"Blog ခေါင်းစဉ်လေးရဲ့ အကြောင်း"
ကျွန်မရဲ့ဘလော့ဒ်ကို ဘာလို့ "နှလုံးသား
ဒဏ်ရာများ" ဆိုတဲ့ခေါင်းစဉ်လေး ပေးရတယ်ဆိုတာကို အခုကတည်းက ရှင်းပြချင်ပါတယ်။ တစ်ချို့က
သိချင်နေကြလောက်ပြီလေ။ တစ်ချို့ကလဲ စဉ်းစားချင်ကြဦးမှာပါ။ စဉ်းစားချင်တဲ့ သူတွေကိုတော့
ကျွန်မအားနာမိပါတယ်။ ဒီတစ်ခါတော့ သိချင်နေကြတဲ့ သူတွေကို ဦးစားပေးလိုက်ပါတယ်။
ရှေးဦးစွာ ကျွန်မအကြောင်းလေးကို နည်းနည်းလောက်ပြောပြချင်ပါတယ်။
ကိုယ့်ဂုဏ်ကိုယ်ဖော်ရတော့မယ်ဆိုတော့ နည်းနည်းတော့ ရှိန်တာပေါ့လေ။း) အရင်တုန်းက ကျွန်မကတော်တော်ဆိုးတဲ့
ချာတိတ်မတစ်ယောက်ပေါ့။ ကိုယ့်ရဲ့ စိတ်ခံစားချက်ကိုပဲ ကြည့်ပြီး တခြားသူတွေကို ဂရုမစိုက်တဲ့
မိန်းကလေးတစ်ယောက်လို့ ပြောရင်လည်း မမှားပါဘူး။ အဲဒီ့လိုနဲ့ပဲ အချိန်တွေကို ဖြတ်သန်းလာခဲ့တာ
ဆယ်ကျော်သက်အရွယ်တောင် ကုန်လွန်လာခဲ့တယ်။
ကျွန်မဒီမှာ အဓိကပြောပြချင်တာက ကျွန်မနဲ့တွဲခဲ့တဲ့
ယောက်ျားလေးတွေနဲ့ ပတ်သတ်တဲ့အကြောင်းပါ။ ကျွန်မသူတို့ အပေါ်မှာ နားလည်မှုမပေးဘဲ ကိုယ့်စိတ်ကြိုက်
သူတို့ကို လှည့်စားခဲ့တယ်။ ကျွန်မကြောင့် သူတို့ နှလုံးသားမှာ ဒဏ်ရာတွေ ရသွားကြတယ်ဆိုတာ
ကျွန်မမမေးပါဘဲနဲ့ သိခဲ့ရပါတယ်။ တစ်ချို့ကလဲ မရဘူးလို့ ဖြေချင်ဖြေကြပါလိမ့်မယ်။ ဒါပေမယ့်
သေချာတာ တစ်ခုကတော့ ကျွန်မကြောင့် သူတို့ ဒဏ်ရာတွေ ရခဲ့ကြပေမယ့် သူတို့ကြောင့်တော့
ကျွန်မ တစ်ခါမှ ဒဏ်ရာမရခဲ့ဖူးပါဘူး။
ကျွန်မ အမှန်အတိုင်း ဝန်ခံရမယ်ဆိုရင် ကျွန်မရဲ့
နှလုံးသားဟာ ဒဏ်ရာအနာတရ မရရှိသေးဘဲ ရှင်သန်လာခဲ့တာ အနှစ် ၂၀ ကျော်ခဲ့ပါပြီ။ ဒါပေမယ့်
ပြီးခဲ့တဲ့ မေလကစပြီး ကျွန်မအဲဒီ့ဂုဏ်ကို မထိန်းသိမ်းနိုင်တော့ဘူး။ ကျွန်မသိသိသာသာ
သတိထားမိလိုက်တာက ကျွန်မရဲ့ နှလုံးသားမှာ ဒဏ်ရာတစ်ခု ပေါ်လာတယ်ဆိုတာပါပဲ။ ပထမတော့ အဲဒီ့ဒဏ်ရာက
ဒီအတိုင်းနေလိမ့်မယ်လို့ ထင်ခဲ့တယ်။ နောက်ပြီး ဒဏ်ရာက ပိုကြီးလာမလားဆိုပြီး စိတ်ပူနေပေမယ့်
ထင်ထားသလို ဖြစ်မလာခဲ့ဘူးလေ။ အဲဒီ့ဒဏ်ရာက ဒီအတိုင်းလဲမနေ၊ ပိုကြီးမလာပေမယ့် ပိုပွားများလာခဲ့တယ်။
နှလုံးသားက တစ်ချက်ခုန်လိုက်တိုင်း ဒဏ်ရာတစ်ခုက
ပိုတိုးသွားသလိုပဲ။ နှလုံးသားက နောက်တစ်ချက်ထပ် ခုန်လိုက်တာနဲ့ နောက်ထပ်ဒဏ်ရာတစ်ခုက
ထပ်ပြီးရှိလာခဲ့တယ်။ ကျွန်မ ဘဝမှာ...
"တစ်ခါမှ မကျရှုံးဖူးတဲ့ နှလုံးသားဟာ သူနဲ့မှ ကျရှုံးခဲ့တယ်။ တစ်ခါမှ ဒဏ်ရာမရဖူးတဲ့ နှလုံးသားဟာ သူနဲ့မှ ဒဏ်ရာတွေ ရလာခဲ့တယ်။ တစ်ခါမှ မငိုဖူးခဲ့တဲ့ နှလုံးသားဟာ သူနဲ့မှ မျက်ရည်ကျခဲ့ရတယ်။" အချိန်ကြာလာရင်တော့ ဒဏ်ရာတွေကနေ အမာရွတ်တွေအဖြစ် ပြောင်းလဲသွားတတ်ကြပါတယ်။ ဒါပေမယ့်လည်း ကျန်ရှိနေကြဆဲပါ။ အရေပြားမှာ ရတဲ့ ဒဏ်ရာကနေ အမာရွတ်ဖြစ်သွားတယ် ဆိုရင်တောင် ဆေးလိမ်းလိုက်ရင် ပျောက်သွားပေမယ့် ကျွန်မရဲ့ ဒဏ်ရာတွေကိုတော့ ဆေးလိမ်းလို့မရဘူးလေ။ နည်းမျိုးစုံနဲ့ ဒီဒဏ်ရာတွေကို ပျောက်အောင်လုပ်လို့ရတယ်ပဲ ပြောဦးတော့… ကျွန်မကုသဖို့ မကြိုးစားပါဘူး။

"ဘာဖြစ်လို့လဲဆို… သူ့ကြောင့်ရတဲ့ ဒဏ်ရာတွေကို
သူ့ရဲ့ အမှတ်တရ လက်ဆောင်အဖြစ်နဲ့ အမြဲတမ်း မြတ်မြတ်နိုးနိုးနဲ့ သိမ်းထားမှာမို့လို့ပါ။"
No comments:
Post a Comment