Friday, July 13, 2012

အတိတ်တွေကို သိမ်းထားပေးမယ့် အင်းယား


 "အတိတ်တွေကို သိမ်းထားပေးမယ့် အင်းယား"

ကျနော် အေးအေးလူလူ တစ်ယောက်ထဲ အင်းယားမှာ ထိုင်နေမိတယ်။ ကျနော်စိတ်ညစ်ရင် ဒီလိုပဲ တစ်ယောက်တည်းနေဖြစ်တယ်။ အခုလဲဖုန်းပိတ်ပြီး တစ်ယောက်ထဲနေမယ်လို့ ဆုံးဖြတ်ချက်နဲ့ ရောက်လာခဲ့တာ။ ဘာဖြစ်လို့ ဒီကိုရောက်လာလဲဆိုတာကိုတော့ စဉ်းစားနေတုန်းပဲ….. အကြောင်းပြချက်ကို ရှာဖွေနေရင်းနဲ့ ကျနော့်မျက်လုံးထဲမှာ ဟိုအရင်အတိတ်က ပုံရိပ်တွေ ပီပြင်ထင်ရှားလာခဲ့တယ်။


အရင်က ဒီနေရာမှာ သူနဲ့အတူရှိနေခဲ့တဲ့ အချိန်တွေ၊ သူနဲ့ ကျနော်နဲ့ ဖြတ်သန်းခဲ့ရတဲ့ အရင်ကဘဝတွေကို ကျနော်သတိရမိတော့ မချိပြုံးတစ်ချက်ပြုံးလိုက်မိတယ်။ ကျနော် သူ့ကြောင့်ကျရှုံးခဲ့တာလား။ ကိုယ့်ကိုကိုယ် မယုံတဝက်ယုံတဝက်နဲ့ မေးခွန်းထုတ်လိုက်တယ်။ ကျနော့်ဘဝမှာ အခုထိမေ့မရနိုင်သေးတဲ့ သူ့ကို နှလုံးသားထဲကနေ ဆွဲထုတ်ဖို့ ကျနော်နည်းမျိုးစုံနဲ့ ကြိုးစားခဲ့ပေမယ့် တကယ်လက်တွေ့မှာတော့ ဖြစ်မလာခဲ့ဘူး။

သူနဲ့ ကျနော် လက်တွဲထားတဲ့အချိန်မှာပဲ ကျနော် အမှောင်ဘဝထဲကို လျှောက်လှမ်းခဲ့ရတယ်။ ပထမတော့ အဲဒီ့အမှောင်ထုက လွှမ်းမိုးခဲ့တဲ့ ညတွေကို တစ်ယောက်တည်း ရင်ဆိုင်ခဲ့တယ်။ အဲဒီ့နေ့ရက်တွေကို ကျနော် တော်တော်မုန်းမိတယ်။ ဒီလိုသာမဖြစ်ခဲ့ရင်ဆိုတဲ့ အတွေးက ခေါင်းတစ်ခုလုံးကို လွှမ်းမိုးသွားတယ်။ တကယ်ပါ…ဒီလိုနေ့မျိုးတွေ ကျနော့်ဘဝမှာ မရှိခဲ့ရင် ကျနော် အေးအေးချမ်းချမ်းနဲ့ သူ့ကိုလက်တွဲထားနိုင်မှာ။ 

အမှောင်ထုထဲမှာပဲ ကျနော့်ကိုကယ်တင်မယ့် အလင်းလေးတစ်ခုကို ကျနော်တွေ့လိုက်တယ်။ ကျနော့်အတွက်ထွန်းလင်းပေးနေတဲ့ အလင်းလေးပါ။ အဲဒီ့အချိန်မှာ ကျနော် အလင်းလေးကို အားကိုးခဲ့မိတယ်။ အမှောင်ထုထဲကနေ လွတ်မြောက်ဖို့က အခုအချိန်မျိုးမှာ သူကူညီမှရမှာလေ။ အမှောင်ကမ္ဘာထဲက ပြန်ထွက်လာတော့ သူနဲ့ပြန်တွေ့ရဖို့အတွက် ကျနော် ကြိုးစားခဲ့တယ်။ ဒါပေမယ့် ကျနော်နောက်ကျသွားပြီလို့ သိလိုက်ရတယ်။ ကျနော် သိပ်ချစ်ရတဲ့ သူက တစ်ခြားတစ်ယောက်ကို ရွေးချယ်လိုက်ပြီလေ။

