဘဲနဲ့ မဖြစ်နိုင်ဘူးလို့တော့ ပြောလို့မရပါဘူး။


ပထမတစ်ခေါက်မှာ မအောင်မြင်ရင် နောက်တစ်ခေါက်လောက်ထပ်ပြီး ကြိုးစားကြည့်ပါ။ အကယ်၍ နောက်တစ်ခါကြိုးစားလို့ မအောင်မြင်ရင်လည်း ပြဿနာတော့မရှိပါဘူး။ နောက်တစ်ခါ ကြိုးစားဖို့ အခွင့်အရေးရှိပါသေးတယ်။ "အဓိကက  ကိုယ့်ရဲ့စိတ်ကူးအိမ်မက်ပါ။" ကိုယ့်ရဲ့စိတ်ကူးအိမ်မက်ကို မပျောက်အောင်သာ ထိန်းသိမ်းထားပါ။ တစ်နေ့နေ့တော့ အကောင်အထည်ဖော်ဖို့အတွက် အချိန်ကျရောက်လာမှာပါ။ အဲဒီ့အခါ ကိုယ်ပြင်ဆင်ထားတဲ့ အချိန်နဲ့ အသင့်တော်ဆုံးဖြစ်သွားပါလိမ့်မယ်။ "ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိပြီး ကိုယ့်စိတ်ကူးအိမ်မက်တွေကို တန်ဖိုးထားလုပ်ဆောင်မယ်ဆိုရင် ဘယ်နေရာမှာမဆို မအောင်မြင်ဘူးဆိုတာ မဖြစ်နိုင်ပါဘူး။"


အဲဒီ့လိုပါပဲ တစ်စုံတစ်ယောက်ကို ချစ်မိပြီဆိုရင် သူနဲ့ကိုယ်နဲ့ဖြစ်နိုင်ပါ့မလား ဆိုပြီးမတွေးမိပါနဲ့။ ဘာဖြစ်လို့လဲဆို အချစ်မှာမဖြစ်နိုင်တာမရှိပါဘူး။ "သို့သော်လည်း မချစ်နိုင်တာတော့ ရှိပါတယ်။"


ကျွန်မလည်း အခုအချိန်အထိ ကျွန်မရဲ့ စိတ်ကူးအိမ်မက်တွေကို အကောင်အထည်ဖော်ဖို့ ကြိုးစားနေတဲ့သူတစ်ယောက်ပါ။


နရီမင်းခင်

No comments:

Post a Comment