Friday, January 10, 2014

အတိတ်...

"အတိတ်..."
အပိုင်း (၁)
မြေကြီးအနီရောင်တွေနဲ့ ပြည့်နှက်နေတဲ့ နေရာတစ်ခု။ အိမ် (၃)လုံးက အစီအရီ။ သဲဖြူဖြူနဲ့ ဘော်လုံးကွင်းက ကလေးတွေကို လက်တို့ခေါ်နေသည်။ နေရောင်ကို ဟိုတစ်ကွက် ဒီတစ်ကွက် ဖြာကျအောင်သာ အလင်းဓာတ်ပေးသော ကုက္ကိုပင်ကြီး (၄) ပင်က အိမ် (၃) လုံးရဲ့ မျက်နှာချင်းဆိုင်မှာ။ အဲဒီ့အပင်ကြီးတွေရဲ့ နောက်ကျောမှာက မြေနီလမ်းကျယ်ကြီးတစ်ခု။ မြေနီလမ်းရဲ့ ဟိုဘက်တစ်ဖက်မှာက အစီအရီစိုက်ပျိုးထားတဲ့ စိန်ပန်းနီပင်တွေ။ အဲဒီ့ရဲ့အခြားတစ်ဖက်မှာကတော့ မြင့်မားတဲ့ ကျောက်သားနံရံထုကြီးတစ်ခုက မြေနီလမ်းနှင့်အပြိုင်။ အိမ် (၃) လုံးရဲ့ ဘယ်ဘက်အစွန်မှာတော့ ခြံစည်းရိုးတွေ ပြိုပျက်နေတဲ့ ကျောင်းတစ်ကျောင်း။ အိမ် (၃) လုံးရဲ့ ညာဘက်မျက်စောင်းထိုးမှာတော့ အိမ်အိုကြီးတစ်လုံးက မြေနီလမ်းကို မျက်နှာမူလျက် ငုတ်တုတ်ထိုင်နေသည်။ တည့်တည့်လာနေတဲ့ မြေနီလမ်းက အိမ်အိုကြီးကို ဝင်မတိုက်မိခင်မှာပဲ ညာဘက်တစ်လမ်း၊ ဘယ်ဘက်တစ်လမ်း ခွဲထွက်သွားသည်။

အပိုင်း (၂)
အချိန်ကာလတွေ တဖြည်းဖြည်းနဲ့ ပြောင်းလဲလာတော့…
အိမ် (၃) လုံးရဲ့ ပတ်ဝန်းကျင်က စိုပြေလာသည်။ ဘော်လုံးကွင်းထဲက သဲဖြူဖြူတွေပေါ်မှာက ကလေးတွေနဲ့ ပြည့်နှက်နေပြီ။ သစ္စာရှိရှိနဲ့ လောင်းရိပ်ပေးတဲ့ ကုက္ကိုပင်တစ်ပင်အောက်မှာတော့ ကလေးတွေစီးဖို့ ဒါန်းတစ်ခု။ မြေနီလမ်းကျယ်ကြီးပေါ်မှာတော့ စက်ဘီး အကြီး၊ အသေးတွေရဲ့ ဘီးရာတွေနဲ့ ပြည့်နှက်လို့။ အလေ့ကျပေါက်တာမဟုတ်သော စိန်ပန်းပင်တွေက ကလေးတွေအတွက် ပျော်စရာနေရာတစ်ခု။ တစ်ဖက်က မြင့်မားတဲ့ ကျောက်သားနံရံကြီးကတော့ အခုထိရှိနေဆဲ။ တစ်ချို့နေရာတွေမှာ ရေညှိတွေတက်လို့။ နံရံကြီးရဲ့အပေါ်ဆုံးမှာက သံဆူးကြိုးတွေနဲ့ ထပ်ပြီး ကာရံထားသေး။ ကလေးတွေက တော်ရုံအဲဒီ့ဘက် မျက်နှာမမူရဲကြ။ ခြံစည်းရိုးတွေ သားနားသွားပြီဖြစ်တဲ့ ကျောင်းကတော့ အားလုံးထက် မာန်တက်နေသည်။ အိမ်အိုကြီးကတော့ ဘယ်သူ့ကိုမှ မမှုတဲ့အကြည့်တွေနဲ့ လူကြီးတစ်ယောက်ရဲ့ အိမ်ဖြစ်လို့နေပြီ။ မြေနီလမ်းပေါ် တော်ရုံကားမသွား။ လမ်းလျှောက်သူနဲ့ စက်ဘီးစီးသူများဖြင့် မြေနီလမ်းကို အလှဆင်ထားသည်။