သဲထဲရေသွန်တယ်လို့ပဲ ပြောပြော ရေထဲသဲသွန်ချတယ်ပဲ ပြောပြောပါ။ ကျနော့် နှလုံးသားထဲမှာ သူက အနည်ကျနေမှ ဒီလိုတွေဖြစ်ရတယ်လို့ဗျာ။ ကျနော် ဘာဆက်လုပ်ရင်ကောင်းမလဲ လို့ သူငယ်ချင်းတွေနဲ့ တိုင်ပင်တော့ မေ့လိုက်တော့တဲ့။ လူတစ်ယောက်ကို မေ့လိုက်ဖို့ဆိုတာက ပြောသလောက်လွယ်ရင်တော့ ဟုတ်သားဗျာ။ 

ကျနော် သူ့သဘောကျ အလိုလိုက်မယ်လို့တော့ မဆုံးဖြတ်ထားပေမယ့် သူ မကြိုက်တဲ့အလုပ်တွေကိုတော့ လျှော့လုပ်ဖို့ စဉ်းစားထားခဲ့တယ်။ အခုတော့ ကျနော့် မျှော်လင့်ချက်လေး လေတိုက်ခတ်မှုနဲ့အတူ လွင့်ပါသွားပြီထင်ပါရဲ့ဗျာ။ အဲဒီ့နောက်ပိုင်း ကျနော်တစ်ယောက်တည်းနေဖို့ ကြိုးစားခဲ့တယ်။

တကယ်ပါ သူဟိုတစ်ယောက်နဲ့ အဆင်ပြေရင်၊ ပျော်နေရင် ကျနော်အတွက် ကျေနပ်စရာပါ….သူပျော်ရွှင်တာကိုပဲ ကျနော်ကမြင်နေချင်တာလေဗျာ……ကျနော် သူနဲ့လမ်းခွဲခဲ့ပြီးတဲ့နောက် ဟိုလိုဒီလို တွဲတဲ့သူတွေရှိပေမယ့် ကျနော် သူတို့ကို တကယ်ချစ်ရဲ့လားဆိုတာ ကျနော်ကိုယ်တိုင်လဲ သေချာမသိဘူး။ ချစ်တယ်ဆိုတာကို တစ်ခြားသူတွေ ဘယ်လိုသတ်မှတ်ကြလဲဆိုတာ ကျနော်သိချင်မိတယ်ဗျာ။ 

ဒီလိုဟိုလိုနဲ့ပဲ ကျနော် သူတို့တွေနဲ့ လမ်းခွဲဖြစ်ခဲ့တယ်။ ကျနော့်သူငယ်ချင်းကြီးတွေကို အချိန်အပြည့်အဝပေးတော့မယ်လို့ ဆုံးဖြတ်ချက်နဲ့အတူ တစ်ယောက်တည်း အေးအေးဆေးဆေး နေတော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။ အဲ့ဒီ့နောက်မှာမှ ကျနော် ကောင်မလေးတစ်ယောက်နဲ့ တွေ့ခဲ့တယ်။ ပြောရမယ်ဆိုရင်ဗျာ ဘယ်လိုမှမတူညီတဲ့ နောက်ခံသမိုင်းတွေ ကိုယ်စီရှိကြတဲ့ လူနှစ်ယောက် ဆုံမှတ်တစ်ခုမှာ လာဆုံဖြစ်ကြတယ်။ ကျနော် အဲ့ဒီ့ကောင်မလေးကို သဘောကျမိတယ်။ ကျနော်တွေ့ဖူးသမျှတွေနဲ့ လုံးဝမတူပဲ ကွဲပြားနေတဲ့သူတစ်ယောက် ဖြစ်နေလို့လားတော့မသိဘူး။

