"ရည်းစားဦး ရဲ့ အချစ်ဦး"
သူများတွေအတွက်တော့
သေချာမသိပေမယ့် ကျွန်မအတွက်ကတော့ အချစ်ဦးကတစ်ယောက် ရည်းစားဦးကတစ်ယောက်ပါ။ ရည်းစားဦးဆိုတာက
ကိုယ့်ရဲ့ ပထမဆုံးရည်းစားကို ခေါ်တာလို့ ကျွန်မကတော့ထင်တယ်။ အချစ်ဦးဆိုတာကတော့ ကိုယ့်အချစ်တွေကို
ဦးဦးဖျားဖျား ပေးလိုက်ရတဲ့ သူကိုပြောတာလို့ ယူဆမိတယ်။
ဘယ်သူတွေ
ဘယ်လိုပဲ ယူဆပါစေ…တစ်ယောက်နဲ့တစ်ယောက် အယူအဆတွေကတော့ ကွဲပြားခြားနားနေမှာပါ။ ကျွန်မရဲ့
ရည်းစားဦး….ဘယ်သူလဲလို့ ကျွန်မ ပြန်စဉ်းစားကြည့်လိုက်တော့ ဟိုးအနောက်ဘက်မှာကျန်ခဲ့တဲ့
ခုနှစ်သက္ကရာဇ်တွေဆီကို ပြန်ရောက်သွားတယ်။ လွန်ခဲ့တဲ့ (၄)နှစ် ဩဂုတ်လတုန်းကပေါ့…
တနင်္ဂနွေနေ့
မနက်စောစောမှာ ကျွန်မ နိုးထလာခဲ့တယ်။ ဘော်လီဘော ကစားရမှာဆိုတဲ့ အတွေးတစ်ခုနဲ့ ကျွန်မပြင်ဆင်လိုက်တယ်။
တာဝန်ယူထားရတဲ့ အလုပ်တစ်ခုရှိနေလို့ မနက်စောစော ကတည်းက ဘော်လီဘောကွင်းထဲကို အရောက်သွားရတာက
ဒယ်ဒီ့ရဲ့ အလုပ်ပါ။ ဒါပေမယ့် ကျွန်မကလဲ အားကစားဝါသနာပါတော့ မနက်ကတည်းက ဒယ်ဒီနဲ့ အတူလိုက်သွားတတ်တယ်။
ဒီနေ့လဲ ထုံးစံအတိုင်း ဝတ်စုံအပြည့်နဲ့ ထွက်လာခဲ့တယ်။
ဒီနေ့ရာသီဥတုက
သာယာတော့ ကျွန်မတို့ကွင်းထဲမှာလဲ လူစုံတယ်။ သူငယ်ချင်းတစ်ချို့ကလဲ ရောက်နှင့်နေပြီဆိုတော့
လေ့ကျင့်ကြဖို့အတွက် လူစုမိကြတယ်။ ကျွန်မတို့ အဖွဲ့ကလူများတော့ အသင်းနှစ်သင်းတောင်ခွဲပြီး
စာရင်းသွင်းထားရတယ်။ (အေ)က အရင်ကစားရပြီး (ဘီ) ကျွန်မတို့အသင်းက နောက်မှကစားရတာများတယ်။
ဒီနေ့လဲ ထုံးစံအတိုင်း လူစုံပြီဆိုတာနဲ့ သောင်းကျန်းကြတာပေါ့။
ဒါပေမယ့်…ဒီနေ့ပွဲကောင်းတစ်ပွဲရှိတယ်ဆိုတာ
သိလို့အားလုံးပွဲစခါနီး ထိုင်ခုံပြေးလုကြတယ်။ အဲဒီ့အထဲမှာ ကျွန်မလဲပါတယ်။ ကျွန်မယူလိုက်တဲ့နေရာက
အရှေ့တန်းမှာ။ ကစားတာကို ပိုပြီး ထင်သာမြင်သာရှိတယ်။ လွတ်လွတ်လပ်လပ်လဲ ကြည့်လို့ရတယ်။