အပိုင်း (၃)
အိမ် (၃) လုံးထဲမှာက ဘယ်ဘက်အစွန်ဆုံးတစ်လုံးမှာ (၁)နှစ်အရွယ်သာရှိသေးသော မိန်းကလေးတစ်ယောက်။ သူမနာမည်က ကြည်ပြာ။ အလည်အိမ်မှာက (၃) နှစ်ကျော်ကျော်သာ ရှိသေးသောယောက်ျားလေး။ သူ့နာမည်ကထွန်းလင်း။ နောက်ဆုံးအိမ်မှာက မွေးကာစ ကလေးတစ်ယောက်။ နာမည်တောင်မပေးရသေး။ ဘော်လုံးကွင်းထဲ ပြည့်နှက်နေတာတွေက ဟိုဘက်အိမ်တန်းတွေဆီက ကလေးတွေ။ တစ်နေ့နေ့လည်ခင်း ကြည်ပြာ၏ အမေ နေမကောင်းဖြစ်သည်။ သူမက သူမ၏ အမေဘေးတွင် ထိုင်လျက် သူမ အမေလုပ်သမျှတွေကို သေချာထိုင်ကြည့်နေသည်။ သူမ၏အမေက အဖျားတိုင်းတဲ့ သာမိုမီတာကို ပါးစပ်ထဲထည့်ပြီး အဖျားတိုင်းသည်။ ထို့နောက် သူမ၏ အမေက ပြဒါးတိုင်ကို ခဏဘေးချပြီး ဆေးသောက်ရန် ပြင်ဆင်နေချိန်တွင် သူမက သူမ၏အမေလုပ်သည့်အတိုင်း ပြဒါးတိုင်ကို ပါးစပ်ထဲသို့ ထည့်လိုက်သည်။ ထို့နောက်တွင်တော့ သူမက စားရမည့် မုန့်အထင်နှင့် ပြဒါးတိုင်ကို အားပါးတရ ကိုက်ချလိုက်သည်။ သူမ၏ အမေ ခေါင်းနပန်း ကြီးသွားသည်။ ကြည်ပြာ၏ပါးစပ်ထဲမှ ပြဒါးများနှင့် ဖန်ကွဲစများကို လက်နှင့်ကလော်ထုတ်သည်။ ကြည်ပြာကို့လည်း ထွေးထုတ်စမ်း ထွေးထုတ်စမ်း ဆိုပြီး ပါးစပ်မှ တဖွဖွအော်နေရသည်။ နောက်ဆုံးတော့ ကြည်ပြာ၏ပါးစပ်ထဲမှ အရာများ ရှင်းသွားသည်။ သို့သော် ကြည်ပြာက အငိုမတိတ်တော့… ဒီလိုနှင့် တစ်အိမ်လုံး ကြောက်ကြောက်နှင့် သိရီစန္ဒာဆေးခန်းသို့ ပြေးကြရသည်။

အချိန်ကာလတွေ တရွေ့ရွေ့နဲ့ ကုန်ဆုံးလာတော့…

အပိုင်း (၄)
သံနဲ့သံချင်း ထိခိုက်ပြီး ထွက်လာသော အသံလာရာဆီသို့ ကြည်ပြာလှမ်းကြည့်လိုက်သည်။ ကြည်ပြာ့၏ မျက်စိထဲသို့ ပိတ်စအဖြူခြုံထားသော လူတစ်ယောက် ဝင်လာသည်။ အဲဒီ့လူ၏ ခြေထောက်မှာတော့ သံကွင်းကြီးနှစ်ကွင်း။ ကြည်ပြာက အဲ့လူကြီးကို တွေ့သည်နှင့် လန့်ပြီး သူမအဖိုးဆီပြေးသည်။ သူမက အဖိုး၊ အဖွား၊ အဒေါ်တွေနှင့်အတူနေသည်။ သူမ၏မိဘများကတော့ အလုပ်နှင့်မို့ သူမကို သိပ်ဂရုမစိုက်အားကြ။ အဖိုးအနားကပ်သွားသော ကြည်ပြာကို သံကွင်းနှင့်လူကြီးက ကြင်နာယုယစွာကြည့်နေသည်။ အဖိုး၏ အသံထွက်လာသည်။ “မောင်ဝင်း… နောက်ဖေးမှာ စန်းစန်းရှိတယ်။ ငါ့သမီးကို ရေတွေကူဖြည့်ပေးလိုက်ပါဦး။” “ဟုတ်ကဲ့ပါခင်ဗျာ။” ဟုပြောလျက် အိမ်နောက်ဖေးသို့ ထွက်သွားသည်။ ကြည်ပြာက အဲဒီ့လူကြီးကို တွေ့တော့ ထူးထူးဆန်းဆန်းဖြစ်သွားသေည်။ သူမ ကြောက်သည်။ သံခြေကျင်းကိုကြောက်သည်လော။ လူကိုကြောက်သည်လေ… သူမ မသိ။ သို့သော် ကြောက်တာတော့ သေချာသည်။