ကျနော် အဲ့ဒီ့ကောင်မလေးကို နာမည်တစ်ခုပေးထားတယ်။ ဘယ်သူမှမသိတဲ့နာမည်လေး ဆိုပေမယ့် ကျနော့်သူငယ်ချင်းတွေတော့ သိကြတယ်။ ကျနော် သူ့ကို သဘောကျနေတယ်ဆိုတာလဲ သူငယ်ချင်းတွေကတော့ သိတယ်။ ကျနော် သူ့ဆီကို ဖုန်းဆက်ဖြစ်တယ်။ တစ်ရက်ကို တစ်ခါတော့ အနည်းဆုံးပေါ့။ သူ့ကြောင့်လဲ ကျနော် တော်တော်ပြောင်းလဲလာခဲ့တယ်။ ပြောရမယ်ဆိုရင်ဗျာ… သူကပဲ ကျနော့်စိတ်ကို ဖတ်နိုင်တဲ့ မိန်းကလေးလားတော့ ကျနော်လဲ မသိဘူး။ ကျနော်ပြောမယ့်စကားတွေကို သူက ကြိုသိနေတယ်လို့ ကျနော်ခံစားရတယ်။ နောက်ပြီး ဘယ်ကိစ္စမဆို ကျနော်နဲ့စကားလက်ဆုံ ပြောနိုင်တာကိုတော့ ကျနော် အံ့ဩမိတယ်ဗျာ။ 

ဟိုတစ်လောကတော့ ကျနော့်ကို သူငယ်ချင်းတွေက "ဟေ့ကောင် မင်းတော်တော်ပြောင်းလဲနေတယ်။ ထူးထူးဆန်းဆန်း ဂျင်းဘောင်းဘီတွေဘာတွေ ဝတ်လို့ပါလားကွ" တဲ့။ ကျနော့်ကိုယ် ကျနော်တောင် ဘာတွေဝတ်ထားလဲဆိုတာ အဲ့တော့မှ သေချာကြည့်မိတယ်။ ဟုတ်ပါ့ဗျာ….. ကျနော် ဂျင်းဘောင်းဘီမဝတ်တာ တော်တော်ကြာခဲ့ပြီပဲ။ ကျနော် ဘာတွေများ နောက်ထပ် ပြောင်းလဲသွားတယ်ဆိုတာတော့ အရင်းနှီးဆုံး သူငယ်ချင်းတွေကပဲ သိကြမှာပါ။

ဒါနဲ့ အဲဒီ့ကောင်မလေးအကြောင်း ဆက်ပြောဦးမယ်။ ကျနော် အဲဒီ့ကောင်မလေးကို အရမ်းအားကျမိတယ်။ သူ့လို ကျနော် ဘာလို့မနေနိုင်လဲ ဆိုတာကို ကျနော်စဉ်းစားတိုင်း ခေါင်းတွေကိုက်တတ်လာတယ်။ 
ကျနော့်ဘဝမှာ ဘာလိုအပ်နေလဲဆိုတာကို ကျနော်ရှာဖွေနေတာကြာပြီ။ ဒါပေမယ့် တိကျသေချာတဲ့အဖြေကိုတော့ တစ်ခါမှ မရခဲ့ဖူးဘူး။ ကျနော်က ပြီးပြည့်စုံတဲ့မိသားစုမှာ မွေးဖွားလာပေမယ့် တကယ်တော့ လိုအပ်နေတာတွေက အများကြီးကျန်ရှိနေသေးတယ်။ ဒါပေမယ့် ဒီကောင်မလေးနဲ့တွေ့လိုက်မှပဲ ကျနော် လိုအပ်နေတာ"မေတ္တာတရား" ဆိုတာသိလိုက်ရတယ်။ 

ကျနော့်အပေါ်မှာ ထားရှိတဲ့သူ့မေတ္တာကို ကျနော်ဝိုးတဝါး တွေ့လိုက်ရတယ်။ အမြင်တွေ မထင်ရှားသေးပေမယ့် မေတ္တာတရားတွေထင်ရှားလာတော့ ကျနော် သူနဲ့အတူရှိနေဖို့ ကြိုးစားမိတယ်။ ကျနော် သူနဲ့ဖုန်းပြောနေရရင်ပဲ ပျော်နေသလိုလို ခံစားရတယ်။ ဒီလိုနဲ့ သူ့အကြောင်းတွေကို ကျနော်ပိုသိချင်လာတယ်။ သိရအောင်လည်း စုံစမ်းတယ်။ သူ့ကိုလဲ သူ့မိသားစုအကြောင်းတွေနဲ့ ပတ်သတ်ပြီး မေးဖြစ်တယ်။ ညဆို သူနဲ့ ဖုန်းပြောနေလို့ ဖုန်းမအားတာက များတယ်။

