"ဘာသာရေးနဲ့ ပြည်သူ"
ဘာသာရေးလို့ခေါင်းစဉ်တပ်ပြီ ဆိုတာနဲ့ သေချာတာတစ်ခုကတော့ ဘာသာရေးအကြောင်း ပြောတော့မှာပဲ။ ဟုတ်ပါတယ်…ဘာသာရေးအကြောင်းကို ပြောချင်လွန်းလို့ ပြောရပါဦးမယ်။ ဘာသာရေးဆိုတဲ့ စကားကြားပြီဆိုတာနဲ့ကိုယ့်ဘာသာက ကောင်းတယ်၊ သူ့ဘာသာကတော့ဖြင့် မကောင်းဘူး၊ ကိုယ့်ဘာသာက သန့်ရှင်းတယ်၊ သူ့ဘာသာကတော့ဖြင့်မစင်ကြယ်ဘူး… စသဖြင့်စသဖြင့် ပြောကြဆိုကြတာကို ကြားဖူးကြမှာပါ။ တစ်ခါတစ်လေမှာ အဲ့လိုအသေးအမွှားလေးကနေစကားများ၊ ရန်ဖြစ်၊ သတ်ဖြတ်ကြတဲ့ အဆင့်အထိ ရောက်ကုန်ကြတယ်။ ဒီတော့ ဘာတွေထပ်ဖြစ်လဲ…လူတွေသေကြရတယ်။ အပြစ်မဲ့တဲ့ ပြည်သူတွေ၊ အပြစ်ရှိတဲ့ လူတွေ ပြောမယ်ဆိုရင် လူဆိုတဲ့ သတ္တဝါတွေအများဆုံး သေကြတဲ့ အဓိက တရားခံက ဘာသာရေးစစ်ပွဲတွေပါ။
ဒီတော့ကိုယ့်နိုင်ငံမှာ ဘာသာရေးစစ်ပွဲဆိုတဲ့ အဆင့်ထိမရောက်အောင် အားလုံးက ဝိုင်းဝန်းလုပ်ဆောင်ကြရမယ်။အစိုးရကပြောတဲ့ စကားကို ကြားဖူးကြမှာပါ "ကြီးတဲ့ အမှုသေးအောင်၊ သေးတဲ့ အမှုပပျောက်အောင်"ဆိုတဲ့ ဆောင်ပုဒ်။ အင်း…ဆောင်ပုဒ်တော့ ရှိပါရဲ့ အဓိက လိုနေတာက စကားတွေမဟုတ်တော့ဘူး…အလုပ်ပဲဖြစ်တယ်။ ထားလိုက်ပါ… ဘယ်လိုနိုင်ငံရေးလှည့်ကွက်မျိုးကိုပဲ အစိုးရက ဖန်တီးဖန်တီးကိုယ်တို့လို ပြည်သူတွေက စည်းလုံးပြီး ညီညွတ်နေမယ်ဆိုရင် သူတို့ ဆွဲသွင်းရာကတဲ့ ဇာတ်သမတွေမဟုတ်တော့ဘူးပေါ့။ကိုယ်တို့လို ပြည်သူတွေမပါမှတော့ သူတို့ရဲ့ ရည်ရွယ်ချက်တွေလည်း ပျက်ကုန်ပြီပေါ့…
ဘာသာရေးလို့ခေါင်းစဉ်သာတပ်မိလိုက်တာ တကယ်က ယုံကြည်မှုလို့ ပြောရင်ပိုပြီး အဓိပ္ပါယ်ရှိမှာ။ ကိုယ်ယုံကြည်တာကတော့ဗုဒ္ဓဘာသာ၊ သူယုံကြည်တာကတော့ ခရစ်ယာန်… စသဖြင့်ပေါ့။ ကျွန်မစိတ်ထင် ဘာသာတရားဆိုတာက ကိုယ်တစ်ယောက်တည်းနဲ့ပဲ ဆိုင်တဲ့ အရာလို့ထင်တယ်။ ကိုယ်နဲ့ပဲဆိုင်တဲ့ ယုံကြည်မှုပေါ့။ ကိုယ့်စိတ်ထဲကလာတဲ့ကိုယ့်ရဲ့ ယုံကြည်မှုကို ဥပဒေတွေ၊ စည်းမျဉ်းစည်းကမ်းတွေထုန်ပြီး ထိန်းသိမ်းနေစရာမလိုလောက်ဘူးလို့ကျွန်မထင်တယ်။ ကိုယ်ကသာ စိတ်ထဲက သက်ဝင်ယုံကြည်ရင် ဘယ်သူကမှ မထိခိုက်နိုင်ပါဘူး။ ဒါကကိုယ့်ရွေးချယ်မှု၊ ကိုယ့်ဘဝလို့ ကျွန်မက ယုံကြည်တယ်။
ကျွန်မလေ့လာဖူးသမျှဘာသာတရားတွေထဲမှာ ဘယ်ဘာသာတရားကမှ လူသတ်ရမယ်၊ မကောင်းတာလုပ်ရမယ် ဆိုပြီး သင်ပြထားတာမျိုးတွေမတွေ့ဖူးပါဘူး။ တကယ်က မဟုတ်တာလုပ်၊ မကောင်းတာလုပ်ဆိုပြီး ပြောနေတာက လူတွေပါ။ အဲ့တော့ဘာသာရေးဆိုတာကြီးကို ခုတုံးလုပ်ပြီး ပြောနေတဲ့ လူတွေက တကယ်တော့ ဘာသာတရားရဲ့ တကယ့်အနှစ်သာရကိုမသိတဲ့ လူတွေပါ။ အဲ့လိုလူတွေရှိနေသရွေ့တော့ ကျွန်မတို့အတွက်က ခြိမ်းခြောက်မှုကြီးတစ်ခုပါပဲ…