အပိုင်း (၅)
ကြည်ပြာတို့အိမ်ရှေ့က မြေနီလမ်းပေါ် ကြည်ပြာက သူမ၏စက်ဘီး ကလေးကိုတင်သည်။ ထို့နောက် သုံးဘီးစက်ဘီးလေးနှင့် အနီးအနား ပတ်ဝန်းကျင်ကို စီးနင်းသည်။ သူမက အခုဆို အသက် (၂) နှစ်ကျော်ပြီ။ တစ်နေ့နှစ်ခေါက်၊ သုံးခေါက်လောက် လာကူညီသော ပိတ်စအဖြူခြုံသည့် လူကြီးများ တစ်နေ့တစ်ယောက်မတူ၊ တူသည်က အားလုံးကို သံခြေကျင်းကြီးများဖြင့် လမ်းလျှောက်ခိုင်းခြင်း။ ကြည်ပြာက အခုတော့ အရင်ကလို အကြောက်တရားသိပ်မရှိတော့။ ဘာဖြစ်လို့ဆို သူမ စားချင်သော မာလကာသီးများကို အဲဒီ့လူကြီးများက ခူးဆွတ်ပေးသည်။ သူမ ရေချိုးဖို့အတွက် ရေဖြည့်ပေးသည်။ သူမကို ဒါန်းလွှဲပေးသည်။ သူမ လိုအပ်ချက်မှန်သမျှကို ဖြည့်ပေးသောကြောင့် သူမ အဲဒီ့လူကြီးများကို ခင်လာသည်။ တစ်နေ့တော့… သူမက သူမ၏အဒေါ်ကို မေးသည်။ “စန်းစန်း… ဘာလို့ သူတို့ကို ခြေကျင်းကြီးတွေ ဝတ်ထားပေးတာလဲ” ကလေး၏အမေးကို အဒေါ်ဖြစ်သူက စိတ်ရှည်စွာပြန်ဖြေသည်။ ဒါကို ကြည်ပြာက သေချာဂရုတစိုက် နားထောင်သည်။ ထို့နောက် နားလည်သလိုလို နားမလည်သလိုလို အကြည့်များဖြင့် သူမ၏ အဒေါ်ကိုကြည့်ပြီး… “အကျဉ်းသားတွေဆိုတော့ သူတို့က လူဆိုးတွေပေါ့နော်၊ ဒါဆို ကြောက်စရာကြီးပဲ စန်းစန်းရ” ဟု သူမက ပြောသည်။ “ကြည်ပြာ အသက်ကြီးလာမှ ပိုပြီးနားလည်လာလိမ့်မယ်။ အခုနေတော့ သေချာသိဦးမှာ မဟုတ်သေးပါဘူး။ သမီးက အခုမှ ကလေးပဲ ရှိသေးတာကိုး။” ကြည်ပြာ ဒါန်းမှာတစ်ယောက်တည်း ထိုင်ပြီး အတွေးခန်းဖွင့်သည်။ ‘‘‘လူဆိုးတွေမို့လို့ ဒီလိုမျိုး ထွက်ပြေးလို့မရအောင် လုပ်ထားတာနေမှာပေါ့။ စန်းစန်းက သေချာလည်း မပြောပြဘူး။ ဟွန်း…’’’ သူမက သူမ၏အဒေါ်ကို သိပ်မကျေနပ်။

