Saturday, November 3, 2012

သတိရမိတော့လည်း

"သတိရမိတော့လည်း"

ဒီနေ့ညနေမှာ ကျွန်မတို့အိမ်ကို မလေးရှားက အမျိုးတွေအလည်လာတယ်။ အန်ကယ်နဲ့ အန်တီ နှစ်ယောက်တည်းပါ။ အောက်ထပ်ကနေ တက်မလာခင်မှာပဲ အန်တီက ကျွန်မကိုမေးတယ်။ “ဟိုဟာဘာဆိုင်လဲ” တဲ့။ ကျွန်မတို့ တိုက်အောက်ဆုံးထပ်မှာ အပ်ချုပ်ဆိုင်ရှိတယ်လေ။ အဲဒီ့ဆိုင်က ညဆိုပိတ်သွားပြီဆိုတော့ မှန်ဘီဒိုထဲက ပိတ်စတွေပဲ မြင်ရတော့တာပေါ့။

အဲဒီ့အချိန်မှာပဲ ကျွန်မစကားလုံးရှာမရဖြစ်သွားတယ်။ အပ်ချုပ်ဆိုင်ဆိုတာကို သိနေပါလျက်နဲ့ ပါးစပ်က အင်္ဂလိပ်စာလုံးကို ရှာမရဖြစ်နေတယ်။ ဘယ်လိုပြောရမလဲ မသိဘူးဆိုပြီး စဉ်းစားနေတုန်းမှာပဲ အန်ကယ်က “သမီးက အင်္ဂလိပ်စာကောင်းပါတယ်” လို့ရယ်ရယ်မောမောနဲ့ အားပေးတယ်။ သူအားပေးလည်း ကျွန်မတွေးမရဖြစ်နေတုန်း…
ခဏကြာတော့မှ စကားလုံးရှာတွေ့သွားလို့ အန်တီ့ကိုအဖြေပေးလိုက်နိုင်တယ်။ ကံကောင်းပါစ။ အန်တီကတော့ သူမလိုချင်တာသိရလို့ ပျော်နေပေမယ့် ကျွန်မကတော့ ကိုယ့်ကိုကိုယ် အားမရဖြစ်နေခဲ့တယ်။ သိရက်သားနဲ့ ပါးစပ်ကထွက်မလာတဲ့ အဖြစ်ကိုပဲ စိတ်ခုနေတယ်။ အဲဒီ့စိတ်ကြောင့်ပဲလားမသိဘူး…

ကျွန်မတစ်ယောက်တည်း ကျန်ခဲ့တဲ့ (၅) လတုန်းကအချိန် ဇွန်လ (၁) ရက်နေ့ကို ပြန်ရောက်သွားခဲ့တယ်။ အဲဒီ့နေ့က သူနဲ့ကျွန်မ နှစ်ယောက်တည်း တွေ့ဖြစ်တဲ့နေ့တွေထဲက ထူးထူးခြားခြားတစ်ရက်ပေါ့။ အအေးဆိုင်မှာ နှစ်ယောက်သား စကားဖောင်ဖွဲ့ပြောနေကြတာ။ ဟိုအကြောင်းရောက်လိုက်၊ ဒီအကြောင်းရောက်လိုက်နဲ့ပေါ့။
မင်းသားတွေအကြောင်း ပြောနေကြရင်းနဲ့မှပဲ ရုပ်ရှင်အကြောင်းတွေဘက် ရောက်သွားတယ်။ ကျွန်မက “Bruce Willis ကိုအရမ်းကြိုက်တယ်” လို့ ပြောတော့ သူက “Die Hard မင်းသားမဟုတ်လား” တဲ့။ “အင်း…ဟုတ်တယ်လေ” လို့ပြောလိုက်တော့ သူက “Die Hard ဆိုတာဘာပြောတာလဲ သိလို့လား” တဲ့။

ဒုက္ခတော့ရောက်ပြီ… အဲဒီ့စကားလုံးက ဘာကိုဆိုလိုမှန်း တကယ်ကို မသိတာ။ သူ့ကို ရှက်ရှက်နဲ့ရယ်ပြနေတုန်းမှာပဲ သူက “ဒီလောက် အင်္ဂလိပ်လို ပြောနေသိနေပြီးတော့ ဒါလေးတောင် မသိဘူးလား” ဆိုပြီး ကျွန်မကို အပြစ်ပြောတယ်။ နောက်တော့ သူကဆက်ပြီး “Die Hard ဆိုတာ Idiom အနေနဲ့သုံးထားတာ၊ ခေါင်းမာတာကိုပြောတာ၊ မသိဘူးလား မင်းသာက အဲဒီ့ရုပ်ရှင်ထဲမှာ ဘယ်လောက်ခေါင်းမာလဲဆိုတာ” တဲ့။

သြော်……… အဲဒီ့တော့မှပဲ သိတော့တယ်။ အဲဒီ့နေ့က ဘာရယ်မဟုတ် “Die Hard” ရုပ်ရှင်က အမှတ်တရ တစ်ခုအနေနဲ့ ကျန်နေခဲ့တယ်။ ကျွန်မမှာ လေ့လာစရာတွေ အများကြီးရှိသေးပါလား ဆိုတာကို အဲ့လိုကိစ္စသေးသေးလေးတွေက အမြဲတမ်း သတိပေးနေလို့သာပဲ။ ဒီနေ့လည်း တိုက်ဆိုင်မှုတစ်ခု ရှိလိုက်လို့နဲ့တူတယ်…ဇွန်လအထိကိုပြန်ပြီး သတိရနေမိတယ်း(

No comments:

Post a Comment