အသင်းနှစ်သင်းမှာ တစ်သင်းက ဒယ်ဒီတို့ရုံးအသင်း၊ နောက်တစ်သင်းက ခဝဲခြံက ကရင်လူငယ်တွေအသင်း။ လူငယ်တွေအသင်းက တော်တော်များများ ကစားတာတော်ကြတယ်။ ကျွန်မ သူတို့ရဲ့ ပွဲတော်တော်များများကြည့်ဖူးတယ်။
ဒါကြောင့် ဒယ်ဒီတို့ဘက်ကို အားပေးဖို့ဆိုပြီး ပြင်ဆင်နေချိန်မှာပဲ…
အဝါရောင်တီရှပ်
ဝတ်ထားတဲ့ ကောင်လေးတစ်ယောက် ကျွန်မ မျက်စိထဲကို ရောက်လာတယ်။ ဆံပင်ကလဲ အဝါရောင်လိုလို
အနီရောင်လိုလို…ဘာရောင်လဲတော့ သေချာမသိပေမယ့် နဂိုအရောင် မဟုတ်တာတော့ သေချာတယ်။ သူ့ကို
ကျွန်မ ဒီနေ့မှတွေ့ဖူးတာပါ။ အရပ်ရှည်ရှည်၊ အသားလတ်လတ်နဲ့ ပိန်ပိန်ပါးပါး ကောင်လေး။
မျက်နှာက ကလေးမျက်နှာလေး။ ခန္ဓာကိုယ်ကလဲ အားကစားသမားတစ်ယောက်ရဲ့ ဗလတွေဘာတွေနဲ့လဲ မဟုတ်ဘူး။
ဒါပေမယ့် လေ့ကျင့်နေတာကို ကြည့်ရုံနဲ့ ကစားတာကောင်းမှန်း သိသာပါတယ်။ ဘော်လုံးတစ်လုံးတက်မလာနဲ့
တက်လာတာနဲ့ ရိုက်ချလိုက်တာ အုန်း…အုန်းနဲ့ အရှေ့စည်းထဲမှာပဲ။ အရိုးထဲက အားတွေထွက်လာတာလားမသိဘူး။
သူ့ကိုကြည့်နေရင်း
ကျွန်မအတွေးတွေ နယ်ကျွံခဲ့ပြီ။ အဲဒီ့ခဏလေးအတွင်းမှာ သိလိုက်ရတာကတော့ ကျွန်မ သူ့ကို
သဘောကျတယ်။ ကစားနေတဲ့ သူ့ရဲ့ ဟန်ပန်ကိုလား၊ လူကိုလား ဆိုတာကိုတော့ ခွဲခွဲခြားခြား မသိသေးဘူး။
နောက်တော့ သိလာမှာပါလို့တွေးရင်း ကစားပွဲရဲ့ အားပေးမှုထဲကို အာရုံစုစည်းလိုက်တယ်။ ပွဲခဏနားတော့
သူ ကျွန်မဘေးမှာ လာထိုင်တယ်။ သူကအရင် ကျွန်မကို ပြုံးပြတယ်။ ကျွန်မလဲ ပြန်ပြုံးပြလိုက်ပါတယ်။
ဒီနေ့က…ဒီလောက်နဲ့ပဲ
ဇာတ်လမ်းကပြီးသွားပေမယ့် နောက်အပတ်တွေမှာ ဆက်ရန်ရှိသေးတယ် ဆိုတာကိုတော့ ကျွန်မကော သူကော
သိနေပါတယ်။ သူက ကရင်လူမျိုး၊ ခရစ်ယာန်ကိုးကွယ်တယ်ဆိုတာကို ကျွန်မ သူ့ကို သဘောမကျခင်ကတည်းက