ဘာသာတရားအားလုံးကိုခရေစေ့တွင်းကျ လေ့လာကြည့်မယ်ဆိုရင် လူတိုင်း နားလည်သဘောက်ပေါက်သွားမှာပါ။ တကယ်တော့လူတွေက ကိုယ့်ဘာသာတစ်ခုတည်းကိုပဲ လေ့လာပြီး ကိုယ့်ဘာသာတစ်ခုတည်းကိုပဲ ကောင်းတယ်လို့ယူဆနေကြတာပါ။ တကယ်က အားလုံးကို သေချာလေ့လာကြည့်လိုက်ပါ။ ဘာသာတရားတိုင်းမှာ ကောင်းတဲ့အချက်တွေနဲ့ပဲပြည့်နှက်နေတာပါ။ ဒါပေမယ့် လူတွေက လေ့လာဖို့အချိန်မပေးနိုင်ကြဘူး… ဘာဖြစ်လို့လဲ။ ရှင်းရှင်းလေးပါ…စားဝတ်နေရေးဆိုတဲ့ ကိစ္စအဝဝအတွက်ပဲ ပူပန်နေရတာကိုး။ ဘယ်လိုလုပ် ဘာသာခြားတွေနဲ့ စကားစမြည်ပြောနေနိုင်မလဲ။
တကယ်တော့ဖြစ်နိုင်မယ်ဆိုရင် ဘာသာရေးနဲ့ ပတ်သတ်တဲ့ စာပေဟောပြောပွဲတွေ၊ နှီးနှောဖလှယ်ပွဲတွေ စတဲ့စတဲ့ပွဲတွေကို လုပ်ပေးနိုင်မှသာ ဘာသာတရားအားလုံးကို နားလည်လာမှာဖြစ်တယ်။ ကျွန်မဒီမှာပြောချင်တာကသူ ယုံကြည်တာကို ကိုယ်က လိုက်ယုံကြည်ရမယ်လို့ပြောတာမဟုတ်ပါဘူး။ သူ လုပ်သလို ကိုယ်ကလိုက်လုပ်ရမယ်လို့လဲဆိုလိုတာမဟုတ်ပါဘူး။ လေ့လာတယ်ဆိုတဲ့စကားက သိပ်ကို ပညာသားပါပါတယ်။ သူ ဘယ်လိုဘုရားရှိခိုးလဲ၊သူ ဘယ်လို ဘုရားဝတ်ပြုလဲ ဒါတွေကို လေ့လာဖို့ပါ။ သူရှိခိုးသလို ကိုယ်ကလိုက် ရှိခိုးရမယ်လို့ပြောတာမဟုတ်ပါဘူး။ (အယူအဆမှားမည်ကို စိုးရိမ်သောကြောင့်)
ဗဟုသုတဆိုတဲ့ခေါင်းစဉ်အောက်မှာ ဘာသာတရားကိုလေ့လာမှုပါ ထည့်သွင်းကြည့်လိုက်မယ်ဆိုရင် ဘာသာရေးအကြောင်းတွေကိုအများကပါ သိမြင်လာပါလိမ့်မယ်။ အဓိက က ပြည်သူတွေဆီကို ဘာသာရေးနဲ့ ပတ်သတ်ပြီး အမြင်တွေဖွင့်ပေးရမှာပါ။ပြည်သူတွေဆီကို ရောက်အောင် ထိရောက်တဲ့ နည်းတွေနဲ့ ပညာပေးတွေလုပ်ရမှာပါ။ ကိုယ်နဲ့ ဘာသာမတူတဲ့သူတွေဆီကနေ သူတို့ရဲ့ ဘာသာအကြောင်းကို စိတ်ဝင်တစားနဲ့ နားထောင်ချင်နေတဲ့ သူတွေရှိပါတယ်။လေ့လာချင်တဲ့ သူတွေရှိပါတယ်။ ဒါမှသာ ဘာသာခြားအချင်းချင်း တစ်ယောက်နဲ့ တစ်ယောက် ပိုပြီးနားလည်မှုတွေရှိလာမှာပါ။
ကျွန်မအထက်မှာပြောသွားသလိုပါပဲ…တကယ်တော့ သူယုံကြည်တာကို ကိုယ်က လိုက်ယုံကြည်ရမယ်လို့ မဟုတ်ပါဘူး… ကိုယ်ယုံကြည်တာကိုလည်းသူ့ကို အတင်းလိုက် ယုံခိုင်းလို့မရပါဘူး… ယုံကြည်မှုဆိုတာ ကိုယ့်ရဲ့ အတွင်းစိတ်ထဲက ဖြစ်ပေါ်လာတဲ့ခံစားချက်တစ်ခုပါ။ ဒါကြောင့်… တစ်ပါးသူရဲ့ ယုံကြည်မှုကို ကိုယ်ကရိုသေ၊လေးစားမှု ပေးရမှာဖြစ်ပြီးသူဘက်ကလည်း ကိုယ့်ရဲ့ ယုံကြည်မှုကို တန်ဖိုးထား၊ လေးစားမှာပါ။ ဒါက နှစ်ဦးနှစ်ဘက် အမြတ်ထွက်မယ့်Win – Win methodပါပဲ။
No comments:
Post a Comment