အပိုင်း (၆)
သူမက ဒီဝန်းထဲမှာ နေရတာကို နှစ်သက်သည်။ သူမ၏ အဒေါ်၊ အဖွား၊ အဖိုးတို့နှင့် အတူနေရသည်ကို သူမကြိုက်သည်။ သို့သော် တစ်ရက်တော့ သူမ၏ အမေနှင့်အဖေတို့ သူမကို ဟိုဘက်အိမ်ပြန်ခေါ်ရန် ကိစ္စနှင့် ရန်ဖြစ်ကြသည်။ အိမ်ပေါ်မှာ စကားများပြီး ဆင်းလာသော အဖေ၏လက်ထဲသို့ ကြည်ပြာ ပါလာသည်။ ထို့နောက် ဘော်လုံးကွင်း၏ သဲပူပူပေါ် ထိုင်ပြီး သူမ ပုံတွေလျှောက်ဆွဲနေလေသည်။ သူမ၏ အဖေက သူမနှင့် မလှမ်းမကမ်းတွင် မတ်တပ်ရပ်ပြီး အိမ်ဘက်ကို ကြည့်နေသည်။ ထိုအချိန်… ကြည်ပြာတို့အိမ်တွင် မွေးထားသော ခွေးနှင့် တခြားခွေးတစ်ကောင်တို့ တစ်ကောင်နှင့် တစ်ကောင် ကိုက်လျက် ကြည်ပြာ့ အနားသို့ ရောက်လာကြသည်။ လျှပ်တပြတ်အတွင်းမှာပင် သူမနှင့် ခွေးနှစ်ကောင် လုံးထွေးသွားသည်။ အိမ်ပေါ်မှာလည်း တစ်အိမ်လုံးနီးပါး ပြေးဆင်းလာကြသည်။ ဖုန်တွေအကြား… ခွေးနှစ်ကောင်အကြား… ကြည်ပြာပျောက်နေသည်။ ဖြစ်ပျက်မှုတွေက မြန်ဆန်လွန်းသည်။ ကြည်ပြာ၏ ဘယ်ဘက်လက်မောင်းအောက်နားမှာ သွေးတွေယိုစီး ကျလာသည်။ သူမ၏အဖေက သူမကို ကောက်ချီလိုက်သည်။ သို့သော် ခွေးတစ်ကောင်ကတော့ သူမကို ကိုက်ပြီးနှင့်လေပြီ။ သူမက အော်ကြီးဟစ်ကျယ် အော်ကိုနေလေပြီ။ သူမကို အားလုံးက ဝိုင်းကြည့်နေကြသည်။ သူမက ဘာကိုမှမသိတော့... အဖေနှင့်အမေတို့ ရန်ထပ်ဖြစ်ကြသည်။ ထို့နောက် သီရိစန္ဒာဆေးခန်းသို့ ပြေးကြလေသည်။ အင်းစိန်ထောင်နှင့် ဆေးခန်းက သိပ်မဝေးလှ။ ကြည်ပြာတို့ အိမ်က နေမကောင်းဖြစ်လျှင် အဲဒီ့ဆေးခန်းသို့သာ ပြေးကြသည်။ ဟိုရောက်တော့ သူမကို ဆေးထိုးပေးသည်။ သောက်ဆေးများပေးသည်။ သူမက ဆေးထိုးခြင်းကြောင့် ငိုနေသည်လော… သို့မဟုတ် ဒဏ်ရာကပဲ နာနေသေးသည်လော မသိ။ ငိုခြင်းကိုတော့ မရပ်သေး။