ဖုန်းပြောဖြစ်တော့ ကျနော့်အကြောင်းတွေ တော်တော်များများကို သူသိပြီးပါပြီ။ ကျနော် မမေ့နိုင်သေးတဲ့ လူရှိတယ်ဆိုတာလဲ သူကြားထားပါတယ်။ ဒါပေမယ့် သူ ကျနော့်ကို တစ်ခါမှ စိတ်ညစ်အောင် စိတ်ဆိုးအောင် မလုပ်ဖူးဘူး။ ကျနော် သူ့ကို အဲဒီ့ကိစ္စနဲ့ ပတ်သတ်ပြီး လေးစားမိတယ်။ ကျနော့်ကို သူ့အကြောင်းတွေ ပြောပြတော့ ဘာရယ်တော့မဟုတ်ဘူး ကျနော်ဝမ်းသာမိတယ်။ သူ့ကိုလေ့လာဖို့ကြိုးစားတိုင်း သတိရလာတာက ကျနော်သူ့ဘဝထဲကို နစ်ဝင်နေပြီလားဆိုတဲ့အတွေး။ ဒါပေမယ့် တစ်ခါတစ်လေ သူ့အကြောင်း စဉ်းစားနေရင်းနဲ့ပဲ ကျနော်သိပ်ချစ်ရတဲ့ ကျနော့်ရဲ့အဝေးကတစ်ယောက်ကို သတိရလာပြန်တယ်။ 

ဘယ်လောက်ပဲ သတိတွေရနေပါစေ ဟိုတစ်ယောက်က ကျနော့်ဆီကို ပြန်မလာနိုင်တော့ဘူးလေ။ ကျနော်လဲ သူ့ဆီကိုသွားဖို့ ဘယ်လိုမှမဖြစ်နိုင်ဘူး။ သူ ဟိုးအရင်က ပြောဖူးတဲ့စကားတစ်ခုရှိတယ်။ တစ်စိမ်းတွေလိုနေလိုက်မယ်တဲ့။ သူ့ဘက်က တစ်စိမ်းဆိုမှတော့ ကျနော့်ဘက်က ရင်းနှီးပါတယ်လို့ ပြောလို့ဘယ်ရမလဲဗျာ။

သူ့ကိုမေ့မရနိုင်ဖြစ်နေတဲ့ စိတ်တွေကို စုစည်းလိုက်ပြီး အင်းယားကန်ထဲကို ကျနော်ကိုယ်တိုင်ပဲ လွှတ်ပစ်လိုက်တယ်။ ကျနော် ဒီနေ့ သိလိုက်ရတာက အတိတ်ဆိုတဲ့အရာဟာ အနောက်ကနေ အရိပ်လိုလိုက်နေတယ်ဆိုတာပဲ…… အတိတ်တွေကို တစ်နေရာမှာ သိမ်းထားပြီး အနာဂတ်အတွက် လက်ရှိအချိန်တွေကို ဘယ်လိုအသုံးချရမလဲ ဆိုတာကို ရှာဖွေတွေ့ရှိသွားတဲ့ လူတစ်ယောက်…နာရီကြည့်လိုက်တော့ ည၉နာရီထိုးနေပြီ…အတွေးကောင်းနေတာ ဘယ်အချိန်ရှိသွားမှန်းတောင် မသိဘူး။ 

ကျနော့်အဖေတော့ ထမင်းစားစောင့်နေတော့မှာပဲ ဆိုပြီး ထိုင်ခုံလေးကထရင်း ဖုန်းကို ပြန်ဖွင့်လိုက်တော့ စာတစ်စောင်ဝင်နေတယ်။ ကျနော့်ကိုမေတ္တာတွေ ပေးတဲ့ကောင်မလေးဆီက။ သူ့ဆီကိုဖုန်းဆက်ပေးပါတဲ့။ ကျနော် သူ့ဖုန်းနံပါတ်လေးကို အလွတ်ရနေတော့ ရှည်ရှည်ဝေးဝေး စဉ်းစားမနေတော့ဘဲ တစ်ခါတည်းဖုန်းခေါ်လိုက်တယ်။

2 comments:

  1. ဒေါ်ကေခိုင်ဝင်း၏ ဘလော့အားရှာ၍တွေ့ရှိခဲ့ပါကြောင်း နှင့် လာရောက်အားပေးသွားပါကြောင်း :D

    ReplyDelete
    Replies
    1. အားပေးတယ်ဆိုတော့ ကျေးဇူးတင်ရမှာပေါ့......ဘာမုန့်စားမလဲ Ko Zey

      Delete