သိပြီးသားပါ။ သူ့အကြောင်း မသိသေးတာက သူ့မှာ ချစ်သူတွေဘာတွေရှိလားဆိုတာပဲ။ ကံကောင်းချင်တော့
သူကစားတဲ့ အသင်းက အစ်မတွေနဲ့ ကျွန်မရင်းနှီးတယ်။ စကားတွေဘာတွေပြောရင်းနဲ့ သူ့အကြောင်းမေးကြည့်တော့
သူတို့က ကျွန်မကို သူနဲ့ သဘောတူကြတယ်။
သူ့အကြောင်းကို
တီးမိခေါက်မိတဲ့နေ့မှာပဲ သူက
"အရှိကိုအရှိအတိုင်းသာ ဖွင့်ပြောမည်။
မြင်မြင်ခြင်း မင်းကိုချစ်သွားပြီ"
ဆိုတဲ့ N ကိုင်ရာရဲ့ သီချင်းနဲ့ ကျွန်မကို
မိတ်ဆက်ပေးလိုက်ပါတယ်။ ကျွန်မကြားလိုက်ရတော့ နည်းနည်းအံ့ဩသွားတယ်။ သူက ဒီလိုသီချင်းတွေဘာတွေလဲ
ဆိုတာပဲလားဆိုပြီးတော့ပေါ့။ တကယ်တော့ သူက ဘယ်သူ့အတွက် ရည်ရွယ်ပြီးဆိုတယ် ဆိုတာကို တခြားသူတွေ
လာမပြောခင်ကတည်းက ကျွန်မ သိနေခဲ့ပါတယ်။ ဒါကြောင့်လဲ ဘာမှမပြောဘဲ မသိချင်ယောင်ဆောင်နေခဲ့တယ်။
ကျွန်မကသာ
မသိချင်ယောင်ဆောင်နေပေမယ့် သူကတော့ သိတယ်ထင်တယ်။ တစ်ရက်တော့…ဖိုင်နယ်မရောက်ခင် တစ်ပတ်အလိုနေ့က။
သူ ကျွန်မအနားကပ်ပြီး
"ကိုယ် နောက်အပတ် ဒီမှာရှိမှာမဟုတ်ဘူး။
ကိုယ့်ကိုဆက်သွယ်လိုက်ပါ။ ကိုယ်ပြန်ရောက်တာနဲ့ မင်းနဲ့တစ်ရက်လောက် တွေ့ချင်တယ်။"
ဆိုပြီး တိုးတိုးလေး လာပြောသွားတယ်။ ကျွန်မက
ဘော်လီဘောကစားနေတုန်း သူအဲ့လိုလာပြောသွားတော့ စိတ်ထဲမှာ ခိုးလိုးခုလုဖြစ်သွားတယ်။
"ဘာ…သူ့ကိုများဆက်သွယ်ရမယ်
ဟုတ်လား… ဝေးသေး…ကိုယ့်ကိစ္စနဲ့ကိုယ်တောင် မအားတဲ့ဟာကို" လို့ စိတ်ထဲကနေရေရွတ်လိုက်ပေမယ့်
ကျွန်မ မျက်စိရှေ့ကနေ သူ ပျောက်သွားတော့ စိတ်ထဲမှာ မျိုသိပ်ထားတဲ့ခံစားချက်က ထွက်လာတယ်။
သူ့ကို နှုတ်ဆက်ဖို့အတွက် နောက်ထပ်လမ်းတစ်ခု(ဖြတ်လမ်း) ကနေသွားပြီး သူ့ကိုစောင့်နေမိတယ်။
တကယ်တော့ ကျွန်မတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် စိတ်ချင်းစကားပြောနေတာ ကြာပါပြီ။
သူ