အပိုင်း (၇)
ဘယ်တော့မှ မပျောက်တော့သော အမာရွတ်က ကြည်ပြာ၏ ဘယ်ဘက်လက်မောင်းမှာ ကျန်ရှိနေသေးသည်။ သူမက အခုဆို အင်းစိန်ထောင်ထဲမှာ လည်လည်ဝယ်ဝယ် သွားလာတတ်နေပြီ။ လိုင်းတန်းက အိမ်တွေနှင့်လည်း ရင်းနှီးနေလေပြီ။ ဟိုအိမ်သွားကစားလိုက်၊ ဒီအိမ်သွားကစားလိုက်နှင့် အဆင်ပြေနေသည်။ တစ်ခါတစ်လေ သူမ၏ တစ်ဝမ်းကွဲအစ်ကိုတွေနှင့် လျှောက်လိုက်တတ်သည်။ တစ်ရက်တော့ သူမတို့ မောင်နှမတစ်စု ထောင်နံရံအနားက အုတ်ရေကန်ဆီ သွားကစားကြသည်။ သူမနှင့် ရွယ်တူ သူငယ်ချင်းမ တစ်ယောက်လည်း ပါသည်။ ကျန်သောသူတွေကတော့ သူမတို့နှစ်ယောက်ထက် အကြီးများဖြစ်သည်။ ဟိုကြည့်ဒီကြည့်၊ ကစားလိုက် နောက်လိုက်ပြောင်လိုက်နဲ့ နောက်ဆုံးတော့ အုတ်ရေကန်နံဘေးရှိ အပုံလိုက်ဖြစ်နေသော အရာတစ်ခုကို ကြည်ပြာတက်နင်းမိလေသည်။ ပျော့အိအိ အရာတစ်ခုကို နင်းမိသောကြောင့် ကြည်ပြာက မြွေအထင်နှင့် ထအော်သည်။ အားလုံးဝိုင်းအုံကြည့်ကြသည်။ မြွေတစ်ကောင်တော့မဟုတ်၊ မြွေတစ်ကောင်ချန်ထားရစ်ခဲ့သော အရေခွံသာဖြစ်သည်။ ကြည်ပြာ အစ်ကိုကြီးက အဲ့ဒါကို အိမ်ယူသွားမည်ဟုလုပ်သည်။ သူမက ကန့်ကွက်သည်။ သူမငယ်ငယ်က မြွေအရမ်းကြောက်သည်။ ဖားဆိုလျှင်တော့ ရွံလို့ လှည့်တောင်မကြည့်။ ကင်းလိပ်ချောတို့ တောက်တဲ့တို့၊ လင်းနို့တို့လို့ နာမည်ကြားတာနဲ့ ရှိတဲ့လူဆီပြေးကပ်သည်။ ဒါကို သူမ၏အစ်ကိုတွေက သိလို့ သူမကိုပိုစသည်။ အခုလည်း မြွေအရေခွံကြီးကို သူမ၏အစ်ကိုက ကိုင်လျက် သူမနောက်သို့ ပြေးလိုက်တို့သည်။ သူမက အိမ်ကိုပြန်ပြေးသည်။ အိမ်ရောက်တော့ သူမက အဒေါ့်ကိုတိုင်သည်။ သူမကြောင့် သူမအစ်ကိုတွေ အဆူခံရသည်။

အပိုင်း (၈)
အခုဆို သူမက ဟိုဘက် (ခ-၇)လမ်းထဲက အဖေတို့အိမ်သို့ ညနေစောင်းလျှင် ပြန်လိုက်သည်။ တစ်ခါတစ်လေလည်း အင်းစိန်ထောင်ထဲက သူမ၏အဖိုးအိမ်တွင် အိပ်သည်။ ဟိုဘက်နေလိုက်၊ ဒီဘက်နေလိုက်နှင့်… တစ်ရက်တော့ အဖိုး၊ အဖေတို့နှင့်အတူ ထောင်ရှေ့က ထိုင်နေကြ လက်ဘက်ရည်ဆိုင်သို့ လမ်းလျှောက်ထွက်လာကြသည်။ နေ့လည် နေ့ခင်း အဖေ့ရုံးပိတ်ရက်ဆို သူမတို့မြေးအဖိုးတွေ အဲ့လိုသွားလာနေကြ။ အဲဒီ့နေ့က ထုံးစံအတိုင်း လက်ဘက်ရည်သောက်ပြီး ဆိုင်ကပြန်ထွက်လာကြသည်။ ထောင်က အစောင့်တွေက သူမတို့ မိသားစုကို သိနေကြသည်။ ထို့ကြောင့် စစ်ဆေးမေးမြန်းခြင်းမျိုးတွေ မလုပ်။ ကပ်တရာ လမ်းမကြီးပေါ် လူသူကင်းမဲ့နေသည်။ ကြည်ပြာက လမ်းလျှောက်လျှင် အမြဲတမ်းအရှေ့ကလျှောက်လေ့ရှိသည်။ ဘယ်တော့မှ နောက်မှာမနေခဲ့။ သူမ၏အကျင့်တစ်မျိုးဖြစ်သည်။ ပုံမှန်အတိုင်း လမ်းလျှောက်နေကြစဉ်… “အဖိုး ဟိုမှာ ပက်ဆံအိတ် ပက်ဆံအိတ်” ဟု အော်လျက် ကြည်ပြာက ပြေးသွားသည်။ မပီကလာ ပီကလာနှင့် သူမ၏အသံက အဖိုးနှင့် အဖေ့ကို မျက်လုံးပြူးသွားစေသည်။ ယောက်ျားသုံး ပိုက်ဆံအိတ်တစ်လုံး လမ်းပေါ်တွင် ကျကျန်နေရစ်ခဲ့သည်။ သူမက ခပ်သွက်သွက်ပဲ ပိုက်ဆံအိတ်ကို ကုန်းကောက်လိုက်သည်။ ထို့နောက် အနောက်ကနေပြေးလာနေသော အဖိုးကို လှမ်းပေးလိုက်သည်။ အဖိုးက အိတ်ကို ဖွင့်ကြည့်သည်… အထဲမှာ ပိုက်ဆံတွေရှိနေသည်ဟု အဖေက အဖိုးကို သတိပေးသည်။ သိပ်များများစားစားတော့ မဟုတ်လောက်။ သူမကို တော်လိုက်တာဟု အဖိုးက ချီးမွမ်းသည်။ ထို့နောက်တော့ သူမကို မုန့်ဝယ်ကျွေးမယ်ဟု ကတိပေးသည်။ ကြည်ပြာက မုန့်စားရဖို့ကိုတွေးရင် အိမ်သို့ ဦးတည်ပြီး လမ်းဆက် လျှောက်သွားသည်။