ကျွန်မကိုတွေ့တော့ အံ့ဩသွားတယ်။ သူ့ရဲ့ သူငယ်ချင်းတွေကလဲ ပြုံးစစနဲ့ ကျွန်မတို့နှစ်ယောက်ကို
ကြည့်ကြတယ်။ ကျွန်မကလဲ သူ့ကို အရင်နှုတ်ဆက်လိုက်တယ်ပဲ ထင်တယ်။ အဲဒီ့နေ့မှာပဲ ကျွန်မကိုယ်ကျွန်မ
ရှာဖွေတွေ့ရှိလိုက်တာက ကျွန်မဟာ ပိုးအိမ်ထဲကနေ အိမ်တံခါးကိုဖျက်ပြီး အပြင်လောကကို ထွက်ချင်နေတဲ့
ပိုးကောင်တစ်ကောင်သာ ဖြစ်တယ်။ ကျွန်မနဲ့သူ တခြားသူတွေလိုပဲ အဲဒီ့နောက်ပိုင်းမှာ အဆက်အသွယ်
ရှိခဲ့တယ်။ သူငယ်ချင်းတွေအားလုံးက ဝိုင်းပြီးကူညီကြလို့နဲ့တူတယ်။ အစစအရာရာ အဆင်ပြေခဲ့တယ်။
နောက်ဆုံးတော့ သူနဲ့ကျွန်မ သမီးရည်းစားဖြစ်ခဲ့ကြတယ်။ သူက
"ကိုယ့်ရဲ့ ရည်းစားဦးက ညီမပါ၊ နောက်ပြီး
အချစ်ဦးလဲ ဟုတ်တယ်"တဲ့။
ဒါပေမယ့် သူက ကျွန်မအတွက်တော့ အချစ်ဦး မဟုတ်တဲ့
ရည်းစားဦး တစ်ယောက်ပါပဲ။
အဲဒီ့တုန်းက
နှစ်ဦးသဘောတူ တွေးမိတာက ဒယ်ဒီနဲ့မာမီကလဲ ဘာသာမတူဘဲ ပေါင်းဖက်ထားတဲ့ အိမ်ထောင်တစ်ခုပဲလို့။
ဒီလိုပဲ ကျွန်မတို့နှစ်ယောက်လဲ လူမျိုးမတူ၊ ဘာသာမတူပေမယ့် လက်တွဲထားနိုင်မယ်လို့ ထင်ခဲ့တယ်။
ဒါပေမယ့် လက်တွေ့ကျတော့ ဖြစ်မလာခဲ့ဘူး။ အဲဒီ့တုန်းကတော့ ဘာ့ကြောင့်လဲဆိုတာကို သေချာမစဉ်းစားမိပေမယ့်
အခုပြန်တွေးကြည့်တော့ ကျွန်မ သူ့ကို တကယ်ကော ချစ်ခဲ့ရဲ့လား ဆိုတဲ့ အမေးကို ကိုယ့်ဘာသာကိုယ်
ပြန်မေးမိတယ်။ ဟုတ်ပါတယ်…တကယ်ကို မေးသင့်တဲ့မေးခွန်းပါပဲ။
သူနဲ့
ကျွန်မက ကံပါတယ်ပဲပြောရမလား။ ကွဲသွားလိုက် ပြန်တွဲလိုက်နဲ့ နှစ်ခါလောက်တော့ ဖြစ်တယ်။
ဒါပေမယ့်… ကျွန်မကတော့ တကယ်မချစ်ခဲ့လို့ဘဲ လမ်းခွဲခဲ့ကြတာလို့ ထင်တယ်။ တကယ်တော့ ချစ်ခြင်းမေတ္တာက
ဘာလဲဆိုတာ ကျွန်မအဲဒီ့အရွယ်တုန်းက သိချင်မှသိမှာပါ။ လူတစ်ယောက်ကိုကော ချစ်တတ်ခဲ့ရဲ့လား…ဆိုတဲ့
မေးခွန်းထက် ကျွန်မ သူ့ကို ချစ်တတ်ခဲ့ရဲ့လား… အဲ့လိုမေးရင် ပိုမှန်လိမ့်မယ်။ ကျွန်မအနားမှာ
သူရှိရင် ကျွန်မပျော်တယ်၊ သူ့ရဲ့ ဂရုစိုက်မှုခံရရင် ကျွန်မ ဝမ်းသာတယ်၊ သူ သဝန်တိုတာတွေ့ရတော့
ကျွန်မပြုံးရယ်ရတယ်။ သူနဲ့အတူ ဘော်လီဘော ကစားရရင်လဲ ကျွန်မကိုယ်ကျွန်မ ဂုဏ်ယူနေမိတယ်။
ဒါတွေကြောင့် ကျွန်မက သူ့ကို ချစ်တယ်ပြောတာလား။ ဟုတ်ချင်လဲ ဟုတ်လိမ့်မယ်။ ပါးစပ်ကသာ
ချစ်တယ်၊ ချစ်တယ် ပြောနေတာ တကယ်တော့ အဲဒီ့တုန်းက ချစ်ခြင်းမေတ္တာကို ကျွန်မ တကယ်နားမလည်ခဲ့ပါဘူး။
ကိုယ့်ကိုကိုယ် သိတယ်လို့သာထင်နေခဲ့တာပါ။
ကျွန်မရဲ့
စိတ်ခံစားချက်တစ်ခုကိုပဲ ရှေ့တန်းတင်ပြီး ဆုံးဖြတ်ခဲ့တဲ့အတွက် သူ့ကို ကျွန်မ အခုမှ
အားနာနေမိတယ်။ ကျွန်မကြောင့်ပဲ သူပြောင်းလဲသွားတာလား။ ကျွန်မရဲ့ နားမလည်နိုင်တဲ့ စိတ်ကြောင့်ပဲ
သူ့ရဲ့ရင်ခွင် အထီးကျန်ဆန်ခဲ့တာလား။ ကျွန်မရဲ့ လုပ်ရပ်တစ်ခုကြောင့်ပဲ သူ ကျွန်မကို
မုန်းသွားခဲ့တာလား။ တကယ်တော့ ကျွန်မ သူ့ကို တစ်ခါမှ မမုန်းခဲ့ပါဘူး။ တစ်ခါမှလဲ လျစ်လျူရှု
မထားခဲ့ဖူးပါဘူး။ ဒါပေမယ့် ကျွန်မ အခုမှပြန်စဉ်းစားမိတယ်။ ကျွန်မ သူ့ကို ချစ်ခြင်းမေတ္တာတွေ
ပေးခဲ့ဖူးလို့လား။ ပေးခဲ့တယ်လို့ ထင်ရပေမယ့် တကယ်တော့ ချစ်ခြင်းမေတ္တာကို နားမလည်တဲ့
နှလုံသားတစ်စုံနဲ့ပဲ သူ့ကို ချစ်ပြခဲ့တာပါ။
ကျွန်မအတွက်ကတော့ သူ့ကို ပေးဆပ်ခိုင်းတာတွေ
များကောင်းများသွားနိုင်ပါတယ်။ လူတွေက ခါးသက်တဲ့အရာတွေကို မုန်းတီးကြပြီး ချိုမြိန်တဲ့အရာတွေကိုတော့
နှစ်သက်ကြတာ သဘာဝပါ။ ကျွန်မလဲ လူသားတွေထဲက လူသားတစ်ယောက်ပဲ…ကျွန်မကို သူ မုန်းသွားတာမျိုးတော့
ဘယ်လိုချင်ပါ့မလဲ… ကျွန်မကို သူ မခင်ချင်တော့တာမျိုးကိုတော့ ဘယ်လိုလုပ် လက်ခံနိုင်ပါ့မလဲ။
"ဒါကြောင့် ကျွန်မကို မချစ်ရင်နေပါ…မုန်းတော့မမုန်းလိုက်ပါနဲ့"
လို့ တိုးတိုးလေးပဲ တောင်းဆိုလိုက်ပါတယ်။
No comments:
Post a Comment