အပိုင်း (၉)
ကြည်ပြာက တဖြည်းဖြည်းနှင့် ကျောင်းနေရမည့်အရွယ် ရောက်လာသည်။ အိမ်ဘေးက ကျောင်းမှာပဲ သူမ တက်ဖြစ်ခဲ့သည်။ ကျောင်းစတက်တော့ တစ်နေ့နဲ့တစ်နေ့ မရိုးရအောင် သူမက သူမအဒေါ်ကို ဒုက္ခတွေပေးသည်။ ဟိုပစ္စည်းပျောက်လာလိုက်၊ ဒီပစ္စည်းပျောက်လာလိုက်နှင့်… သူမ၏ ပစ္စည်းများ တစ်ရက်ကို တစ်ခုနှုန်းနဲ့ ပျောက်လေသည်။ သူငယ်တန်း စတက်ရသော သူမအဖို့ သူငယ်ချင်းတွေရလာသည်။ အိမ်ကို ထမင်းပြန်စားလေ့ရှိသော သူမ… သူငယ်ချင်းတွေကို အိမ်ခေါ်လာသည်။ သူမ၏ အိမ်ရှေ့ရှိ ဒါန်းက နေ့လည်ထမင်းစား ကျောင်းဆင်းချိန်ဆိုလျှင် မအားတော့။ အိမ်နှင့်ကျောင်းက ဘေးချင်းကပ်ဆိုတော့ သူမ အတွက် အပူအပင်ကင်းသည်။ သို့သော် သူမ၏ ပစ္စည်းများကတော့ ပျောက်မြဲပျောက်ဆဲပဲ။ နောက်တော့ ကြည်ပြာကို့ နေရာပြောင်းထိုင်ခိုင်းဖို့အတွက် သူမ၏အဒေါ်က ဆရာမဆီသို့ ခွင့်တောင်းသည်။ အင်းစိန်ထောင်မှာ အလုပ်လုပ်သူ မှန်သမျှ၏ ကလေးများက ဒီကျောင်းတွင်သာ လာတက်ကြသည်။ ကျောင်းက မူလတန်းကျောင်း၊ (၄)တန်းအထိပဲ ရှိသည်။ သို့သော်… တန်းခွဲ နှစ်ခုစီမို့ အားလုံးပေါင်း (၈) ခန်းရှိသည်။ သူမ၏ အကြိုက်ဆုံးမုန်းက ခေါက်မုန့်။ တစ်ရက် မစားလိုက်ရလျှင် မနေနိုင်။ မရမက ရှာဖွေသည်။ နောက်တော့ သူမက ကပ်စေးနဲကိုပါ ကြိုက်လာသည်။ ထို့ကြောင့် သူမသွားတွေ ပိုးစားကုန်သည်။ သူမ၏ အဖေနှင့်အမေတို့က (ခ-၇)လမ်းတွင်မနေတော့။ ဘုရင့်နောင်သို့ ပြောင်းလာကြသည်။ တိုက်ခန်းနှင့် ဖြစ်သွားသည်။ သူမ ကျောင်းစတက်ကတည်းက သူမ၏အဖေအလုပ်ကြိုးစားမှုကြောင့် သူမတို့ ကားဝယ်နိုင်ခဲ့သည်။ ယခုဆိုလျှင် အင်းစိန်ထောင်၏ ဝင်ပေါက်ကို သူမတို့က တိုယိုတာ ကားအဖြူလေးနှင့် ဝင်ထွက်နေပြီ။

အပိုင်း (၁၀)
သူမတို့ အင်းစိန်ထောင်ထဲကနေ အိမ်ပြောင်းကြတော့ ဘိုကုန်းဘက်ကို ပြောင်းကြသည်။ သူမက အဲဒီ့အိမ်အသစ်ကို မကြိုက်။ အရင် ထောင်ဝင်းထဲက အိမ်ကိုပဲ သူမ တမ်းတသည်။ သူမတို့ အိမ်ပြောင်းတော့ ထောင်ဝင်းထဲက အိမ်ကို ဖြိုပစ်ကြသည်။ ထုံးစံအတိုင်း သံခြေကျင်းတွေ၊ ပိတ်စ အဖြူတွေနဲ့ အကျဉ်းသားတွေကပဲ ဦးဆောင်ပြီး ဖြိုကြသည်။ အဖိုးက အကျဉ်းသားတွေကို နှုတ်ဆက်စကားပြောသည်။ အဖွားကလည်း လိုင်းတန်းထဲက သူ၏သူငယ်ချင်းများကို လိုက်နှုတ်ဆက်သည်။ အဒေါ်ကတော့ သူမ၏ သူငယ်ချင်းများကို အိမ်သစ်သို့လာလည်ရန် ဖိတ်သည်။ ထောင်ဝင်း၏အနောက်ဘက်က ထွက်လျှင် ရထားသံလမ်းကျော်ပြီးသည်နှင့် ကားလမ်းကူးရသည်။ ထို့နောက် ကြည်ပြာတို့ပြောင်းသော အိမ်အသစ်သို့ရောက်သည်။ ကြည်ပြာလည်း ကျောင်းပြောင်းရသည်။ သူငယ်တန်းကို ထောင်ဝင်းထဲက ကျောင်းတွင် အောင်မြင်ပြီးမြောက်ပြီးနောက်… အ.မ.က (၈) ကြို့ကုန်း အမေရှိရာကျောင်းသို့ ပြောင်းလေသည်။ သူမမှာ နှုတ်ဆက်စရာ သူငယ်ချင်းသိပ်မရှိ၊ အိမ်ဘေးမှ ကစားဖော်နှစ်ယောက်သာရှိသည်။ ကြည်ပြာ၏ လက်ပြနှုတ်ဆက်ခြင်းက ဘယ်တော့မှ ပြန်တွေ့မလဲဆိုတဲ့ မေးခွန်းတွေနဲ့ ပြည့်နှက်နေသည်။

အဲဒီ့အိမ်က ထွက်လာတာ အခုဆို…အနှစ် (၂၀) ပြည့်တော့မည်။ ကျွန်မ တစ်ခါမှ ပြန်မသွားဖြစ်ခဲ့။ ကျွန်မကြားမိတာတော့ မြေနီလမ်းက ကပ်တရာလမ်းဖြစ်နေလေပြီ။ အိမ် (၃)လုံးမှာ တစ်လုံးက အဖြိုခံလိုက်ရပြီ။ (၂)လုံးပဲ ကျန်တော့သည်။ အရိပ်ပေးတဲ့ ကုက္ကိုလ်ပင်ကြီးတွေကကော ရှိသေးရဲ့လား။ အခုထိ အရိပ်အာဝါသကောင်းနေတုန်းလား။ စိန်ပန်းပင်တွေ နေရာမှာများ ကြက်ဆူပင်တွေ ဖြစ်နေပြီလား။ ထောင်နံရံကြီးကကော အရင်လို ကလေးတွေကို ခြောက်လှန့်နေတုန်းပဲလား။ တစ်ကျောင်းတည်းပဲ ရှိတယ်ဆိုတဲ့ မူလတန်းကျောင်းလေးကကော အရင်လို မာန်တက်နေတုန်းပဲလား။ ကျွန်မရဲ့ သုံးဘီးစက်ဘီးလေး ထားခဲ့တဲ့ မြေနီလမ်းပေါ်က ဘီးရာတွေကကော ကပ်တရာခင်းလိုက်လို့ ပျောက်ကွယ်ကုန်ပြီလား။ ဘော်လုံးကွင်းထဲမှာကော အရင်ကလို ကလေးတွေ ကစားကြသေးရဲ့လား။ အိမ်အိုကြီးကကော လူတွေကို ပြုံးပြနှုတ်ဆက်ရဲ့လား။ ဒါမှမဟုတ်… အိုဟောင်းနေလို့ ဖျက်ဆီးခံလိုက်ရပြန်ပြီလား။ ခြေထောက်မှာ သံကွင်းကြီးတွေ ဝတ်ထားပြီးတော့ လျှောက်သွားနေရတဲ့ အကျဉ်းသားတွေကော ရှိသေးရဲ့လား။ အရင်လိုပဲ အိမ်တွေမှာ ရေဖြည့်ပေးနေရတုန်းပဲလား။ ပေါင်းသင်မြက်နှုတ် လုပ်ပေးနေရတုန်းပဲလား။ အရင်ကလို ဘော်လုံးကွင်းထဲမှာ ခွေးတွေနဲ့ ကလေးတွေ အတူတူ ကစားဖြစ်ကြသေးရဲ့လား။ ကုက္ကိုလ်ပင်အောက်က ဒါန်းကကော… ဘယ်သူတွေ စီးဖြစ်ကြသေးလဲ။ အရင်ကလို မြွေတွေ၊ ဖားတွေ ပေါတုန်းပဲလား။ ဒါမှမဟုတ် သန့်ရှင်းနှိမ်နှင်းရေးတွေ လုပ်လို့ပဲ အဲဒီ့တိရိစ္ဆာန်တွေ နေရာပြောင်းကုန်ကြပြီလား။ ကျောင်းရှေ့မှာ ထိုင်ရောင်းတဲ့ မုန့်တွေကော… ရှိသေးရဲ့လား။ မုန့်ရောင်းတဲ့ လူတွေပဲ ပြောင်းကုန်တာလား။ ဒါမှမဟုတ် မုန့်တွေပါ ပြောင်းကုန်ပြီလား။ သံယောဇဉ်တွေ ရှိနေသေးတဲ့ ငယ်ငယ်က ဘဝကို ပြန်သတိရမိတော့…

ကျွန်မအရင်က မတွေးဖြစ်ခဲ့တဲ့ ကိစ္စတွေကို အခုတွေးမိလာပြီ။ လူဆိုးမို့လို့သာ ထောင်ထဲဝင်ခဲ့ရသည်ဟု ကျွန်မ၏ ယူဆချက်များက ကလေးအရွယ်မို့ မှားကောင်းမှားနိုင်သည်။ ကျွန်မ တဖြည်းဖြည်းနဲ့ လေ့လာလေ တွေ့ရှိလေ ဆိုသလို… ကျွန်မ သိချင်တာတွေ သိခဲ့ရသည်။ ငယ်ငယ်က ကလေးဆန်ဆန် အမေးတွေကို အခုတော့ ကျွန်မကိုယ်တိုင် ဖြေနိုင်နေပြီ။ သြော်… နံရံကြီးရဲ့ ဒီ့တစ်ဖက်မှာ ကျွန်မက ပျော်ပျော်ရွှင်ရွှင်နဲ့ နေခဲ့ရပေမယ့် နံရံကြီးအဝိုင်းခံထားရတဲ့ ဟို တစ်ဖက်မှာတော့ ထောင်မကျသင့်ဘဲ ထောင်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေလည်း ရှိနေတာကိုး။ တကယ်တော့ ငယ်ငယ်က ကျွန်မနဲ့ နိုင်ငံရေးနဲ့က နံရံတစ်ခုပဲ ခြားနေခဲ့တာကိုး…   

No comments:

Post a Comment